၀မ်းဗိုက်အောင့်ခြင်း၊ နာခြင်းကို ဖြစ်စေနိုင်သောအကြောင်းများ
ondoctor.com.mm
|
2019-08-21



ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်းကို ဖြစ်စေနိုင်သောအကြောင်းများ

ရင်ဘတ်ပိုင်းနဲ့ တင်ပဆုံပိုင်း ကြားမှာရှိတဲ့နေရာကို ဝမ်းဗိုက်ပိုင်းလို့ ခေါ်ပါတယ်။

ဝမ်းဗိုက်ပိုင်းမှာအစာအိမ်၊အူ၊အူအတက်၊ မုန့်ချိုအိတ်၊ ဘေလုံး၊အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ သူ့နေရာနဲ့ သူရှိပါတယ်။

ဝမ်းဗိုက်ပိုင်းနာတာ၊အောင့်တာကို ဖြစ်စေနိုင်တဲ့အကြောင်းတွေအနေနဲ့ကတော့ ပိုးဝင်တာ၊ ရောင်ရမ်းတာ၊ တနေရာရာမှာ ပိတ်နေတာ၊အလုံးအကျိတ်ဖြစ်တာ၊အူနဲ့ဆိုင်တဲ့ ပြသာနာတွေရှိတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊အန်တာ၊ စိတ်ဖိစီးစရာများတာ စသဖြင့်အများကြီးရှိပါတယ်။

ဝမ်းဗိုက်နာတာ၊အောင့်တာဖြစ်တဲ့အခါ နာတဲ့အောင့်တဲ့ နေရာပေါ် မူတည်ပြီး ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကလည်း ကွာသွားနိုင်ပါတယ်။

ဝမ်းဗိုက်အပေါ်ပိုင်းနေရာမှာအောင့်တာဆိုရင် သည်းခြေကျောက်ရှိတာ၊အသည်းရောင်တာ၊အဆုတ်ရောင်တာ စသဖြင့်ကြောင့်ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်အလယ်နေရာမှာအောင့်တာဆိုရင်အစာအိမ်ရောင်တာ၊ ထိခိုက်ဒဏ်ရာရတာ၊အူအတက်ရောင်တာ စသဖြင့်ကြောင့် ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနေရာမှာအောင့်တာနာတာဆိုရင်

အူအတက်ရောင်တာ၊

အူပိတ်တာတွေဖြစ်နိုင်သလို

အမျိုးသမီးတွေဆိုပါက ရာသီလာစဉ် ဟောမုန်းအပြောင်းအလဲဖြစ်တာကြောင့်၊သားအိမ်မှာအလုံးတည်တာကြောင့်၊ သားဥအိမ်မှာအရည်အိတ်တည်တာ၊ နေရာလွဲမှား သန္ဓေတည်တာကြောင့် စတဲ့ မီးယပ်ရောဂါတွေကြောင့်ပါ ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်းအပေါ် ဘယ်ဘက်နေရာမှာအောင့်တာ၊ နာတာ ဆိုရင်

ဘေလုံးကြီးတာကြောင့်၊ စမြင်းခံတာကြောင့်၊ ကျောက်ကပ်ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ စသဖြင့်ကြောင့် ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်းအပေါ် ညာဘက်နေရာမှာအောင့်တယ်ဆိုရင်အသည်းရောင်တာ၊အဆုတ်ရောင်တာ၊အူအတက်ရောင်တာ စသဖြင့်ကြောင့် ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်းအောက် ဘယ်ဘက်နေရာမှာအောင့်တယ်ဆိုရင်

Crohn’s disease ရောဂါဖြစ်တာ၊ ကင်ဆာရောဂါဖြစ်တာ၊ ကျောက်ကပ်ပိုးဝင်တာ၊အူအတက်ရောင်တာ စသဖြင့်ကြောင့်ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်ပိုင်းအောက် ညာဘက်နေရာမှာအောင့်တာဆိုရင်အူအတက်ရောင်တာ၊အူကျွံ့တာအူကျတာ၊ ကျောက်ကပ်ပိုးဝင်တာ၊ တုပ်ကွေးဖြစ်တာ စသဖြင့်ကြောင့် ဖြစ်နိုင်ပါတယ်။

