ခန္ဓာကိုယ်
အလေးချိန်
ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့်အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာအရပ်ရှည်ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်းအကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။
လူတိုင်းအရပ်ရှည်နိုင်လား။
အရပ်ရှည်ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘကအရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက်
အရပ်ရှည်
လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင်အများကြီးမဟုတ်တောင်အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့အသက် ၁၈ ပြည့်ပြီးသွားရင်အရပ်က ဆက်ပြီးရှည်မထွက်နိုင်တော့ဘူးဆိုတာပါပဲ။ တကယ်တော့အသက် ၂၅အထိအရပ်ရှည်ဖို့အခွင့်အလမ်းရှိပါသေးတယ်။ နည်းနည်းတော့ ခက်ခဲမယ်၊ သေချာလည်း ကြိုးစားဖို့၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့်အရပ်ရှည်ချင်တဲ့သူတွေအတွက်အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။
၁။ ကိုယ်စားတဲ့အစားအစာကအာဟာရပြည့်ဝပါစေ။
ကြွက်သားထုတည်ဆောက်သလိုပါပဲအရပ်ရှည်ထွက်ဖို့အတွက်အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ လိုပါတယ်။အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်းအသား၊
ဟင်းသီးဟင်းရွက်
၊ ငါး၊ ဥ၊အသီးအနှံ၊ ပဲ၊ ဂျုံပြောင်း၊ နိုု့ထွက်ပစ္စည်းတွေကို များများစားပေးပါ။အာဟာရမဖြစ်စေတဲ့အသင့်စားအစားအစာတွေ၊အကင်တွေ၊အကြော်အလှော်တွေကို တတ်နိုင်သလောက်ရှောင်ပါ။
၂။ ပရိုတင်းဓာတ်ကအရမ်းအရေးကြီးပါတယ်။
ပရိုတင်းဓာတ်
လို့ ခေါ်တဲ့အသားဓာတ်က ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်အလေးချိန်တက်ဖို့၊ ကျဖို့ ကူညီပေးသလိုအရိုးအဆစ်တွေကိုလည်း သန်မာစေတယ်။ လေ့လာတွေ့ရှိချက်တွေအရအသက် ၁၈ မတိုင်ခင်အထိ ပရိုတင်းဓာတ်ကို နေ့တိုင်းလုံလုံလောက်လောက် စားပေးနိုင်မယ်ဆိုရင်အရပ်ရှည်ထွက်လာတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒါကြောင့်အဓိကပရိုတင်းဓာတ်ကြွယ်ဝတဲ့အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးသင့်တယ်နော်။
၃။ ဗီတာမင် ဒီ ကိုလည်း မေ့မထားလိုက်ပါနဲ့။
ဗီတာမင် ဒီ ဟာအရိုးအဆစ်တွေကို ကျန်းမာစေပြီး ကလေးတွေအတွက် ကြွက်သား ကြီးထွားမှုကို ဖြစ်စေတယ်။ ဒီအခါ ကိုယ်ခန္ဓာကပါအရပ်ရှည်ထွက်လာပြီး လူကောင်ကြီးလာတာဖြစ်ပါတယ်။ ဗီတာမင် ဒီကို
နေရောင်ခြည်
ကနေလည်း ရနိုင်သလို ငါး၊ မှို၊ ဟင်းသီးဟင်းရွက်ကနေလည်း ရနိုင်ပါတယ်။
၄။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေကိုလည်း စားပေးပါ။
ကယ်လ်စီယမ်ဓာတ်ဟာ နွားနို့ကနေအများဆုံးရရှိပြီးအသက်အရွယ်မရွေးအကျိုးရှိစေနိုင်ပါတယ်။အရိုးအဆစ်တွေကို ကြံ့ခိုင်စေလို့အရပ်ရှည်ထွက်လာအောင်အားဖြည့်ပေးတယ်။ ကလေးတွေနဲ့ လူကြီးအရွယ်မှာ သွားနဲ့ သွားဖုံးကိုလည်း ကောင်းစေလို့ မာတဲ့အစာတွေကို ကောင်းကောင်းဝါးစားနိုင်အောအင် ကူညီပေးပါတယ်။အဓိက နွားနို့၊ ဒိန်ချဉ်တွေကို သောက်ပေးပါ။အရိုးပါ ဝါးစားလို့ရတဲ့ ငါးလေးတွေ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးကိုလည်း စားပေးပါ။
၅။ လိုအပ်ရင် ဗီတာမင်အားဆေးတွေ သောက်ပေးပါ။
ဒါကတော့ တချို့အစားအစာတွေနဲ့ ဓာတ်မတည်တဲ့သူတွေ၊အစားရှောင်တဲ့သူတွေ၊ ကိုယ်ခန္ဓာက လိုအပ်တဲ့အာဟာရကို စုပ်ယူနိုင်ခြင်းမရှိတဲ့အခါ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။
၆။ ပြည့်ဝစွာအိပ်စက်အနားယူပါ။
