
ထိုင်းနိုင်ငံ ဖတ်ချာဘန် စီရင်စုကအသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးတစ်ဦး ကြောင်သန်းကိုက်ခံရရာမှတစ်ဆင့် သွေးအဆိပ်သင့်ပြီး သြဂုတ်လ ၆ ရက် တနင်္လာနေ့က သေဆုံးသွားခဲ့ပါတယ်။
‘ဆူနီဆာ’ လို့အမည်ရတဲ့ မိန်းကလေးရဲ့ မိသားစုတွေဟာ ကြောင်ချစ်သူတွေဖြစ်ပြီး ကြောင်အတော်များများအိမ်မှာ မွေးမြူထားပါတယ်။ ‘ဆူနီဆာ’ ဟာအဲဒီကြောင်တွေထဲက တစ်ကောင်ရဲ့ ကြောင်သန်း ကိုက်ခံရပြီး ကိုယ်ပူခြင်း၊ ခန္ဓာကိုယ်ယားယံခြင်း၊အရိုးအဆစ်ကိုက်ခဲခြင်းနဲ့ တစ်ကိုယ်လုံး ယောင်အမ်းလာခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပါတယ်။
ဒါကို ပေါ့ပေါ့လေးပဲထားကာ ဆေးသောက်ပြီး ပုံမှန်အတိုင်း ကျောင်းတက်နေခဲ့ပါတယ်။ ဒါပေမယ့် ဝေဒနာက သက်သာမလာပဲ ပိုဆိုးလားတဲ့အတွက် မိသားစုက ဆေးရုံပြခဲ့ပါတယ်။ ဆေးရုံမှာလည်းအခြေအနေက ပိုဆိုးလာတဲ့အတွက်အခြားဆေးရုံကြီးတစ်ခုကို လွှဲပြောင်းပြီး ကုသမှုခံယူခဲ့ပေမယ့် သြဂုတ်လ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အိမ်မှာ ကြောင် ၇ ကောင်ရှိပြီးအခြားသူတွေက သူတို့အိမ်ရှေ့ လာပစ်သွားကြတာမို့ သနားလို့ ကျွေးမွေးရင်းကနေအိမ်မှာ ကြောင်တွေ များနေရတာဖြစ်ကြောင်း ‘ဆူနီဆာ’ ရဲ့အဖွားက ပြောပြပါတယ်။
အခုလို မြေးမလေး ‘ဆူနီဆာ’ သေဆုံးသွားတဲ့အခါမှာတော့ မိသားစုတွေက ကြောင်တွေကို ဆက်မမွေးတော့ပဲအခြားတစ်နေရာမှာ စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ခွေးသန်း၊ ကြောင်သန်း တွေဟာ လူတွေမှာ တွယ်ကပ်မနေနိုင်ပေမယ့် သူတို့ကိုက်တာကို ခံရတဲ့အခါမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုဝေဒနာတစ်ခုခုကို ခံစားရတတ်ပါတယ်။
ကြောင်ချစ်သူ၊ ခွေးချစ်သူများလည်း ကြောင်တွေ ခွေးတွေကို သန်းတွေ၊ လှေးတွေမရှိအောင် သန့်ရှင်းရေး ပုံမှန်လုပ်ပေးရင်း သူတို့ကို ချစ်လဲချစ် ကိုယ့်ကိုယ်ကိုလဲ ကာကွယ်ဖို့ သတိပေးချင်ပါတယ်။