အသားပိုအကြောင်း သိကောင်းစရာ
ondoctor.com.mm
|
2019-08-07



အသားပိုအကြောင်း သိကောင်းစရာ

အသားပိုဆိုတာဟာအရေပြားပေါ်မှာဖြစ်လာတဲ့ သေးငယ်ပျော့အိသောအသားဖုလေးတွေဖြစ်ပါတယ်။

ဒီအသားလုံးလေးတွေမှာအညှာတံလေးရှိပြီးအဲ့အညှာတံလေးနဲ့အရေပြားကို တွယ်ကပ်ထားပါတယ်။

အသားပိုဆိုပေမယ့် သူ့မှာသွေးကြောနဲ့အာရုံကြောတွေရှိတာကြောင့် ထိခိုက်မိပါက နာကျင်မှုကိုခံစားရပြီး သွေးထွက်နိုင်ပါတယ်။

အသားပိုတွေဟာ သက်လတ်ပိုင်းအရွယ်တွေ (၄၀၊ ၅၀အရွယ်တွေ) မှာအဖြစ်များလေ့ရှိတတ်ပြီး ဖြစ်နိုင်ခြေနှုန်းကတော့အမျိုးသားရောအမျိုးသမီးရောအတူတူပဲဖြစ်ပါတယ်။

အမျိုးသားမှာ ပိုဖြစ်တယ်၊အမျိုးသမီးမှာပိုဖြစ်တယ် ဆိုပြီးမရှိပါ။

မျက်ခွံ့၊ ချိုင်းကြား၊ ပေါင်ကြား၊ ရင်သားအောက်၊ ရင်ခေါင်းပိုင်း၊ လည်ပင်းနဲ့ မျက်နှာနေရာတွေမှာအဖြစ်များပါတယ်။

အရောင်အနေနဲ့ကတော့အသားအရောင်တိုင်းဖြစ်ပြီးအရွယ်အစားအကြီးအသေး ကွာခြားမှုရှိနိုင်ပါတယ်။

ပုံစံအနေနဲ့ကတော့ လုံးဝန်းချောမွတ်တာမျိုးလည်းဖြစ်နိုင်သလို မညီမညာပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။

အသားပိုကို ဆေးပညာအရ skin tags သို့မဟုတ် acrochordon လို့ခေါ်ပါတယ်။

အသားပိုဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ခုထိ သေသေချာချာ မပြောနိုင်သေးပါဘူး။

တချို့ပညာရှင်တွေ ယူဆတာကတော့ ကော်လာဂျင်နဲ့ သွေးကြောအစုအဝေးတွေအရေပြားအတွင်းထဲမှာ စုဝေးပြီး ပိတ်မိရာကနေတဆင့်ဖြစ်တယ်လို့ ယူဆကြပါတယ်။

လေ့လာမှုတွေအရ

– ကိုယ်အလေးချိန်များတဲ့သူတွေ

– သွေးတွင်းအဆီဓါတ် (ကိုလက်စထရောဓါတ်) များတဲ့သူတွေ

– ဆီးချိုရောဂါရှိတဲ့သူတွေ

– ကိုယ်ဝန်ဆောင်တွေ

– HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေ

မိသားစုမျိုးရိုးရှိတဲ့ သူတွေဟာဆိုရင်အသားပိုဖြစ်နိုင်ခြေများကြောင်းတွေ့ရှိရပါတယ်။

ယေဘုယျအနေနဲ့ပြောရရင်အသားပိုတွေဟာ ရိုးရိုးအရေပြားအလုံးအကျိတ်အမျိုးအစားသာဖြစ်ပြီး ကင်ဆာမဟုတ်ပါ။

ထိခိုက်မိမှသာ ရောင်ရမ်းနာကျင်တာ၊ သွေးထွက်တာဖြစ်နိုင်ပြီး ဒီအတိုင်းနေရင် နာကျင်မှုမဖြစ်သလိုအန္တရာယ်လည်းမဖြစ်စေတတ်ပါ။