အခုဒီထိကိုဖတ်ပြီး စာဖတ်ပရိတ်သတ်အတော်များများအနေနဲ့ မျက်စိလည်နိုင်ပါတယ်။

ဘာလို့လဲဆိုတော့ တချို့အကြောင်းတွေက ဝမ်းဗိုက်အပေါ်နေရာမှာအောင့်တာ နာတာ ဖြစ်စေနိုင်သလိုအောက်နေရာမှာလည်းအောင့်တာ နာတာ ဖြစ်စေနိုင်လို့ပါ။

ဥပမာအူအတက်က ဝမ်းဗိုက်ရဲ့အောက်ညာဘက်မှာ ရှိပေမယ့်အူအတက်ရောင်တဲ့အခါ ဝမ်းဗိုက်အောက်ညာဘက်အခြမ်းအောင့်တာ နာတာဖြစ်နိုင်သလို ဝမ်းဗိုက်အောက်ဘယ်ဘက်အခြမ်းမှာအောင့်တာနာတာလည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဝမ်းဗိုက်အလယ်နေရာမှာအောင့်တာနာတာနဲ့ ဝမ်းဗိုက်တပြင်လုံးအနှံ့အောင့်တာနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဝမ်းဗိုက်နေရာမှာအောင့်တာ၊ နာတာ ဖြစ်ပြီဆိုရင် ဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊အာထရာဆောင်း စတဲ့ စစ်ဆေးမှုတွေ လုပ်မကြည့်ဘဲနဲ့ သေချာပြောဖို့မလွယ်ပါ။

ဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊အာထရာဆောင်းရိုက်တာစတဲ့ စစ်ဆေးမှုတွေ လုပ်ကြည့်တာတောင်မှာ တချို့ကိစ္စအခြေအနေတွေမှာဆိုရင် စစ်ဆေးလို့ရတဲ့ရလဒ်နဲ့ တကယ်ဖြစ်တဲ့ရောဂါနဲ့ ကွဲလွဲတာမျိုးရှိတတ်ပါတယ်။

ဒါကြောင့် ဆေးပညာရှင်ကြီးများက ဝမ်းဗိုက်ပိုင်းကို Magic box လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ ဝမ်းဗိုက်ပိုင်းဆိုင်ရာအောင့်ခြင်းနာခြင်းစတဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာကိစ္စတွေဟာ မရိုးရှင်းဘဲ လှည့်ကွက်တွေနဲ့ ပြည့်နှက်နေပြီး ဘာဖြစ်နေမှန်း စဉ်းစားရခက်စေလို့ပါ။

သိပ်အရေးမကြီးဘူးလို့ ထင်ပေမယ့် ကင်ဆာဖြစ်နေတာမျိုး ဖြစ်နိုင်သလိုအရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဘာရောဂါမှ မရှိဘဲ စိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာဖြစ်နေတာမျိုးလည်း ရှိပါတယ်။

ဗိုက်အောင့်ဗိုက်နာဖြစ်တိုင်း ဆေးခန်းပြဖို့ လိုချင်မှလိုနိုင်သလိုအများစုအနေနဲ့လည်း ပြလေ့မရှိကြပါ။

သို့သော်

– ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်တာ တရက်နဲ့ မပျောက်ရင်

– ရေရှည်ဝမ်းချုပ်နေရင်

–အန်နေရင်

– ဖျားရင်

– ဆီးသွားတဲ့အခါ ပူတာကျင်တာရှိရင်

–အစားသောက်ပျက်ရင်

– တခြားအကြောင်းမရှိဘဲ သိသိသာသာပိန်လာရင်တော့ ဆရာဝန်နဲ့ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

ဒါ့အပြင် တကယ်လို့

ဗိုက်အောင့်ဗိုက်နာဖြစ်တာနဲ့အတူအဖျားကြီးတာ (၁၀၁ ဒီဂရီဖာရင်ဟိုက်နဲ့အထက်)၊ ဆက်တိုက်ပျို့အန်နေတာ၊ သွေးဝမ်းသွားတာ၊ သွေးအန်တာ၊ မျက်လုံးနဲ့အရေပြားတွေ ဝါလာတာ၊ ဗိုက်မှာအလုံးအကျိတ်ပေါ်လာတာ သို့မဟုတ် ဗိုက်ကိုအထိမခံနိုင်အောင်နာတာ၊အသက်ရှုရခက်တာ တွေဖြစ်လာရင်တော့ ချက်ချင်းနီးစပ်ရာဆေးရုံကိုအမြန်ဆုံးပြဖို့ လိုပါတယ်။

Dr 528


#ဝမ်းဗိုက်
#အူအတက်
#ဗိုက်
#ညာဘက်
#နေရာ

Some text some message..