အပျိုစစ် မစစ် နဲ့အပျိုမြှေးပါးအကြောင်း
ဘယ်လိုအမျိုးသားဖြစ်နေနေအများစုကတော့ ကိုယ်ကသာနေချင်သလိုနေ ကဲချင်သလိုကဲခဲ့ပေမယ့် ကိုယ့်ရည်စား ကိုယ့်အိမ်ထောင်ဖက်အမျိုးသမီးကိုကျ ပါကင်ဖြစ်တာ(အပျိုစစ်ဖြစ်တာ)ကိုပဲ လိုချင်ကြပါတယ်။
အရွယ်ရောက် ယောကျ်ားလေးတွေစုံပြီဆိုတာနဲ့ စိတ်ဝင်တစားနဲ့ ဆွေးနွေးငြင်းခုံဖြစ်ကြတဲ့ကိစ္စတွေထဲကတခုကတော့အမျိုးသမီးတယောက်အပျိုဟုတ်မဟုတ်ကို ဘယ်လိုခွဲခြားသိနိုင်လဲဆိုတာပါပဲ။
တချို့ဆောင်းပါးတွေကလည်း ရင်သားကိုကြည့်ပြီးခွဲခြားနိုင်တယ်။ တင်ကိုကြည့်ပြီး ခွဲခြားနိုင်တယ်။အတူစနေတဲ့အခါမှာ မိန်းမကိုယ်က သွေးထွက်မထွက်ကို ကြည့်ပြီး ခွဲခြားနိုင်တယ် စသဖြင့်အမျိုးမျိုးရေးကြသလိုအရပ်ထဲမှာလည်းအမျိုးမျိုးပြောကြပါတယ်။
အဲ့လိုပြောတာတွေက ရာနှုန်းပြည့် မှန် မမှန်ဆိုတာကိုအတူသုံးသပ်ကြည့်ရအောင်ပါ။
ပထမဆုံးအနေနဲ့ လူပြောများတဲ့ စစအတူနေတဲ့အခါမှာ မိန်းမကိုယ်က သွေးမထွက်ရင်အပျိူမစစ်ဘူးဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပေမယ့်ရာနှုန်းပြည့် မမှန်ပါဘူး။
စအတူနေတဲ့အခါမှာ မိန်းမကိုယ်က သွေးထွက်တယ်ဆိုတာက Hymen လို့ခေါ်တဲ့အပျိုမြှေးလေးပေါက်ပြဲသွားလို့ပါ။အပျိုစင်အမြှေးပါးဆိုတာက မိန်းကလေးအင်္ဂါဝကို ဖုံးအုပ်ကာကွယ်ထားတဲ့အရေပြားအလွှာပါးလေးတစ်ခု ဖြစ်ပါတယ်။ လုံးဝကြီးပိတ်ထားတာတော့မဟုတ်ပါဘူး။
အရေပြားအလွှာပါးလေးဖြစ်တဲ့အတွက် လိင်ဆက်ဆံမှု တခုတည်းကြောင့် သာမက တခြားအကြောင်းတွေကြောင့်လည်း ပေါက်ပြဲသွားနိုင်ပါတယ်။ (ဥပမာ စက်ဘီစီးရင်းနဲ့ ခိုက်မိတာ၊ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရင်းနဲ့ ထိခိုက်မိတာ၊ မိန်းမကိုယ်ကို သန့်စင်ရင်းနဲ့ ခိုက်မိတာ၊ မိမိဘာသာ စိတ်ဖြေဖျောက်ရင်းနဲ့ ခိုက်မိတာ၊ ကျန်းမာရေးအရ လိုအပ်လို့ စမ်းသပ်ရင်းနဲ့ခိုက်မိတာ စသဖြင့်ပါ)။ ဒီလိုအခါတွေကျ စအတူနေတဲ့အခါမှာ မိန်းမကိုယ်က သွေးမထွက်နိုင်ပါဘူး။
ဒါ့အပြင် တချို့အမျိုးသမီးတွေမှာ မွေးကတည်းကအပျိုစင်အမြှေးပါးက တအားထူလွန်းပြီးမိန်းမကိုယ်ကို ပိတ်နေ(Imperforate hymen)ကာ ရာသီသွေးမပေါ်တာဖြစ်လို့အပျိုမြှေးပါးကို ခွဲစိတ်ခဲ့ရတာမျိုးရှိခဲ့ရင်လည်း စအတူနေတဲ့အခါမှာ မိန်းမကိုယ်က သွေးမထွက်တတ်ပါဘူး။
