ရေနွေးနဲ့ ရေချိုးခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းပါသလား
တနေကုန် ထိုင်လိုက်ထလိုက်နှင့် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ပြန်လာသောအချိန်များနှင့် ရာသီဥတုအေးသဖြင့် တနေကုန် ချမ်းချမ်းစီးစီးနေရသည့်အချိန်များတွင် ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်လျှင် တကိုယ်လုံးရှိအကြောအချဉ်များ ပြေလျော့ သွားပြီးအညောင်းအညာများ သက်သာသွားနိုင်သည်ကို ရေနွေးဖြင့် ရေချိုး ဖူးသူတိုင်း သတိထားမိကြသည်။အထူးသဖြင့် ယခုအချိန်ကဲ့သို့ ရာသီဥတုအေးသော ကာလများတွင် ရေနွေးဖြင့် ရေချိုးခြင်းဖြင့်အညောင်းအညာ ပြေနိုင်စေနိုင်ရုံ သာမကအထွေထွေကျန်းမာရေး ပြဿနာများအတွက်လည်း များစွာအကျိုးဖြစ်ထွန်း စေနိုင်သည်။
သို့ရာတွင် ရေပူ၊ ရေနွေးဖြင့် ရေချိုးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများ ရှိနိုင်သလိုအချို့သော နောက်ဆက်တွဲ ပြဿနာများလည်း ရှိသဖြင့် မည်သူမဆို သိထားသင့်သော ရေနွေးဖြင့် ရေချိုးခြင်းနှင့်ဆိုင်သည့် ကျန်းမာရေးအချက်အလက် များကို ဖော်ပြပေးလိုက်သည်။
ရေနွေးဖြင့်ရေချိုးခြင်း၏အကျိုးများ
(၁) ကောင်းကောင်းအိပ်ပျော်စေသည်
စိတ်ဖိစီးမှုများတတ်သူများနှင့် ညဖက်တွင် ကောင်းကောင်းအိပ်မပျော်သူများအနေနှင့် ညအိပ်ခါနီးချိန်များတွင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့နည်းစေပြီး ညောင်းညာကိုက်ခဲခြင်းများ သက်သာစေကာ နှစ်ခြိုက်စွာအိပ်ပျော် စေနိုင်သည်။
(၂) ကြွက်သားနာကျင်ကိုက်ခဲခြင်းများကို သက်သာစေသည်
ရေနွေးဖြင့် ရေချိုးခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ကိုယ်လက် လှုပ်ရှားမှု များခြင်းများကြောင့် ဖြစ်ရသည့် ကြွက်သား နာကျင်မှုများနှင့် သွေးလည်ပတ်မှု မကောင်းသဖြင့် ဖြစ်ရသည် ကြွက်သားနာကျင် ကိုက်ခဲမှုများကို သက်သာစေနိုင်သည်။
မကြာခဏ ကြွက်တက်ခြင်းဖြစ်လေ့ရှိသူများအနေနှင့်လည်း ရေနွေးနွေးတွင် ဆားကြမ်း /ဆားခါးအနည်းငယ်ထည့်၍ ချိုးပေးခြင်းဖြင့် ကြွက်တက်ခြင်းမှ ကာကွယ် ပေးနိုင်သလို ကြွက်တက်ပြီးနောက်ပိုင်း ခံစားရတတ်သည့် နာကျင်ခြင်းများမှလည်း သက်သာစေနိုင်သည်။
(၃) သွေးတိုးကျစေနိုင်သည်
ရေနွေးဖြင့် ပုံမှန်ရေချိုးပေးခြင်းဖြင့် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေး လည်ပတ်မှု ကောင်းစေနိုင်သဖြင့် သွေးကြောထုံးခြင်းနှင့် သွေးကြောနံရံများ ထူလာ ခြင်းကို ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါရှိသူများ ညနေပိုင်းတွင် ရေနွေးဖြင့် ပုံမှန်ရေချိုးပေးခြင်းဖြင့် သွေးပေါင်ကျစေနိုင်ကာ သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဖြစ်သည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်သည်။
(၄)အဆီပိုများကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေသည်
