သွေးကင်ဆာစတင်ဖြစ်ပွားပုံနှင့် ရောဂါလက္ခဏာများ
healthcare.com.mm
|
2019-08-14


ခန္ဓာကိုယ်၏အရိုးအများစုထဲတွင်ရှိသော နူးညံ့သည့် တစ်သျှူးတစ်မျိုးဖြစ်သည့် ရိုးတွင်းခြင်ဆီမှစတင်၍ သွေးများကင်ဆာဖြစ်ပွားခြင်းကို သွေးကင်ဆာရောဂါဟုခေါ်သည်။ သွေးကို ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်ခြင်းဖြစ်သည်။ သွေးဖြူဥများသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် တိုက်ဖျက်ကာကွယ်ရာတွင် ကူညီပေးသည်။ သွေးနီဥများက ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးသို့အောက်ဆီဂျင်သယ်ဆောင်ပေးသည်။ သွေးတိတ်စေသော ပန်းကန်ပြားပုံ ကလာပ်စည်းဆဲလ်များက သွေးထွက်သောအခါ သွေးခဲ၊ သွေးတိတ်စေရန် ကူညီပေးသည်။ သွေးကင်ဆာရောဂါ ခံစားနေရချိန်တွင် ရိုးတွင်းခြင်ဆီက ပုံမှန်မဟုတ်သော သွေးဖြူဥအများအပြား စတင်ထုတ်လုပ်ပြီး ယင်းကို သွေးကင်ဆာဆဲလ်များဟု ခေါ်သည်။ ယင်းသွေးဖြူဥများသည် သာမန်သွေးဖြူဥများ၏ လုပ်ဆောင်ချက်များကို မပြုလုပ်ကြပေ။ သာမန်သွေးဥများထက် လျင်မြန်စွာကြီးထွားပြီး ကြီးထွားမှုရပ်သင့်သောအချိန်တွင် မရပ်တန့်ကြပေ။အချိန်ကြာလာလျှင် သွေးကင်ဆာဆဲလ်များကအရေအတွက်အများအပြားနေရာယူကာ သာမန်သွေးဖြူဥများကို တိုက်ထုတ်ပစ်နိုင်သည်။ ယင်းအခြေအနေကြောင့် သွေးအားနည်းခြင်း၊ သွေးထွက်ခြင်းနှင့် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းတို့ကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿနာများသို့ ဦးတည်သွားနိုင်သည်။ သွေးကင်ဆာ ဆဲလ်များသည်အခြားသောအင်္ဂါအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့ ဖြစ်ပွားနိုင်ပြီး ရောင်ရမ်းခြင်း (သို့မဟုတ်) နာကျင်ခြင်း ကြုံရတတ်သည်။ မတူညီသော သွေးကင်ဆာအမျိုးအစားများစွာရှိပြီး ယေဘုယျအားဖြင့် ရောဂါလျင်မြန်စွာ ပြင်းထန်မှုအပေါ်အခြေခံ၍အုပ်စုခွဲ ခြားသတ်မှတ်လေ့ရှိသည်။ သွေးကင်ဆာဖြစ်ရသည့်အကြောင်းရင်းကို ပညာရှင်များမသိရသေးပေ။ သို့သော် ရေဒီယိုသတ္တိကြွမှုပမာဏအများအပြားနှင့် ထိတွေ့ခြင်း၊အလုပ်နေရာတွင်အချို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့မှာ ကင်ဆာဖြစ်နိုင်သောအန္တရာယ်များဖြစ်သည်။ သွေးကင်ဆာအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာများလည်း ကွဲပြားနိုင်သည်။ ကြုံတွေ့ရမှုအများဆုံးရောဂါလက္ခဏာများမှာလည်ပင်း၊ လက်မောင်းအောက် (သို့မဟုတ်) ပေါင်ခြံတွင်အကျိတ်ရောင်ရမ်းခြင်း၊ မကြာခဏ နှာခေါင်းသွေးလျှံခြင်း၊အူမကြီး (သိ့ုမဟုတ်) သွားဖုံးများမှ သွေးယိုခြင်း၊ မကြာခဏပွန်းပဲ့ဒဏ်ရာရ ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် သွေးအလွန်အကျွံဆင်းခြင်းတို့ ဖြစ်သည်။ ထို့အပြင် မကြာခဏအဖျားတက်ပြီး ညအချိန်ဇောချွေးပြန်ကာအရိုးထဲမှ နာကျင်လေ့ရှိသည်။အကြောင်းရင်းမသိဘဲအစာစားချင်စိတ်မရှိခြင်း (သို့မဟုတ်) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်းတို့ ကြုံနိုင်သည်။အကြောင်းရင်းမသိရဘဲအလွန်အမင်းမောပန်းလေ့ရှိကာ ဝမ်းဗိုက်ဘယ်ဘက်နေရာတွင် ရောင်ရမ်းပြီး နာကျင်မှုခံစားရတတ်သည်။ သွေးကင်ဆာအများစုကို ဓာတုကုထုံးဖြင့်အဓိကကုသလေ့ရှိ ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ပင်မဆဲလ်အစားထိုးကုသခြင်း နှင့် ကင်ဆာပြန့်ပွားမှုကို တားဆီးသော ဆဲလ်ဖြင့် ကုသခြင်း နည်း လမ်းများဖြင့် ကုသနိုင်သည်။ Credit : WebMed   သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#သွေး
#ကင်ဆာ
#ရိုးတွင်းခြင်ဆီ
#ဆဲလ်
#ခြင်း

Some text some message..