လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်များ သန်ချဆေးရည်တိုက်ကျွေး
mmtimes.com
|
2019-08-25



လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်များ သန်ချဆေးရည်တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ခြံခတ် မွေးမြူထားသော ကြယ်လိပ်များကို သြဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ သန်ချဆေးရည် (Panacur) တိုက်ကျွေးခဲ့ရာ ကြယ်လိပ်များ သေဆုံးမှုမရှိဘဲအစားစားသောက်မှု ပိုမို ကောင်းလာကြောင်း လောကနန္ဒာဘေးမဲ့တော ဥယျာဉ်မှ သိရသည်။


သန်ချဆေးတိုက်ကျွေး

လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ခြံခတ်မွေးမြူထားသော ကြယ်လိပ်များထဲမှ ကြယ်လိပ်ကောင်ရေ ၃၉၀အား သန်ချဆေး ရည် တိုက်ကျွေးခြင်းကို သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (Wildlife Conservation Soci-ety - WCS) ၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (Turtle Survival Alliance-TSA) တိရစ်ဆာန် ဆေးကုဆရာဝန်ဒေါက်တာတင့်လွင်က ဆောင်ရွက်ပေးခြင်းဖြစ်သည်။


သေဘေးနှင့်ကြုံတွေ့ခဲ့

ကြယ်လိပ်များတွင် သန်ကြောင့်ဖြစ်တတ် သော သန်လုံးကောင်ရောဂါကြောင့် ၂၀ဝ၇ ခုနှစ်က လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်များ သေဆုံးရသည့်ဘေးနှင့် ကြုံ တွေ့ခဲ့ရဖူးကြောင်းလည်း သိရသည်။

"၂၀ဝ၇ ခုနှစ်က ကြယ်လိပ်တွေ သေဆုံး တဲ့ ဘေးကြုံပြီးတဲ့အချိန် ရတနာပုံတိရစ်ဆာန် ဥယျာဉ်မှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်း ဆောင်ပြီး တိရစ်ဆာန်တွေကို ဂရုတစိုက်ကုသ ပေးတတ်တဲ့ တိရစ်ဆာန်ဆေးကုဆရာဝန် ဒေါက်တာတင့်လွင်ကိုအကူအညီတောင်းခဲ့ ရပါတယ်။အဲဒီအချိန်က ဥယျာဉ်ရောက်ပြီး ကြယ်လိပ်တွေ သေဆုံးရတဲ့အကြောင်းကို စစ်ဆေးတော့ သန်လုံးကောင်ရောဂါကြောင့် ဖြစ်ရတဲ့ ရောဂါလက္ခဏာကို တွေ့ရလို့ သန်ချ ဆေးတိုက်ကျွေးပြီး ကုသခဲ့ရပါတယ်။အဲဒီအချိန်ကစပြီး ကြယ်လိပ်တွေရဲ့ မစင်ကနေ သန်လုံးကောင်တွေပါရှိလာတဲ့အချိန် တစ်နှစ် တစ်ကြိမ် သန်ချဆေးတိုက်ကျွေးခဲ့တာ၊ နောက် ပိုင်း ကြယ်လိပ်အသေအပျောက်မရှိသလောက် နည်းပါးသွားပါတယ်။ ဒီသန်ချဆေးရည် (Panacur) က ပြည်တွင်းဈေးကွက်မှာ ဝယ် ယူလို့ မရတာကြောင့် စင်ကာပူနိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ကို မှာယူရတာလို့လည်း ဆရာဝန်က ရှင်းပြလို့ သိရပါတယ်"ဟု လောကနန္ဒာဘေးမဲ့ တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောဆိုခဲ့သည်။


ဆေးပမာဏချိန်ဆ

သန်ချဆေးရည်သည်အရွယ်အစားစုံ ကြယ်လိပ်များကို တိုက်ကျွေးနိုင်သော်လည်း ဆေးအာနိသင်ပြင်းထန်သဖြင့်အရွယ်ရောက် သော ကြယ်လိပ် ငါးနှစ်အထက်များကိုသာ ရွေးချယ်တိုက်ကျွေးရကြောင်း၊ ရာသီမရွေး တိုက်ကျွေးနိုင်သော်လည်း မိုးရာသီတွင် တိုက်ကျွေးခြင်းကအကောင်းဆုံးဖြစ်ကြောင်းနှင့် ငါးနှစ်အထက်အရွယ်ရောက်ပြီး ကြယ်လိပ်များကို တိုက်ကျွေးမည်ဆိုလျှင်ပင် ဆေးမတိုက် ကျွေးမီ ကြယ်လိပ်များ၏အလေးချိန်အား ချိန်တွယ်ရပြီး ဆေးရည်ကိုအလေးချိန်အလိုက် တိုင်းဆတိုက်ကျွေးရကြောင်း သိရသည်။


ပေါက်ဖွားနှုန်း

ညောင်ဦးမြို့ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တွင် ကြယ်လိပ်များကို ခြံခတ်မွေးမြူ ထားပြီး ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းများ ကြောင့် နှစ်စဉ်ပေါက်ဖွားနှုန်းကောင်းမွန်ကာ ယမန်နှစ်က ကြယ်လိပ်ပေါက်ဖွားမှုကောင်ရေ ၁၀ဝ၀ ကျော်ခဲ့ကြောင်းလည်း သိရသည်။


#လိပ်
#ကြယ်
#ဥယျာဉ်
#နန္ဒာ
#လောက

Some text some message..