သာမန်ရေနွေးဖြင့် ရေစိမ်/ရေချိုးသူများတွင် မသိသာလှသော်လည်း ချွေးထုတ်ခန်း များတွင် ရေနွေးငွေ့ဖြင့်အချိန်ကြာကြာ ချွေးထုတ်သူများတွင် ချွေးအလွန်ထွက်သဖြင့် လမ်းလျှောက်ခြင်း/လေ့ကျင့်ခန်းများ ပြုလုပ်သကဲ့သို့အဆီပိုများ လောင်ကျွမ်းစေ နိုင်သည်။ သို့ရာတွင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်း ခြင်းမျိုး မဟုတ်သဖြင့် ဝိတ်ချလိုသူများတွင် သိသာစေနိုင်မည်မဟုတ်ပါ။
(၅) တုပ်ကွေးရောဂါလက္ခဏာများကို သက်သာစေနိုင်သည်
လတ်တလော တုပ်ကွေးရောဂါဖြစ်ပြီးအဖျားကျသွားချိန်များတွင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့်အသက်ရှူလမ်းကြောင်းတလျောက်ရှိအကျိအချွဲများကို ပျော်ဝင်စေ နိုင်သဖြင့် နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ချောင်းဆိုးခြင်းများကို သက်သာစေ နိုင်သလိုအဖျားကျပြီးနောက်ပိုင်း ကျန်နေခဲ့နိုင်သည့် လက္ခဏာများ ဖြစ်သည့် ကိုယ်/ လက် ကိုက်ခဲခြင်းများနှင့်အဆစ်/အမြစ် ကိုက်ခဲခြင်းများကိုလည်း သက်သာစေ နိုင်သည်။ ရေနွေးနွေးဖြင့် ပုံမှန်ရေချိုးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မျှတစေနိုင်သဖြင့် သာမန် ဖျားနာခြင်းများမှလည်း ကာကွယ်ပေး နိုင်သည်။ သို့ရာတွင် ဖျားနာနေချိန် များတွင်မူအပူချိန်များသော ရေနွေးဖြင့် ချိုးမိလျှင် ကိုယ်ပူပို၍ ကြီးစေနိုင်သဖြင့် ကိုယ်ပူ ကျစေရန် ရေအေးဖြင့်သာ ရေချိုးပေးသင့်သည်။
(၆) ခေါင်းကိုက်ခြင်းကို သက်သာစေသည်
ခေါင်းကိုက်ခြင်းအများစုသည် သွေးလည်ပတ်မှု မကောင်းခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည့်အတွက် ရေနွေးနွေးဖြင့်ရေချိုးပေးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းမွန် စေကာ ပြင်းထန်ခြင်းမရှိသော ခေါင်းကိုက်ခြင်း ပြဿနာများနှင့် ခေါင်းတခြမ်း ကိုက်ခြင်းဝေဒနာများကို သက်သာစေနိုင်သည်။
(၉)အရေပြားရောင်ရမ်း/ယားယံခြင်းများကို သက်သာစေသည်
ချွေးပေါက်များကို ကျယ်စေပြီးအညစ်အကြေးများကို သန့်စင်စေနိုင်သည့်အတွက်အညစ်အကြေးများကြောင့်ဖြစ်သည့် ခန္ဓာကိုယ်ယားယံခြင်းများကို သက်သာ စေသည်။
ရေနွေးကန်အတွင်းအသားအရေအတွက် စီမံထားသောအဆီများဖြစ်သည့် သံလွင်ဆီ၊ လဗင်ဒါဆီ၊ နှင်းဆီပန်းအဆီ စသည်တို့ထည့်၍ စိမ်ခြင်း၊ ချိုးခြင်းများ ပြုလုပ်ပေးခြင်းဖြင့်အသားအရေ စိုပြေစေပြီးအသားပက်ခြင်း၊ ခြောက်သွေ့ခြင်း၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်း များကို သက်သာ စေနိုင်သည်။
ရေနွေးကန်အတွင်း ပင်လယ်ဆား၊ ဆားခါး ထည့်၍ ချိုးပေးခြင်းဖြင့်လည်းအရေပြား မှိုရောဂါ၊ ဝဲရောဂါ စသည့်အရေပြားကူးစက်ရောဂါများမှ သက်သာစေနိုင် သလို ဖြစ်ပွားခြင်း မရှိအောင်လည်း ကာကွယ်ပေးနိုင်သည်။
ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ဖြစ်လာနိုင်သည့်အခြေအနေများ
အကောင်းအဆိုးအမြဲ ဒွန်တွဲလေ့ရှိသည့် ထုံးစံအတိုင်း ရေပူ၊ ရေနွေးဖြင့် မချိုးသင့်သည့်အခြေအနေများနှင့် ရေနွေးဖြင့်ချိုးခြင်းကြောင့် ဖြစ်စေတတ်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများလည်း ရှိသည်။
(၁)အသားအရေခြောက်သွေ့နိုင်ခြင်း