ဒီအတိုင်းထားလို့ရပါတယ်။

အလှအပရေးရာကြောင့်သာ ဖယ်ရှားကြလေ့ရှိပါတယ်။

သို့သော် ယားတာ၊ သွေးထွက်တာ၊ ပုံစံပြောင်းတာ၊ ဒီအတိုင်းနေရင်းနဲ့ နာကျင်ကိုက်ခဲတာ၊ တအားကြီးလာတာ မျိုးဆိုရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။

အသားပိုဖယ်ရှားနည်းတွေအနေနဲ့တော့ ဆရာဝန်နဲ့ပြသပြီး ဆေးခန်းမှာ လျှပ်စစ်တို့ဖျက်စီးဖယ်ရှားတာ (Cauterization)၊အေးခဲစေတဲ့နည်းနဲ့ ဖယ်ရှားတာ (Cryotherapy)၊ လှီးထုတ်တာ (Excision) စသဖြင့်အမျိုးမျိုးရှိပါတယ်။

ဆေးခန်းမပြဘဲနဲ့အိမ်မှာတင်အသားပိုကိုဖယ်ရှားနိုင်တဲ့အိမ်တွင်းဆေးမြီးတိုနည်းလမ်းလေးတွေလည်းရှိပါတယ်။

သိသလောက်အိမ်တွင်းဆေးမြီးတိုနည်းတွေကို မရေးသားမှီ မှာချင်တာရှိပါတယ်။

အသားပိုဟာ မျက်လုံးအနားတဝိုက်မှာရှိရင်၊ လိင်အင်္ဂါတဝိုက်မှာရှိရင်၊အရမ်းကြီးရင်၊ နာကျင်တာ၊ သွေးထွက်တာ၊ ယားတာတွေရှိရင်တော့အိမ်တွင်းဆေးမြီတိုတွေမသုံးဘဲ ဆေးရုံဆေးခန်းပြသပါလို့မှာချင်ပါတယ်။

အသားပိုဖယ်ရှားနိုင်တဲ့အိမ်တွင်းဆေးမြီးတိုနည်းလေးတွေကို သိသလောက်ရေးသားတင်ပြရရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ လက်ဖက်စိမ်းဆီ (Tea tree oil)

လက်ဖက်စိမ်းဆီဟာအရေပြားရောဂါအတော်များများအတွက်အသုံးဝင်သလိုအသားပိုဖယ်ရှားဖို့အတွက်လည်းအကောင်းဆုံးပစ္စည်းဖြစ်ပါတယ်။

ဂွမ်းစသန့် သို့မဟုတ်အဝတ်သန့်ထဲကို လက်ဖက်စိမ်းဆီအစက်အနည်းငယ်ချပါ။ ပြီးရင် ထိုဂွမ်းစသန့် သို့မဟုတ်အဝတ်သန့် နဲ့အားအနည်းငယ်ထည့်ပြီးအသားပိုအောက်ခြေကို စက်ဝိုင်းပုံစံပွတ်ပေးပါ။

တကြိမ်လုပ်ရင် ၁၀ မိနစ်ခန့် လုပ်ပေးပါ။ ပြီးရင် တနာရီလောက်အကြာမှာ ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပါ။

တနေ့ကို သုံးကြိမ်ခန့်လုပ်ပေးပါ။

ရက်သတ္တပတ်အနည်းငယ်ကြာရင်အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

၂။ ပန်းသီးရှာလကာရည် (Apple cider vinegar)

လက်ဖက်စိမ်းဆီလိုပဲ ပန်းသီးရှာလကာရည်ဟာလည်းအသားပိုတွေကို ဖယ်ရှားဖို့ ကောင်းမွန်တဲ့ ပစ္စည်းတခုပါ။