နောက်တခြားတဖက်ကနေပြောရင် စအတူနေတဲ့အခါမှာ သွေးထွက်တိုင်းလည်းအပျိုစင်လို့ရာနှုန်းပြည့် ပြောမရပြန်ပါဘူး။အတူနေတဲ့ပုံစံပေါ်မှုတည်ပြီးအပျိူမြှေးမရှိလည်း သွေးထွက်နိုင်ပါတယ်။ ရာသီပေါ်ချိန်မှာအတူနေခဲ့မိတာမျိုးဆိုရင်လည်း သွေးထွက်တာပါပဲ။
မီးယပ်နဲ့ဆိုင်တဲ့ ရောဂါတခုခုရှိနေရင်လည်းအတူနေပြီးတိုင်း သွေးထွက်တာမျိုး ဖြစ်နိုင်ပါသေးတယ်။ ဒုတိယအချက်အနေနဲ့ ရင်သားကိုကြည့်ပြီးခွဲခြားတာကို ပြောချင်ပါတယ်။
အပျိုမဟုတ်တော့ရင် ရင်သားတွေကြီးလာတယ်လို့အရပ်ထဲမှာ ပြောကြပါတယ်။ ဒါဟာမှားပါတယ်။ ရင်သားကြီးလာတိုင်းအပျိုမဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သို့မဟုတ် ဝလာတာကြောင့်လည်း ရင်သားတွေရဲ့အရွယ်အစားက ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားအရွယ်အစားကို ကြည့်ရုံနဲ့လည်းအပျိုစစ်မစစ်ပြောလို့မရပါဘူး။
တတိယအချက်အနေနဲ့ကတော့ တင်ကိုကြည့်ပြီး ခွဲခြားတာကို ပြောချင်ပါတယ်။ လိင်ဆက်ဆံဖူးတဲ့မိန်းကလေး တင်ပါးက ပြားသွားတယ်လို့လည်းပြောတတ်ကြပါတယ်။ ဒါလည်းမှားပါတယ်။အိမ်ထောင်သည် ကလေးတယောက်အမေဖြစ်ပေမယ့် လုံးဝန်းလှပတဲ့ တင်ပါးနဲ့ မိန်းကလေးတွေအများကြီးပါ။(ဖေ့ဘွတ်ဆယ်လီထဲမှာတောင်ရှိပါတယ်)
အတူနေဖူးရုံနဲ့ တင်ပါးရဲ့ တင်းမာမှုက ပျက်စီးသွားတာမဟုတ်ပါဘူး။ ပြီးတော့ တင်ပါးပြားနေပေမယ့် တခါမှအတူမနေဖူးတဲ့အပျိုစင်တွေလည်းအများကြီးပါ။ ဆက်ဆွေးနွေးမယ်ဆို တခြားအချက်တွေလည်း ပြောစရာအများကြီး ကျန်ပါတယ်။ သို့သော် သေချာပြောနိုင်တာတခုကတော့ ဘယ်အချက်ကမှအပျိုစစ် ဟုတ်ပါတယ်ဆိုတာကို ၁၀၀ ရာနှုန်းခွဲခြားမပေးနိုင်ပါဘူး။
အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ လူငယ်အိမ်ထောင်ရှင်အမျိုးသားတွေအနေနဲ့ မိမိချစ်လို့ ယုံကြည်လို့ ရွေးချယ်ထားခဲ့ပြီးမှတော့ မိမိလက်တွဲဖော်အပေါ်မှာအပျိုစစ်လား မစစ်လား စိတ်စနိုးစနောင့်ဖြစ်မနေဘဲ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးအရှည်ကြီးမှာ တဦးနဲ့တဦး နားလည်မှုတွေ၊ ကြင်နာမှုတွေ နဲ့ ဖေးမကူညီ လက်တွဲသွားဖို့ တခုကိုပဲ ဦးစားပေးစဉ်းစားကြပါလို့ တိုက်တွန်းအကြံပေးချင်ပါတယ်။
Author : Dr. 528