အထူးသဖြင့် ပူလွန်းသော ရေဖြင့်၊ စိမ်ခြင်း၊ ချိုးခြင်း ပြုလုပ်သူများတွင် နေလောင်ခြင်း ဖြစ်ပွားသူများကဲ့သို့အရေပြား ပူခြင်း၊ ရောင်ခြင်းနှင့်အသားအရေ ခြောက်သွေ့ခြင်းများ ဖြစ်ပွားနိုင်သည်။ သို့ဖြစ်၍ ရေနွေးအတွင်းအသားအရေအတွက် စီမံထားသောအဆီတမျိုးမျိုးထည့်၍ ချိုးပေးခြင်းနှင် ရေပူစမ်းစိမ်ပြီးချိန်/ရေနွေးပူပူဖြင့် ရေစိမ်/ရေချိုးပြီးချိန်များတွင်လည်းအသားအရေအစိုဓာတ်ကို ထိန်းပေးသည့် ကရင်မ်များ (သို့) သခွားသီး၊ ရှားဇောင်းလက်ပက်စသည့် သဘာဝပစ္စည်းများဖြင့် ပွတ်လိမ်းပေးဖြင့်အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ထားသင့်သည်။ ရေပူ/ ရေနွေးဖြင့် ပုံမှန်ရေချိုးလေ့ ရှိသူများအနေနှင့်အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ရန်အတွက် ပူလွန်းသောရေမျိုးထက် ကြက်သီးနွေးထက်အနည်းငယ် ပိုသောအပူချိန်မျိုးဖြင့်သာ ရေချိုးပေးသင့်သည်။
(၂) လေးလံထိုင်းမှိုင်းသွားတတ်ခြင်း
ရေပူ၊ ရေနွေးဖြင့်အချိန်ကြာကြာ စိမ်/ချိုးတတ်သူများအနေနှင့် ရေချိုးပြီးစတွင် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းခြင်း ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ ရေချိုးပြီး ချက်ချင်းအပြင်သွားခြင်း၊အလုပ်လုပ်ခြင်းများကို မပြုလုပ်သေးပဲအနားယူသင့်ပြီးအရေးတကြီးအလုပ်လုပ်ရန် ရှိသူများနှင့်အနားယူရန်အချိန်မရှိသူများအနေနှင့် (အထူးသဖြင့် မနက်အစောပိုင်းအချိန်များတွင်) ရေပူ/ရေနွေးဖြင့် ရေချိုးခြင်းကို ရှောင်ကျဉ် သင့်ပြီး ရေအေးအေးဖြင့်သာ ရေချိုးပေးသင့်သည်။
(၃)အမျိုးသားများတွင် မျိုးပွားနှုန်းကျဆင်းနိုင်ခြင်း
ရေပူ/ရေနွေးဖြင့် စိမ်ချိုးတတ်သည့်အမျိုးသားများတွင် သုတ်ပိုးပမာဏ ကျဆင်း နေနိုင်ပြီး မျိုးပွားနှုန်းကိုလည်း ကျဆင်းစေနိုင်သဖြင့် လတ်တလော ကလေးယူရန် ကြိုးစားနေသည့်အိမ်ထောင်သည်အမျိုးသားများအနေနှင့် ရေပူ၊ ရေနွေးဖြင့်အချိန်ကြာကြာ စိမ်၍ ချိုးခြင်းကို ရှောင်ကျဉ်ရန်လည်းလိုသည်။
မည်သို့ပင်ဖြစ်စေကာမူ ရေနွေးဖြင့် ရေချိုးခြင်းဖြင့် ရေချိုးနေစဉ်တွင်အလွန် သက်တောင့် သက်သာရှိလှသလိုအထွေထွေးကျန်းမာရေးအခြေအနေများ တွင်လည်းအထောက်အကူပြုသဖြင့်အချို့သော ရာသီဥတု ချမ်းအေးလှသည့်အရပ်ဒေသ များတွင် နေထိုင်ကြသူများအနေနှင့် ရေနွေးအိုးကြီးကြီးတည်ပြီး ရေနွေးဖြင့် ရေချိုးခြင်း /စိမ်ခြင်းအလေ့အထများ ရှိတတ်ကြသလိုအချို့သော လျှပ်စစ်မီးအလွယ်တကူ ရသည့်အိမ်များတွင် ရေနွေးဖြင့် ရေချိုးနိုင်သော စက်ကလေးများကို တပ်ဆင် လာကြသည်။
ရေနွေးဖြင့်ရေချိုးခြင်းသာမက ရေပူကန်အတွင်း စိမ်ခြင်း၊ ရေပူစမ်းတွင်စိမ်ခြင်း၊ ရေနွေးငွေ့ချွေးထုတ်ခန်းများတွင် ရေနွေးငွေ့ခံခြင်းများဖြင့်လည်း ရေနွေးဖြင့်ရေချိုးခြင်း နည်းတူ ကျန်းမာရေးအတွက် ကောင်းကျိုးများ ရရှိစေနိုင်သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ချမ်းအေးလှသောရာသီဥတုတွင် ကျန်းမာရေးအတွက် သင့်တော်သည့် ရေနွေးဖြင့် ရေချိုးခြင်းအား မိမိတို့နှင့်အဆင်ပြေသည်နည်းလမ်းများအတိုင်း ရွေးချယ်ဆောင်ရွက် ကြနိုင်ပါစေကြောင်းအကျိုး/အပြစ်များကိုအကြံပြုတင်ပြအပ်ပါသည်။
Dr. Tint Tal