ဘေဘီလေးတွေ တနေ့တခါ ဝမ်းမသွားရင် စိုးရိမ်ရသလား။
မိဘအတော်များများအနေနဲ့ မွေးကင်းစလေးတွေ၊ ကလေးငယ်လေးတွေအရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး ဂရုစိုက်ကြပါတယ်။
ကလေးငယ်တွေ ဝမ်းသွားတာများရင်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေလားလို့ စိုးရိမ်တတ်ကြသလို ဝမ်းမသွားဘဲနေရင်လည်း ဝမ်းချုပ်နေလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဆေးပညာအရ သတ်မှတ်ထားတာကတော့ လူတယောက်ဟာ တပတ်မှာအနည်းဆုံး ဝမ်းသုံးကြိမ် သွားရပါမယ်။အဲ့လိုမှ မသွားဘူးဆိုရင်တော့ ဝမ်းချူပ်တယ်လို့ သတ်မှတ်ပါတယ်။
သို့သော် ဝမ်းချူပ်ခြင်းဆိုတဲ့အနက်အဓိပ္ပာယ်က တော်တော်ကျယ်ပြန့်ပါတယ်။ သွားတဲ့ဝမ်းဟာ ခြောက်ကပ်မာခဲနေပြီး ဝမ်းသွားဖို့တအားညှစ်နေရတာကိုလည်း ဝမ်းချူပ်တယ်လို့ ပြောနိုင်သလို ဝမ်းသွားပြီးနောက်အထဲမှာ ဝမ်းကျန်နေသလိုမျိူး ခံစားရရင်လည်း ဝမ်းချူပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဝမ်းချုပ်ခြင်းဟာ ကလေးငယ်တွေမှာအဖြစ်များတဲ့ကိစ္စတခုဖြစ်ပါတယ်။
ကလေးငယ်တွေဟာ
–အမျှင်ဓါတ်ပါတဲ့အစားစာတွေကို (ဟင်းသီးဟင်းရွက်)အစားနည်းတာ
–အရည်သောက်နည်းတာ
– နို့စို့ကလေးငယ်တွေဆိုပါက သူတို့ရဲ့မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်အစားနည်းပြီး ကောက်ညှင်းလိုမျိုး ဝမ်းမာစာတွေအစားများတာ
– မိဘတွေကအိမ်သာသွားတတ်အောင် သေချာမလေ့ကျင့်ပေးတာတွေကြောင့် ဝမ်းချုပ်ခြင်းဖြစ်နိုင်ပါတယ်။
မိခင်နို့ကနေ နို့ဗူးပြောင်းတိုက်တဲ့အခါ၊ ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါ၊ ခရီးသွားတဲ့အခါ၊ ကျောင်းစတက်တဲ့အခါ၊ စိတ်ဖိစီးစရာများတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင်အူလမ်းကြောင်းကြွက်သားတွေနဲ့အာရုံကြောတွေကို ထိခိုက်စေတဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခုရှိတာ၊ သိုင်းရွိုက်ဟော်မုန်းအားနည်းတာ၊ ကျောရိုးအာရုံကြောမကြီးမှာ မွေးရာပါချို့ယွင်းချက်တခုခုရှိတာ စတဲ့အခြေအနေတွေကြောင့်လည်း ဝမ်းချုပ်ခြင်းဖြစ်နိုင်ပါတယ်။
သို့သော် ကလေးငယ်လေးတွေရဲ့အူလမ်းကြောင်းကြွက်သားတွေဟာ မွေးစကနေ တနှစ်အရွယ်ထိ ဖွံ့ဖြိုးဆဲကာလမှာပဲ ရှိသေးတဲ့အတွက် ကလေးငယ်တွေဟာအသက်တနှစ်ထိကို ဝမ်းသွားပုံက ပုံမှန်မဟုတ်တတ်ပါ။