ကလေးနဲ့ လူငယ်တွေဆိုရင် တစ်နေ့တာအိပ်ချိန်ကို လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ ညအိပ်ချိန် ၁၀နာရီမှ ၁၁ နာရီထိ ရှိသင့်ပြီးအသက် ၂၀ နောက်ပိုင်းမှာ ၈နာရီလောက်ထိ ရှိမှသာ ကိုယ်ခန္ဓာက ကောင်းစွာသွေးလည်ပတ်၊အလုပ်လုပ်နိုင်မှာဖြစ်ပြီး ဆက်ပြီး ကြီးထွားဖွံ့ဖြိုးနေဦးမှာပါ။
၇။ လေ့ကျင့်ခန်းလုပ်ပါ။
အရပ်ရှည်ချင်တဲ့သူတွေအဓိကလုပ်ပေးလို့ရတာကတော့ ဘားခိုတာနဲ့
ရေကူ
းတာပါပဲ။ တန်းဘားခိုလိုက်တဲ့အခါ ခန္ဓာကိုယ်အလယ်ပိုင်းနဲ့ လက်မှာရှိတဲ့ ကြွက်သားတွေကို ဆွဲဆန့်ပေးသလို ဖြစ်ပြီးအရပ်ရှည်ထွက်လာဖို့ ကူညီပေးပါတယ်။ ပုံမှန်ရေကူးတဲ့သူတွေမှာလည်း သက်လုံကောင်းစေသလို လက်မောင်း၊ လက်ဖျံ၊ ရင်အုပ်၊ ဝမ်းဗိုက်၊ ခြေသလုံးအစရှိတဲ့ ကြွက်သားတွေအကုန်လုံးကို ကြီးထွားလာစေတာကြောင့်အရပ်ရှည်ထွက်လာနိုင်ပါတယ်။ ဒီတော့အရပ်ရှည်ချင်တဲ့သူတိုင်း ဒီလေ့ကျင့်ခန်းနှစ်ခုကို မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။
၈။အကြောအချဉ် ဆန့်ပါ။
အားကစားမလုပ်ခင်၊ လုပ်ပြီး ဒါမှမဟုတ်အရမ်းညောင်းနေတဲ့အချိန်ဆိုအကြောအချဉ်တွေ ပြေလျော့သွားအောင် ဆန့်ထုတ်တတ်ကြတယ်မလား။အဲ့လိုလုပ်ပေးခြင်းကလည်းအရပ်ရှည်စေနိုင်ဖို့အထောက်အကူဖြစ်စေနိုင်တယ်နော်။ ဒါကြောင့်အရင်ဆုံး ထိုင်ချပြီး ခြေထောက်နှစ်ဖက်လုံးကိုအရှေ့ဘက်ကားထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ခြေချောင်းတွေနဲ့ထိသွားတဲ့အထိ ဆန့်ထုတ်ပေးရပါမယ်။ ၅ စက္ကန့်လောက်ထိပြီးသွားမှ ခါးကို ပြန်မတ်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။ နောက်တစ်မျိုးအနေနဲ့ ခြေနှစ်ဖက်ကို ဘေးကားပြီး ခါးကိုဆောင်းကာ လက်နဲ့ခြေထောက်ထိအောင် ဆန့်တန်းပေးရမှာပါ။အစပိုင်းမှာတော့ ကူညီပေးဖို့ လူတစ်ယောက်လိုအပ်ပေမယ့် နောက်ပိုင်းအသားကျသွားပြီဆိုရင် ကိုယ်တစ်ယောက်တည်းနဲ့အကြောအချဉ်ဖြေလျှော့နိုင်မှာပါ။
၉။ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။
လမ်းလျှောက်တဲ့အခါ ခါးကိုမတ်မတ်လျှောက်ပါ။ ခါးကုန်းကုန်းနဲ့ လျှောက်တတ်တဲ့အကျင့်ရှိရင်အချိန်ပေးပြီး သေချာဖျောက်ပါ။ ခါးကိုမတ်၊ ရင်ကို ကော့၊ မေးစေ့ကိုမော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်ပါ။အိမ်မှာနေရင်းနဲ့လည်း ခေါင်းပေါ်မှာ စာအုပ်တစ်အုပ်တင်ပြီး ခါးကိုမတ်မတ်ထားလျှောက်တတ်ဖို့ လေ့ကျင့်လို့ရပါတယ်။ ခြေထောက်ကို တည့်တည့်ရပ်ပါ။ တစ်ဖက်ကခြေထောက်ကွေးပြီး ရပ်နေတဲ့အကျင့်တွေ ဖျောက်ပါ။ ထိုင်ရင်လည်းအဲ့ဒီအတိုုင်းပါပဲ။ ခုံနဲ့ ခါးနဲ့ တစ်သားတည်းဖြစ်နေအောင် ထိုင်ပြီး နောက်ကိုအရမ်းမီတာ၊ ရှေ့ကိုအရမ်းကိုင်းလိုက်တာမျိုးတွေ မလုပ်ပါနဲ့။
၁၀။အိပ်တဲ့ပုံစံဟာလည်း ခါးအတွက်အဆင်အပြေဆုံးဖြစ်ပါစေ။
အရပ်ရှည်ချင်တဲ့သူတိုင်းအတွက် ပက်လက်အိပ်တတ်တဲ့အကျင့်ကို မွေးပါ။အိပ်တဲ့အခါ ခြေထောက်ကို တန်းတန်းဆန့်ထားပါ။ ဘေးဘက်ကွေးတာတွေ၊ ဒူးထောင်ပြီးအိပ်တာတွေ မလုပ်ပါနဲ့။ လက်နှစ်ဖက်ကို ဗိုက်ပေါ်တင်တာ၊ ဒါမှမဟုတ် ဘေးဘက်ချထားလို့လည်းရပါတယ်။ ခုပြောပြသွားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့အကြံပေးလိုက်တယ်နော်။ လူတိုင်းအသက် ၂၅ မပြည့်ခင်မှာအရပ်ရှည်ထွက်နိုင်ဖို့အခွင့်အရေးရှိသေးတာမို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ဖို့ ထပ်ပြီး တိုက်တွန်းပေးလိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာပြောင်းလဲမှုနဲ့ ကျန်းမာရေးသည် ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ်သာပြောင်းလဲချင်စိတ်၊ ကြိုးစားချင်စိတ်ရှိရင်အရာရာဖြစ်နိုင်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။