ကိတ်နေတာမဟုတ်တဲ့ တင်ပါးအဆီတွေ ဖြေရှင်းနိုင်မယ့်အလွယ်လေ့ကျင့်ခန်း (၅) ခု
hellosayarwon.com
|
2019-08-09

ဟိတ် ယူတို့တွေအကိတ်အကိတ်နဲ့ ဂုဏ်ယူနေလိုက်ကြတာ။ တကယ့်အကိတ်ကအဆီမရှိတဲ့ ပစ္စည်းရှိလူတန်းစားကို ခေါ်တာနော်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင် တကယ်အဆီမရှိတာသေချာလို့လား။ ရင်နဲ့ တင် ကြီးနေတိုင်းအကိတ်မဟုတ်ပါဘူးလို့ ပြောလိုက်ရင် ကိတ်တုလေးတွေ စိတ်ဆိုးမှာလား။အမှန်က ယူတို့ကိုကိုယ့်ကိုယ်ကိုအကိတ်လို့ နာမည်တပ်ပြီးအဆီတွေကြားမှာ သာယာမနေစေချင်တာပါ။အလှစစ်ကို လူတိုင်းရနိုင်ပါတယ်နော်။ကိတ်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းနဲ့အားကစားကိုပဲအားကိုးရမှာပါ။ မရှိသေးတဲ့ ပိန်ပိန်ပါးပါးလေးတွေတောင်အကိတ်ဖြစ်လာနိုင်သေးတာ။အကောင်အထည် ရှိနှင့်ပြီးသား ယူတို့အတွက်ကတော့အဆီလေးချလိုက်ရင် ပြီးနေပြီလေ။ တင်ပါးမှာအဆီမရှိဘဲအလှဆုံးရှိတ်လေးဖြစ်နိုင်ဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ရင် ရလဒ်ကောင်းတွေ ရလာမယ်လို့ ယုံကြည်လိုက်ပါနော်။

တင်ပါးအဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု
(၁) ပြေးပါ

အပြေးအားကစားက တစ်ကိုယ်လုံးအတွက်အဆီကျစေတဲ့အကောင်းဆုံးလေ့ကျင့်ခန်းပါ။ တစ်ကိုယ်လုံးလှုပ်ရှားပြီး ပြေးတဲ့အခါ ခြေထောက်နဲ့ တင်ပါးက ကြွက်သားတွေကို ကျစ်လျစ်စေပြီးအချိုးကျလှပစေနိုင်ပါတယ်။အရမ်းကြီး ပြေးနိုင်မှ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက်နှုန်းနဲ့ ပြေးတာလည်းအဆင်ပြေပါတယ်။အေရိုးဗစ်ကစားနည်းထဲမှာပါဝင်တဲ့အပြေးလေ့ကျင့်ခန်းက နှလုံးနဲ့အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုလည်း သန်မာစေတယ်။အပြေးလေ့ကျင့်ခန်းအတွက်ကိုက်ညီတဲ့အားကစားဖိနပ်ကလွဲလို့ တခြားအထူးတလည် ဘာမှမလိုအပ်တဲ့အားကစားလည်းဖြစ်ပါတယ်။အဆီကျဖို့အတွက်ဆိုရင် ပြေးတာက လမ်းလျှောက်တာထက် ပိုကောင်းပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုပိုများတာကိုး။  ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် မပြေးနိုင်ဘူးဆိုရင် လမ်းလျှောက်တာဟာအစားထိုးရွေးချယ်စရာနည်းတစ်ခုပါ။

(၂) လှေကားတက်ပါ


လှေကားတက်တာက ပေါင်နဲ့ တင်ပါးကြွက်သားတွေကိုအချိုးကျကျစ်လျစ်စေပြီး နှလုံးနဲ့အဆုတ်ကို ကျန်းမာစေတဲ့အလွယ်ဆုံးနည်းပါ။သီးသန့်ကြီးလုပ်နေစရာတောင်မလိုပါဘူး၊အခြေအနေကိုလိုက်ပြီး လုပ်လို့ရတယ်လေ။ ဥပမာ ကျောင်းဖြစ်ဖြစ်၊ ရုံးဖြစ်ဖြစ်၊အိမ်ဖြစ်ဖြစ်၊ ဈေးဝယ်စင်တာဖြစ်ဖြစ် ဓာတ်လှေကားမစီးဘဲ လှေကားနဲ့တက်လို့ ရတာပဲ။ နောက်ပြီး တောင်တက်ခရီးသွားမယ်၊ ဘုရားဖူးထွက်မယ်၊ ဘုရားတွေတက်မယ်၊ ကျိုက်ထီးရိုးဘုရား ခြေလျင်တက်ရင် ကွက်တိပဲ။ လေ့လာမှုတွေအရ တစ်နေ့ကို ငါးကြိမ်အထိ လှေကားတက်တဲ့အမျိုးသမီးတွေဟာ မကောင်းတဲ့သွေးတွင်းကိုလက်စထရောပမာဏလည်း လျော့နည်းတာ တွေ့ရပါတယ်။