အကြမ်းဖျင်းအနေနဲ့ပြောရရင် ကလေးငယ်အများစုဟာ တနေ့ကို နှစ်ကြိမ် လောက် သွားတတ်ပါတယ်။ သို့ပေမယ့် တခါတရံမှာ တရက်ကို လေးငါးကြိမ်လောက်သွားတာမျိုးလည်းရှိသလို တပတ်လောက်ထိကို ဝမ်းမသွားတာမျိုးလည်းရှိပါတယ်။
တရက်ကို လေးငါးကြိမ်သွားတိုင်း ဝမ်းလျှောတယ်ပြောမရသလို တပတ်လောက်ထိ ဝမ်းမသွားတိုင်းလည်း ကလေးငယ်ဝမ်းချုပ်နေပြီလို့သတ်မှတ်မရပါ။
ဒီအထိဖတ်ပြီး မိခင်တွေအနေနဲ့ ဒါဆို ကလေးက သုံးလေးရင် ဝမ်းမသွားရင် တပတ်လောက်ဝမ်းမသွားရင်လည်းမစိုးရိမ်ရဘူးလား၊ ဆေးခန်းပြဖို့မလိုဘူးလားလို့ မေးစရာရှိပါတယ်။
ဝမ်းမသွားတာနဲ့အတူ ကလေးငယ်ဟာ မလန်းတာ၊ မှိန်းတာ သို့မဟုတ် ဂဏှာမငြိမ်ဖြစ်ပြီးအီနေတာ၊ ဗိုက်ကြီးဖောင်းလာတာ၊အစားကောင်းကောင်းမစားတာ၊ နို့ကောင်းကောင်းမစို့တာ၊ ဝမ်းထဲသွေးပါတာ တွေဖြစ်လာရင်တော့ စိုးရိမ်ရပြီး နီးစပ်ရာဆေးရုံဆေးခန်း ပြဖို့လိုပါတယ်။
ငါးရက် ဆယ်ရက်အကြာမှ ဝမ်းတခါသွားတာမျိုး မကြာခဏဖြစ်နေရင်လည်း ဆေးခန်းပြဖို့လိုပါတယ်။
မိဘတွေအနေနဲ့ ဝမ်းချုပ်နေတဲ့ကလေးကို မိမိသဘောနဲ့မိမိ ဝမ်းချူတာ၊ ဝမ်းနုတ်ဆေးတွေတိုက်တာမျိုး လုံးဝမလုပ်ပါနဲ့လို့အဆုံးသတ်အနေနဲ့မှာချင်ပါတယ်။
Dr 528
မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။
မွေးကင်းစကလေးတွေရဲ့ ပုံမှန်ပေါင်ချိန်ဟာ ၇ ပေါင် ၁၁အောင်စ ဖြစ်ပါတယ်။
မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၅ ပေါင် ၈အောင်စအောက်နည်းနေတယ်ဆိုရင် ထိုကလေးငယ်ကို ပေါင်ချိန်မပြည့်တဲ့ကလေးငယ် (Low birth weight infant) လို့သတ်မှတ်ပါတယ်။
တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၈ ပေါင် ၁၃အောင်စ ထက်များနေတယ်ဆိုရင်တော့ ထိုကလေးငယ်ကို ပေါင်ချိန်လွန်တဲ့ကလေး သို့မဟုတ် ပုံမှန်အရွယ်အစားထက် ကြီးတဲ့ကလေး (Big baby) လို့သတ်မှတ်ပါတယ်။
ပေါင်ချိန်လွန်တဲ့ ကလေး၊အရွယ်အစားကြီးတဲ့ ကလေးမွေးလာရင် ကျန်းမာရေးဗဟုသုတနည်းတဲ့ မိခင်ဖခင်အများစုက ပျော်တတ်ကြပါတယ်။
ကိုယ့်ကလေးက သူများကလေးထက်ကြီးတယ်၊ ထွားတယ် ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုပြီး ဂုဏ်ယူတတ်ကြပါတယ်။
တကယ်တော့ ပေါင်ချိန်လွန်၊အရွယ်အစားကြီးတဲ့ ကလေး (Big baby) မွေးလာတာဟာ ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးလာသလိုပဲ ဆိုးကျိုးတွေရှိပါတယ်။
ကလေးက ပုံမှန်ထက်အရွယ်အစားကြီးတာကြောင့် မွေးတဲ့အခါမှာ မွေးရခက်တာ၊ မွေးချိန်ကြာတာ၊ လေစုပ်၊ ညှပ်ဆွဲမွေးရတာ မျိုးတွေဖြစ်နိူင်ပါတယ်။
