ဦးခေါင်းကသန်းအကြောင်း
healthcare.com.mm
|
2019-08-08


ခေါင်းကဆံပင်မှာ ဖြူဖြူအစက်အပြောက်လေးတွေ တွေ့ရရင် စိတ်ပျက်စရာပါ။ သန်းစွဲတာ ဖြစ်နိုင်တယ်။ ဦးခေါင်းကသန်းဟာအဖြစ်များတယ်။ ဒါပေမယ့် ဒုက္ခတော့ မပေးတတ်ဘူး။ လူ့အရေပြားမှာ ကပ်ပါးကောင်များ စွဲကပ်တတ်ကြပါတယ်။ ဥပမာအနေနဲ့အရေပြားဝဲရောဂါပေါ့။အဲဒီလိုပဲ သန်းစွဲကပ်တာဟာလည်းအရေပြားကပ်ပါးရောင်ရောဂါ ဖြစ်တယ်။အဖြစ်များပြီး ပေါလည်းပေါတယ်။ မိသားစုအတွင်းမှာ ကူးစက်လွယ်၊ ကူးစက်မြန်ပါတယ်။ ဦးခေါင်းသန်းဆိုတာဘာလဲ ဦးခေါင်းသန်းဆိုတာ ကပ်ပါးကောင်ပါ။ ခြေထောက်၊ ခြေချောင်းရှိတယ်။ လူရဲ့ဦးခေါင်းနဲ့ ဆံပင်မှာ တွယ်ကပ်နေပြီးအရေပြားကို ဖောက်ကာ သွေးစုပ်ယူတယ်။အရွယ်က နှမ်းစေ့လောက်ပဲရှိတာမို့အလွယ်တကူ မမြင်ရဘူး။ ဆံပင်တွေမှာ ဥထားတဲ့ဥတွေ တန်းစီကပ်နေပြီး သူတို့ကိုလည်း လွယ်လွယ် မတွေ့မြင်ရဘူး။ ဘယ်သူတွေဖြစ်တတ်လဲ ကလေးထိန်းကျောင်း၊ မူကြို၊ မူလတန်းအရွယ် ကလေးငယ်တွေမှာအများဆုံးဖြစ်ပါတယ်။ ဒီအရွယ်က စုဝေးပူးကပ်ပြီး ဆော့ကစားကြတာ၊ ဦးထုပ်၊ ဆံညှပ်၊ ဘရှပ်ရ်တွေကို ယူသုံးမိကြတာတွေကနေ ကူးစက်ကြတာပါ။ ဖြစ်တဲ့ကလေးတွေရဲ့ မိဘတွေလည်း ကူးစက်ခံနိုင်ရခြေ များပါတယ်။ ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ ကလေးငယ်အများစုမှာ ဘာခံစားမှုလက္ခဏာမှ မရှိဘူး။ ဒါကြောင့် တစ်ခါမှာတော့ ယားတာ၊ ကုတ်ချင်တာမျိုးလောက်တော့ ရှိတယ်။ သန်းကြောင့်ဖြစ်တဲ့အလာဂျီအကြောင်း ဦးခေါင်းသန်းကြောင့် ယားတာဟာ သန်းကိုက်ရာမှာအလာဂျီဖြစ်တာကြောင့်မို့ပါ။ ယားတော့ ကုတ်ဖဲ့မိတယ်။အသားပွန်းတာ ဦးရေပြားအနာဖြစ်တာမျိုး ထပ်ဖြစ်တတ်တယ်။ ဒီထက်ဆိုးရင် ဗက်တီးရီးယားပိုး ထပ်ဝင်ပြီးအနာပိုဆိုးတတ်သည်။ ဦးရေပြား နီရဲတာ၊ ရောင်တာ၊ နာကျင်တာ၊အကျိတ်ပေးတာ၊ လည်ပင်း၊အကျိတ်နာတွေဖြစ်ရင် ဆရာဝန်နဲ့ ပြရပါမယ်။ ဒါတွေဟာအရေပြားပိုးဝင်တဲ့ လက္ခဏာတွေပါ။ ဘယ်လိုကူးစက်ပျံ့နှံ့တာလဲ ဦးခေါင်းချင်း တိုက်ရိုက်ထိတွေ့မှုကနေအဓိကကူးစက်တာဖြစ်တယ်။ ဦးခေါင်းချင်း ထိ၊ ဆံပင်ချင်း ထိရာကနေ သန်းက တစ်နေရာက နောက်တစ်နေရာကို ကူးစက်သွားတာပါ။အဝတ်အစားနဲ့အခြားအသုံးအဆောင်တွေပေါ်မှာ သန်းဟာအချိန်ကြာကြာ မရှင်နိုင်ဘူး။ ခုန်လည်း မခုန်နိုင်၊ ပျံလည်းမပျံနိုင်ဘူး။ ခေါင်းဖြီးတဲ့ဘီးနဲ့ ဘရှပ်ရ်ကနေလည်း တစ်ဆင့်ခံ ကူးစက်နိုင်ပါသေးတယ်။အဲဒီခေါင်းကသန်းတွေကို ဘယ်လိုဖယ်ရှားပစ်ရမလဲ သန်းသတ်ဆေး သုံးပါ။ သန်းသတ်ဆေးတွေကို ဝယ်ယူရရှိနိုင်ပါတယ်။ ဓာတုဆေးများ၊အပင်ကနေ ထုတ်လုပ်ထားတာရောရှိတယ်။ နှစ်မျိုးစလုံးကို စိတ်ချလက်ချ သုံးနိုင်တယ်။ ဒီဆေးတွေက သန်းအကောင်ကိုပဲ သေစေပြီး သန်းဥတွေကိုတော့မသေစေဘူး။ ဆေးအညွှန်းအတိုင်း သေချာဖတ်ပြီး ဦးခေါင်းမှာ ဘယ်လောက်ကြာကြာလိမ်းရမယ်။ ဘယ်လောက်ကြာရင် ခေါင်းပြန်လျှော်ရမယ်ဆိုတာ လုပ်ဆောင်ပါ။ ပြီးရင် ၁-၂ ရက်ခေါင်းမလျှော်ရတော့ပါ။ ၄ ရက်ကနေ ၁ဝ ရက်ခန့်ကြာရင် နောက်တစ်ခါ ထပ်လိမ်းပေးပါ။ နှစ်ခါ၊ သုံးခါ ကုသပြီးမှ မပျောက်ရင် ပြသပါ။အိမ်ကနေအမြစ်ပြတ်သွားအောင် ဘယ်လိုလုပ်ပေးရမလဲအဝတ်အစားနဲ့အိပ်ရာခင်းတွေမှာ သန်းကအချိန်ကြာ မရှင်သန်ဘူးပြောခဲ့ပေမယ့် ဒါတွေကို သေချာလျှော်ဖွတ်ပေးဖို့ လိုအပ်တယ်။ ကုသမှုမစတင်မီ ၂ ရက်ကစပြီးအဝတ်တွေကို ရေနွေးနဲ့ ပြန်လျှော်ပါ။ ကလေးဆော့တဲ့အရုပ်တွေကိုတော့ ဒီအတိုင်း ဆက်လက်ပေးဆော့ ကစားနိုင်တယ်။ ဒါပေမယ့် ကလေးဟာအရုပ်နဲ့ဖက်ပြီးအိပ်တတ်ရင်တော့အဲဒီအရုပ်ကို လေပူမှုတ်စက် (Dryer) နဲ့ မိနစ် ၂ဝ ကြာအောင် မှုတ်ပေးဖို့လိုတယ်။ ဦးခေါင်းသန်းအတွက်အိမ်မှာကုနိုင်တဲ့ နည်းလမ်းတွေ ပင်တိုင်ကုသမှာ မဟုတ်ပေမယ့် ဦးခေါင်းသန်းအတွက် သင့်အိမ်မှာ ရှိတာတွေနဲ့ လုပ်ဆောင်နိုင်တာတွေ ရှိတယ်။ ပေါင်မုန့်သုတ်စားတဲ့ မေယိုနေ့စ် (Mayonnaise)၊ ရှလကာရည်နဲ့ လက်ဖက်ဆီတွေပါ။ မေယိုနေ့စ်ကို ဦးခေါင်းမှာ ထူထူသုတ်ပြီး ခေါင်းစွပ် (Shower Caps) စွပ်ပြီး တစ်ညသိမ်းထားရင် သန်းကိုအနည်းနဲ့အများ ရှင်းနိုင်တယ်။ ရှလကာရည်ကတော့ ဆံပင်မျှင်မှာ ကပ်နေတဲ့ သန်းဥတွေကို ဖယ်ရှားပေးတယ်လို့ ဆိုတယ်။ ဦးခေါင်းသန်းအတွက် နောက်ထပ်ကောင်းတာတစ်ခုက ဘီးစိပ်ပါ။ ဘီးစိပ်နဲ့တိုက်ချရင် သန်းကောင်တွေရော၊ သန်းဥတွေပါ ရှင်းကုန်တယ်။ ခက်တာတွေက ဘီးစိပ်တိုက်ဖို့အချိန်အကြာကြီး လိုုတယ်။ ခဏခဏပြန်လုပ်ပေးရတယ်။ သန်းဥတစ်ဥတောင် မကျန်အောင် တိုက်ပေးဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သေချာလုပ်ရင် ဘီးစိပ်ဟာ သန်းသေဆေးနဲ့ ရှန်ပူတွေမလိုဘဲ သန်းပျောက်နိုင်တယ်။ သန်းသေတဲ့ ရှန်ပူနဲ့ ကုသအပြီးမှာ ဘီးစိပ်နဲ့ တိုက်ချတာကအကောင်းဆုံးပါ။ ဦးခေါင်းသန်းအတွက်အယူအဆအမှားတွေ ဦးခေါင်းသန်းဟာ ညစ်ပတ်လို့ဖြစ်တာမဟုတ်ဘူး။ ဆင်းရဲသားတွေပဲ ဖြစ်တာလဲ မဟုတ်ပြန်ဘူး။ ဝင်ငွေအဆင့်မျိုးစုံ၊ လူနေမှုအဆင့်မျိုးစုံ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအခြေအနေမျိုးစုံ ဘယ်သူမဆို ကူးစက်ခံရနိုင်ပါတယ်။ သန်းဟာ ရေထဲမှာ ခြောက်နာရီလောက်တောင်အသက်ရှင်နိုင်သေးတယ်။ ဒါကြောင့် ရေမှန်မှန်ချိုးလည်း ကူးစက်နိုင်တယ်။ ကောင်းတာတစ်ခုက သန်းဟာ ကပ်ပါးကောင်ဆိုပေမယ့် နောက်ထပ်တစ်ခြားရောဂါတွေကို သယ်ဆောင်ကူးစက်စေတာ မရှိဘူး။ Credit : ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#ဦးခေါင်း
#ဘီးစိပ်
#သန်း
#သန်းဥ
#ကပ်ပါး

Some text some message..