ရှားစောင်းလက်ပတ်အကြောင်း သိကောင်းစရာ
ondoctor.com.mm
|
2019-08-15



ရှားစောင်းလက်ပတ်အကြောင်း သိကောင်းစရာ

ရှားစောင်းလက်ပတ်ကိုအင်္ဂလိပ်လို့ Aloes သို့မဟုတ် Aloe vera လို့ ခေါ်ပါတယ်။ ရုက္ခဗေဒ နာမည်ကတော့ Aloe vera Linn ပါ။ မျိုးရင်းကတော့ Aloeaceae ပါ။

မိုးနည်းပြီး ခြောက်သွေ့တဲ့ နေရာဒေသတွေမှာ ရှင်သန်ကြီးထွားပါတယ်။အထူးသဖြင့်အာဖရိက၊အိန္ဒိယနဲ့ တခြား ပူပြင်းခြောက်သွေ့တဲ့ နေရာတွေမှာ ရှားစောင်းလက်ပတ်ပင်ကိုအများဆုံးတွေ့ရလေ့ရှိပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို မြန်မာနိုင်ငံမှာ သဘာဝပေါက်ပင်အနေနဲ့ လည်းတွေ့နိုင်သလို စိုက်ပျိုးပင်အနေနဲ့လည်း တွေ့နိုင်ပါတယ်။

အရည်ရွှမ်းသော နှစ်ရှည်ခံပင်အမျိုးအစား ဖြစ်ပါတယ်။အရည်ရွှမ်းသောအရွက်လက်တံများသည်အပင်ရင်းမှ စုပြုံပြီး ဖြာထွက်ပါတယ်။အပေါ်မျက်နှာပြင်သည်အနည်းငယ်ခွက်ပြီး ရွက်ထိပ်ပိုင်းသည် ချွန်သွားကာ ရွက်အနားလေးတွေမှာ ဆူးကလေးတွေရှိပါတယ်။

ထိုအရွက်လက်တံများသည် ရေဓါတ်ကို စုပ်ဆွဲထားသဖြင့် စိမ်းစိုပြီး တာရှည်ခံသည်။အပြင်မှာအစိမ်းရောင်ရှိပြီးအတွင်းထဲတွင် ဖြူချွဲသောအသားများပြည့်လျက်ရှိသည်။ ဆေးဖော်တာတို့ ကျန်းမာရေးအတွက်တို့အသုံးပြုမယ်ဆိုပါကအတွင်းတွင်ရှိသောအသားကိုခြစ်ယူပြီး သုံးကြပါတယ်။

ရှားစောင်းလက်ပတ်မှာ Aloin, Barbaloin, aloe emodin, resins, tannis, polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ဒီလိုဓါတ်တွေ များပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာအနာတွေ နဲ့အပူလောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီးအရေပြား ပိုးဝင်တာအချို့ကိုလည်း သက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။ သွေးထဲမှာရှိတဲ့အဆီဓါတ်ကိုလည်း ကျစေနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ကို ယိုထိုးကာ နေ့စဉ်စားပေးမယ်ဆိုရင် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေများပြားစွာ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြင့်တက်စေကာအသားအရေစိုပြေပြီး နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့အသားအရေ လောင်တာကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ဒါ့ပြင်အကောင်တခုခု ကိုက်လို့ ရောင်ရမ်းတာ ယားယံတာတွေရှိရင်လည်း ရှားစောင်းလက်ပတ်အတွင်းအဖြူသားအချွဲကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

မြန်မာဆေးအဘိဓါန်မှာ ရှားစောင်းလက်ပတ်၏အရသာသည်အေးပြီးခါးသည်။ ဝမ်းသွားစေသောအာနိသင်ရှိသည်။ လေကို နိုင်စေသည်။ မီးယပ်သွေးကို မှန်စေသည် လို့ ရေးသားဖော်ပြထားပါတယ်။အခုနောက်ပိုင်းမှာဆိုရင် ရှားစောင်းလက်ပတ်ကို ယိုထိုးစားတာ ဆေးဖော်စပ်တာတွေအပြင် သောက်ဖို့ဖျော်ရည်အနေနဲ့ပါ ထုတ်လုပ်ထားပါတယ်။

ဒါ့အပြင်အလှအပနဲ့အသားအရေဆိုင်ရာ ထုတ်ကုန်များ ခေါင်းလျှော်ရည်များတွင်လည်း ထည့်သွင်းဖော်စပ်လာကြပါတယ်။အသားအရေအတွက် ကောင်းပြီး ပိုးဝင်တာကို ကာကွယ်ပေးနိုင်လို့ စနိုးတာဝါလို တစ်ရှုးအစို Wet tissue တွေမှာတောင် ရှားစောင်းလက်ပတ်ကိုထည့်သွင်းပြီး ထုတ်လုပ်လာကြပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ရှားစောင်းလက်ပတ်ပင်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပေါပါတယ်။အိမ်မှာလည်း နေရာမယူဘဲအလှဆင်ပန်းအိုးလိုမျိုးနဲ့အလွယ်တကူ စိုက်နိုင်ပါတယ်။ ရေလည်း နေ့တိုင်းလောင်းစရာမလိုပါဘူး။

အိမ်မှာ ရှားစောင်းလက်ပတ်ပင် စိုက်ထားခြင်းဖြင့်အလုပ်အားတဲ့အခါအိမ်နေရင်းနဲ့ ရှားစောင်းလက်ပတ်ကိုသုံးပြီးအသားအရေ ပေါင်းတင်တာ ဆံပင်ပေါင်းတင်တာတွေကို မိမိဘာသာလုပ်နိုင်သလို ကွန်ပျူတာအသုံးများလို့ မျက်စိညောင်းတာအကောင်ကိုက်လို့အသားအရေ နီရဲရောင်ရမ်းတာတွေဆိုလည်း ရှားစောင်းလက်ပတ်ရဲ့အတွင်းသားလေးကိုခြစ်ပြီး ကပ်ထားပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။အပန်းမကြီးဘဲအသုံးလည်းဝင်တဲ့ ရှားစောင်းလက်ပတ်ပင်ကိုအိမ်မှာ စိုက်ကြည့်ကြဖို့အကြံပြုချင်ပါတယ်။

Author : Dr. 528


#လက်ပတ်
#ဓါတ်
#ရွက်လက်
#ပင်ကို
#အသား

Some text some message..