ဒီအခါ မိခင်ရဲ့မွေးလမ်းကြောင်းစုတ်ပြဲမှုများပြီး သွေးဆင်းများတာ၊ ကလေးခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ကလေးပခုံးအဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။
အများအားဖြင့်တော့ ကလေးကြီး (Big baby) တွေဟာ ရိုးရိုးမွေးရလေ့မရှိတတ်ဘဲ ခွဲမွေးရလေ့ရှိတတ်ပါတယ်။
အောင်အောင်မြင်မြင်မွေးပြီးလို့ မိခင်ဝမ်းအပြင်ရောက်တဲ့အခါမှာ ကလေးကြီးအတော်များများဟာ သွေးတွင်းသကြားဓါတ် ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။
သွေးတွင်းသကြားဓါတ်အလွန်အမင်းကျတာကိုအချိန်မှီမသိ ကုသမှုမခံယူပါကအသက်ဆုံးရှုံးသည်အထိအန္တရာယ် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မွေးပြီးပြီးချင်းမှာ သွေးတွင်းသကြားဓါတ်ကို ဖောက်စစ်ဖို့လိုပြီး စောင့်ကြည့်မှုတွေလုပ်ကာ လိုအပ်သလို သွေးတွင်းသကြားဓါတ်ကို စစ်နေဖို့လိုပါတယ်။
မွေးပြီးနာရီဝက်အတွင်းမှာ မိခင်နို့တိုက်ဖို့ လိုပါတယ်။
ဒါ့အပြင် ကလေးကြီးတွေဟာအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပါလာနိုင်သလို၊အသားဝါဝင်နိုင်ခြေလည်း များပါတယ်။
နောက်ပိုင်းမှာလည်းအသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ပေါင်ချိန်လွန်၊အရွယ်အစားကြီးတဲ့ ကလေးမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့
– ဆီးချိုရောဂါအခံရှိတာ
– ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တာ
– ကိုယ်ဝန်ဆောင်ချိန်အဝလွန်တာ
– ခန့်မှန်းမီးဖွားရက်ထက် တပတ် သို့မဟုတ် နှစ်ပတ် ကျော်ပြီးမှမွေးတာ
–အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရတာ
–အရင်ကအရွယ်အစားကြီးတဲ့ ကလေးမွေးဖူးတာ စသဖြင့်အကြောင်းတွေအများကြီးရှိပါတယ်။
အရွယ်အစားကြီးတဲ့ ကလေးမွေးနိုင်ခြေနဲအောင်အောက်ပါအချက်တွေကို ဂရုစိုက်လိုက်နာဖို့အကြံပေးချင်ပါတယ်။
– ကိုယ်ဝန်အပ်ပါ။
–အပ်တဲ့ဆီကချိန်းတိုင်း မှန်မှန်ပြပါ။
– ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုမတက်အောင် ဂရုစိုက်ပါ။
–အဝမလွန်ပါစေနဲ့။ ကိုယ်အလေးချိန်ကို ထိန်းပါ။
– ကိုယ်ဝန်ဆောင်ချိန်မှာအသား ငါး ဟင်းရွက်မျှတအောင် စားပါ။
– ကလေးတအားထွားအောင်ဆိုပြီးအလွန်အကျွံ စားတာမျိုးမလုပ်ပါနဲ့။
–အချိုများတဲ့အစားစားတွေ၊ ဆီေြက်ာတွေ၊ ရယ်ဒီမိတ်အသင့်စားအစားစာတွေအချိုရည်တွေကိုရှောင်ပါ။
Dr 528