(၃) Squat ထိုင်ပါ

Squat ထိုင်တယ်ဆိုတာ ထိုင်ခုံမှာထိုင်နေသလို(အောက်မှာ ထိုင်ခုံမပါ) ဒူးကိုကွေး၊ လက်ကို ရှေ့တန်းတန်းဆန့်ထားပြီး နေရတဲ့ လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းက တင်ပါး၊ ခြေထောက်နဲ့ ဝမ်းဗိုက်တို့မှာရှိတဲ့ ကြွက်သားတွေအများကြီးကို တစ်ချက်တည်း ထိစေတဲ့အကွက်ပါ။ ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် -
လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့အရှေ့ဘက်ကို ဆန့်တန်းပါ။ ခြေထောက်ကို ပခုံးအကျယ်နဲ့တစ်ညီတည်းဖြစ်အောင် ခွဲရပ်ပါ။
တင်ပါးကို ကြမ်းပြင်ဆီကို နီးနိုင်သလောက်နီးအောင် ဟန်ချက်မပျက်စေဘဲ ဖြည်းဖြည်းချင်း ဒူးကွေးချပါ။ ခါးကို မတ်ထားရပါမယ်၊ ကွေးထားတဲ့ဒူးဟာ ကိုယ်မြင်နေရတဲ့ခြေမ ထက် ကျော်မနေရပါဘူး။
မတ်တပ်အနေအထားပြန်ထပါ။အစက ပြန်လုပ်ပါ။
ပိုပြီး ထိရောက်ချင်ရင် Squat ထိုင်ချိန်မှာ လက်ထဲ ဝိတ်တုံးလေးတွေ မ ထားပါ။

(၄) ဒူးကွေးလေ့ကျင့်ခန်းလုပ်ပါ



ဒီလေ့ကျင့်ခန်းက တင်ပါးဘေးခြမ်း၊ ပေါင်တံတလျှောက်ကိုအဆီကျစေနိုင်တာပါ။ နည်းကွဲအမျိုးမျိုးရှိပေမယ့်အလွယ်ဆုံးက -
ခြေထောက်ကို တင်ပါးအကျယ်နဲ့ တညီတည်းဖြစ်အောင်ခွဲရပ်ပါ။
ဘယ်ဘက်ခြေထောက်ကို ရှေ့ဘက် ကျယ်ကျယ်လှမ်းရပ်လိုက်ပါ။
ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ဒူးကို ၉၀ ဒီဂရီ ကွေးချပါ။ နောက်မှာကျန်ခဲ့တဲ့ ညာဘက်ဒူးကို ကြမ်းပြင်နဲ့ မထိပါစေနဲ့။
မူလအတိုင်းပြန်ရပ်ပါ။ ခြေထောက်ပြောင်းလုပ်ပါ။

(၅) ဘေးတစောင်းလေ့ကျင့်ခန်းလုပ်ပါ

ဘေးတစောင်းတင်ပါးလေ့ကျင့်ခန်းက တင်ပါးဘေးနဲ့ပေါင်တံကြွက်သားကျစ်လျစ်မှု၊သန်မာမှုအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
ဘေးတစောင်းလှဲပြီး ဦးခေါင်းကို လက်နဲ့ထောက်ထားပါ။ ခြေထောက်နှစ်ချောင်းလုံးကို ညီအောင်ဆန့်ထားပါ။
အရှေ့ရော၊အနောက်ရော မယိုင်စေဘဲအပေါ်ဘက်ခြေထောက်တစ်ဖက်ကို မြင့်နိုင်သလောက်မြင့်အောင် ဖြည်းဖြည်းချင်း မြှောက်ပါ။
စစချင်းအနေအထားအထိ ခြေထောက်ကို ဖြည်းဖြည်းပြန်ချပါ။ နောက်တစ်ဘက်ကို ပြောင်းလုပ်ပါ။
ပိုထိရောက်ချင်ရင် ခြေကျင်းဝတ်မှာအားထည့်ပြီး လုပ်ပါ။

အမြဲတမ်း ကျစ်လျစ်လှပချင်တယ်ဆိုရင်
နောက်ထပ် သတိထားရမယ့်အချက်လေးတွေကတော့ -
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိပါစေ။
အာဟာရမျှတပြီးအချိုးအစားတွက်ချက်ထားတဲ့ စားသောက်မှုပုံစံကိုထိန်းပါ(ကယ်လိုရီတွက်ပြီးစားပါ၊အဆီ၊အချို၊အငန်လျှော့စားပါ)။အစားကိုဖြည်းဖြည်းစားပါ။ တစ်ကြိမ်တည်းအများကြီးမစားဘဲ နည်းနည်းချင်းအကြိမ်ရေခွဲစားပါ။
စိတ်ဖိစီးမှုကို လျှော့ပါ။
အိပ်ရေးဝအောင်အိပ်ပါ။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#တင်ပါး
#လေ့ကျင့်ခန်း
#ခြေထောက်
#အဆီ
#ဒူး

Some text some message..