ပန်းသီးရှာလကာရည်ကို ဂွမ်းသန့် သို့မဟုတ်အဝတ်သန့်ထည့်အစက်အနည်းငယ်ချပါ။

ပြီးရင် ထိုဂွမ်းသန့် သို့မဟုတ်အဝတ်သန့်နဲ့အသားပိုအောက်ခြေကိုအားအနည်းငယ်ထည့်ပြီး ခပ်ဆူးဆူး ခံစားမှု ဖြစ်သည်အထိ ပွတ်ပေးပါ။

တကြိမ်လုပ်ရင် ၁၀ မိနစ်ခန့် လုပ်ပေးပါ။ ပြီးရင် တနာရီလောက်အကြာမှာ ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပါ။

တနေ့ကို သုံးကြိမ်ခန့် လုပ်ပေးပါ။

ရက်သတ္တပတ်အနည်းငယ်ကြာရင်အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

၃။ ရှားစောင်းလက်ပတ် (Aloe vera)

ရှားစောင်းလက်ပတ်မှာ Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေများပြားစွာပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာအနာတွေနဲ့အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီးအရေပြားပိုးဝင်တာတွေနဲ့အသားပိုတွေကိုလည်း သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။

ရှားစောင်းလက်ပတ်အတွင်းသားကိုယူပြီးအသားပိုတွေပေါ်သုတ်လိမ်းကာ စက်ဝိုင်းပုံစံ မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးပါ။ ထို့နောက် တနာရီလောက်အကြာမှာ ရေဖြင့်ဆေးကြောပါ။

တနေ့ကို သုံးကြိမ်ခန့်ပြုလုပ်ပေးရင် ရက်သတ္တပတ်အနည်းငယ်အကြာမှာ သားပိုဟာခြောက်သွေ့ပြီးကြွေကျသွားနိုင်ပါတယ်။

၄။ ကြက်သွန်ဖြူ (Garlic)

ညအိပ်ခါနီးမှာ လတ်ဆတ်တဲ့ ကြက်သွန်ဖြူအနည်းငယ်ကို ထောင်းချေကာ ရရှိလာသော သတ္ထုရည်ကိုအသားပိုပေါ်သုတ်လိမ်းကာအုံထားပေးပါ။

ထို့နောက်အဝတ်သန့် သို့မဟုတ် ပတ်တီးသန့် နဲ့စည်းနှောင်ပြီး တညလုံးထားပါ။

မနက်ရောက်မှ ပတ်တီးဖြေပြီး ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါ။

ရက်သတ္တပတ်အနည်းငယ်အကြာမှာ သက်သာပျောက်ကင်းနိုင်ပါတယ်။

၅။ ဂျင်း (Ginger)

ဂျင်းကိုအပြားလိုက် ခပ်ပါးပါးလေး လှီးပြီးအသားပိုပေါ်ကို မိနစ်အနည်းငယ်ကြာ တနေ့ လေးကြိမ်ခန့် ပွတ်တိုက်ပေးပါ။

၆။အပ်ချည်မျှင် သို့မဟုတ် ဆံပင်ချည်ကိုအသားပိုအောက်ခြေ(အသားပိုအညှာတံ)မှာ တင်းကြပ်နေအောင်ချည်ထားပါ။

အဲ့အခါမှာအသားပိုဆီသွေးအရောက်နည်းသွားတဲ့အတွက် ရက်အနည်းငယ်အကြာမှာအရွယ်အစားတဖြည်းဖြည်းကျုံ့လာပြီး ရက်သတ္တပတ်အနည်းငယ်ကြာရင် သူ့အလိုလိုခြောက်ကာ ကြွေကျသွားနိုင်ပါတယ်။

Dr သီတာနွယ်(အမရပူရ)


#ရက်သတ္တပတ်
#ဂွမ်း
#လက်ပတ်
#အဝတ်
#ဆေးမြီးတို

Some text some message..