အားဆေးအမျိုးအစား စုံလင်လှတဲ့ ဈေးကွက်ထဲမှာ ဘယ်လိုအားဆေးကို ရွေးချယ်ရမလဲဆိုတာအရေးကြီးပါတယ်။အားဆေးရဲ့အခြေခံ မပါမဖြစ်တွေကတော့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါ။အဲဒီမှာ သံဓာတ်ပိုပါတာ၊ ဗီတာမင်စီ ပိုပါတာ၊ ဇင့်ဓာတ်ပါတာ၊ ဆီလီနီယမ် (Selenium) ပါတာ၊ တော်ရင်း (Taurine) တို့၊ လိုင်စင်း (Lysine) တို့ စသဖြင့်အပိုဆောင်းအထူးပြုထားတဲ့အားဆေးတွေလည်း စုံလို့ပါပဲ။ ကျွန်မတို့အနေနဲ့ မိမိက ဘယ်ဓာတ်ချို့တဲ့နေလဲဆိုတာ မိမိဘာသာ သိတဲ့သူတွေ ရှိနိုင်သလို မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ တချို့တွေက မိမိက ဘယ်ဗီတာမင်နှင့် မတည့်လို့အဲဒါပါတာ သောက်လို့မရဘူးဆိုပြီး သိတဲ့သူတွေလည်း ရှိပါတယ်။ များသောအားဖြင့်ကတော့ ဗီတာမင်ဘီနဲ့ မတည့်သူတွေကိုအတွေ့ရများပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ရောဂါအခံကြောင့် သံဓာတ်သောက်လို့ မရတာမျိုး၊ ပိုလျှံသွားမှာ ကြောက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်လိုဓာတ်တွေ လိုနေလဲဆိုတာ သေချာဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် ဆေးဗူးမှာပါတဲ့အတိုင်းသောက်ပါ။ လိုတာထက် မပိုဖို့ သတိထားပါ။အားဖြည့်ဆေးတွေမှာ ပါလေ့ရှိတဲ့ Super Antioxidant တွေကတော့ Vitamin A,B,C ကအမြင်အာရုံကို ကြည်လင်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။အသားအရေကိုလည်း ကြည်လင်ဝင်းပစေပါတယ်။ Zinc ကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ လက်စီသင်ကတော့ နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။ Selenium ကတော့အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေပြီးအရွယ်တင် နုပျိုစေပါတယ်။ လူတစ်ယောက်အတွက် Selenium လိုအပ်ချက်က သိပ်မများပေမဲ့ သူဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှာအဓိကနေရာက ပါဝင်အလုပ်လုပ်ပေးပါတယ်။ ဒါဆိုဘာလို့ Selenium ဓာတ်ကို ဖြည့်စွက်ဖို့ လိုပါသလဲသူ့ရဲ့ နောက်ထပ်အာနိသင်တစ်ခုဖြစ်တဲ့အင်တီအောက်ဆီးဒင့် (Antioxidant) စွမ်းရည်ကြောင့် ဖြစ်ပါတယ်။အဲဒီစွမ်းရည်ကြောင့် Selenium ဟာ ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ တချို့ကသက်သေအထောက်အထားတွေမှာ Selenium ရဲ့အစွမ်းကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။အမေရိကန်လူမျိုးတွေမှာတော့အများအားဖြင့် Selenium ချို့တဲ့တာမျိုးကတော့ ရှားပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေမှာတော့အနည်းငယ်ချို့တဲ့တာမျိုး ရှိနိုင်ပါတယ်။အထူးသဖြင့် HIV ပိုးရှိနေသူတွေ၊အူလမ်းကြောင်းရောင်ရမ်းရောဂါ တစ်မျိုးဖြစ်တဲ့ Crohn’s Disease တွေ ခံစားနေရသူတွေမှာလည်း Selenium ဓာတ်ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေကတော့အဲဒီလိုအခြေအနေရှိတဲ့သူတွေကို Selenium ဖြည့်စွက်အားဆေးသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။အရိုးအဆစ်ရောင်ရောဂါကနေ ရင်ကျပ်ပန်းနာလိုအခြေအနေတွေ၊ ဦးရေပြားဗောက်ထတာတွေနဲ့ မျိုးမအောင်ခြင်းတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်အကျိုးပြုတယ်ဆိုပြီးတော့ သေချာတဲ့အထောက်အထား မတွေ့သေးပါဘူး။ တစ်ဦးချင်းစီအတွက် တစ်နေ့တာ လိုအပ်ချက်တွေကလည်း မတူပါဘူး။ ကလေးတွေမှာဆိုရင် -အသက် ၂ နှစ်မှ ၃ နှစ် - 20 mcg/dayအသက် ၄ နှစ်မှ ၈ နှစ် - 30 mcg/dayအသက် ၉ နှစ်မှ ၁၃ နှစ် - 40 mcg/dayအရွယ်ရောက်သူများနဲ့အသက် ၁၄ နှစ်နဲ့အထက်တွေမှာ - 55 mcg/day ကိုယ်ဝန်ဆောင်တွေမှာ - 60 mcg/day နို့တိုက်မိခင်တွေမှာ - 70 mcg/day စသည်ဖြင့် လိုအပ်ပါသည်။ များသောအားဖြင့်တော့ ကျန်းမာပြီး ပုံမှန်စားနိုင်နေတဲ့ သူတွေကတော့ ကိုယ်စားနေတဲ့အစာတွေထဲကနေ Selenium ကို လုံလောက်စွာ ရရှိနိုင်ပါတယ်။အပေါ်မှာပြောခဲ့တဲ့ Selenium ချို့တဲ့သောအခြေအနေမှာ ဖြည့်စွက်စားသုံးပေးဖို့ လိုပါတယ်။ တချို့လေ့လာမှုတွေအရတော့ ဆီးကျိတ်ကင်ဆာ ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို Selenium 400 mcg လိုအပ်တယ်လို့ ဆိုပါတယ်။ တစ်နေ့ကို 400 mcg ထိသာအများဆုံးသောက်သုံးနိုင်ပြီးအဲဒီထက်ကျော်ရင်တော့အန္တရာယ်ရှိပါတယ်။ ကျွန်မတို့လိုအရှေ့တိုင်းသားတွေအတွက်တော့ တစ်နေ့ကို 60-90 mcg ခန့် စားသုံးရင် လုံလောက်ပါတယ်။ Selenium ကြွယ်ဝသောအစာများ -အခွံမာသစ်စေ့များ - ရေချိုငါး၊ ရေငန်ငါး (ဥပမာ - တူနာ၊ ငါးကြင်း၊ ငါးသလောက်) -အမဲသား၊ ကြက်ငှက်သား စတဲ့အစာတွေမှာ Selenium ကြွယ်ဝပါတယ်။ ဒါပေမဲ့ ချက်ပြုတ်စားသုံးတဲ့အခါမှာတော့ သူ့ရဲ့အာနိသင် တချို့ပျက်စီးသွားလို့ စားသောက်လိုက်တဲ့ ပမာဏအတိုင်းတော့အပြည့်အဝ ခန္ဓာကိုယ်ထဲကို မရောက်နိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ လိုအပ်တာထက် ပိုသွားရင်တော့ ဘယ်အရာမျိုးကိုမဆိုအန္တရာယ်ရှိနိုင်တာကြောင့် နားလည်တတ်ကျွမ်းတဲ့သူနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ သောက်သုံးရင် ရလဒ်ကောင်းရနိုင်ပါလိမ့်မယ်။ Credit : ဒေါက်တာရှင်းသန့်ဖြူ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။