အသက်ငယ်ငယ်လေးနဲ့ ဗိုက်အောင့်လို့ ဆေးရုံရောက်လာတယ်၊အကြောင်းရင်းလည်း သေချာမသိဘဲ ရုတ်တရက်ထဖြစ်တယ်၊ မခံမရပ်နိုင်အောင့် ဗိုက်အောင့်တယ်၊ ချက်ရဲ့ ဘေးပတ်ပတ်လည်ကနေအောင့်နေတယ်ဆိုရင်တော့အူအတက်ရောင်တာ သေချာသလောက် ဖြစ်နေပါပြီ။ ဒီပြဿနာကအသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်တတ်တဲ့ ပြဿနာမို့အရေးရယ်အကြောင်းရယ်ဆို ပျာယာခတ်မနေဘဲ ဘယ်လိုလုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
ဝမ်းဗိုက်ရဲ့အပေါ်ဘက်နား၊ ညာဘက်အောက်နား ဒါမှမဟုတ် ချက်ရဲ့ ဘေးပတ်ပတ်လည်မှာ မခံမရပ်နိုင်အောင် နာကျင်တာ
အစာစားချင်စိတ် မရှိတာ
မစာမကြေသလို ဖြစ်နေတာ
မူးဝေတာ
အော့အန်တာ
ဝမ်းလျှောတာ
ဝမ်းချုပ်တာ
ဗိုက်က ဖောရောင်နေတာ
လေမလည်နိုင်တာ
အဖျားလေး နည်းနည်းရှိတာ စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ ဖြစ်ကာစမှာတော့ လူနာက ရိုးရိုးဗိုက်နာတာလောက်ပဲ ခံစားရမှာပါ။အချိန်ကြာလာတာနဲ့အမျှ နာတဲ့ဒဏ်က ပိုပြင်းထန်လာမယ်။အစပိုင်းမှာ ဗိုက်အပေါ်ပိုင်းနဲ့ ချက်ရဲ့ ပတ်ပတ်လည်မှာ နာကျင်နေပြီး နောက်ပိုင်း ညာဘက်အောက်ခြမ်းကို နာတဲ့နေရာရွေ့လာမယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းအများကြီးသွားမယ်။ မူးပြီးအန်မယ်။အခြေအနေဆိုးလာတဲ့အချိန် ဘာမှလှုပ်လို့မရတော့အောင် ဖြစ်ပြီး ဗိုက်ကအောင့်လာမှာပါ။
ဘာကြောင့်အူအတက်ရောင်တာလဲ။
အူအတက်ရောင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။အဓိကဖြစ်ရတာကတော့အူအတက်က တစ်ခုခုနဲ့ ပိတ်မိနေတာကြောင့် ဘက်တီးရီးယားပိုးတွေ တွယ်ပြီး ရောင်လာတာပါ။
ဝမ်းအမာတွေ စုနေတာ
အူမှာ တုတ်ကောင်၊ သန်ကောင်တွေ များနေတာ
ပြန်ရည်ကြောမှာရှိတဲ့ တစ်သျှူးအစတွေ ကြီးလာတာ
အူမှာအကျိတ်ဖြစ်နေတာ
တစ်ခုခုနဲ့ ထိခိုက်မိတာကြောင့်အူအတက်ပိတ်ပြီး ရောင်လာတာဖြစ်ပါတယ်။ အူအတက်မှာ သွားပြီးပိတ်တာနဲ့ ဘက်တီးရီးယားပိုးတွေကအထဲမှာ ပွားလာပြီးတော့ ရောင်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တည်တာ၊ ဗိုက်ထဲမှာတစ်ခုခု ဖိပြီးခံနေတာမျိုးခံစားရနိုင်ပါတယ်။
အူအတက်ရောင်နေပြီလို့ သံသယရှိပြီဆိုရင် ဘာလုပ်ကြမလဲ။
၁။ လူနာအနေနဲ့ မခံမရပ်နိုင်အောင် နာနေတယ်၊ ဗိုက်နာတာလည်း ၂နာရီ ၃နာရီလောက်ရှိပြီး ဘာဆေးသောက်သောက် မပျောက်ဘူးဆိုရင် ဗိုက်ကိုအရင်ဆုံးစမ်းကြည့်ပါ။ ၂။ ဝမ်းဗိုက်အပေါ်နား၊ ချက်ရဲ့ ပတ်ပတ်လည်မှာအနည်းငယ်ဖောရောင်နေတာမျိုးတွေ့ရပြီဆိုရင် ဆေးရုံကိုအမြန်ဆုံးပို့ပါ။ ၃။အူအတက်ဆိုတာ ဆေးသောက်ရုံနဲ့ ပျောက်တာမဟုတ်တဲ့အတွက် ခွဲစိတ်ဖို့လိုပါတယ်။ ၄။အရင်ဆုံးအရေးပေါ်ခန်းရောက်တဲ့အခါ ဆရာဝန်အနေနဲ့အခြေအနေကို သုံးသပ်ပြီးအူအတက်ရောင်တာသေချာပြီဆိုရင်အရင်ဆုံးအနာသက်သာစေမယ့် ဆေးတစ်မျိုးမျိုး ထိုးပေးပါလိမ့်မယ်။ ပြီးသွားရင်အချိန်ခဏစောင့်ပြီးမှ ခွဲစိတ်မှာဖြစ်ပါတယ်။ ၅။အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် ခါးရိုးထုံဆေးကိုပဲ ပေးပြီး ခွဲစိတ်ဖို့ ပိုများပါတယ်။ ၆။ မခွဲခင်မှာ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ သောက်နေတဲ့ ဆေးတွေအကုန် ကျန်းမာရေးစောင့်ရှောက်သူတွေကို ပြောပြထားဖို့ လိုပါတယ်။
ဘယ်လောက်ကြာရင် ခွဲစိတ်ထားတဲ့အနာကျက်မှာလဲ။
ခွဲပြီး ၃ရက်မှ တစ်ပတ်အတွင်းတော့ ဆေးရုံမှာပဲ သေချာအနားယူဖို့ လိုပါတယ်။ ဒီအတောအတွင်းမှာအမာစာလည်း လုံးဝစားလို့မရသလိုအရည်ကိုပဲ နည်းနည်းစီ သောက်သွားရမှာဖြစ်ပါတယ်။ ထသွားထလာအတွက် လူနာရှင်တစ်ယောက်အနားမှာစောင့်ကြည့်နေဖို့ လိုပါတယ်။ ဆေးရုံကဆင်းပြီးတဲ့အခါအလေးအပင်မတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ လုံးဝနားထားဖို့လိုသလိုအပြင်ကို သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။အခန့်မသင့်ရင် ချုပ်ရိုးပြေပြီး ပိုးဝင်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ လုံးဝနေလို့ထိုင်လို့ ကောင်းသွားပြီဆိုရင် ဆေးခန်းကိုအရင်သွားပြပြီးမှ ဆရာဝန်ခွင့်ပြုချက်နဲ့အလုပ်ပြန်ဆင်းလို့ရပါပြီ။ ချုပ်ထားတဲ့အနာက တစ်လကနေ နှစ်လအတွင်း ပြန်ကျက်ပြီးအပြင်းအထန်အားကစားလုပ်တာကိုအနည်းဆုံး နှစ်လလောက် နားထားဖို့လိုပါတယ်။ ခွဲစိတ်ပြီး ၆လလောက်ကြာပြီဆိုရင်တော့အနာလုံးဝကျက်ပြီလို့ ဆိုနိုင်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။