
လူတစ်ချို့ကအိပ်တဲ့အခါမှာ မှောက်လျက်သားအိပ်လေ့ရှိကြပါတယ်။အဲ့ဒါမှအိပ်ရတာအဆင်ပြေတယ်ဆိုပြီးတော့ပေါ့။ဒါပေမဲ့ လေ့လာဆန်းစစ်ချက်တွေအရ မှောက်လျက်အိပ်တာဟာ ကျန်းမာရေးအနေအထားကြည့်မယ်ဆိုရင်သိပ်ပြီးမကောင်းဘူးလို့သိရပါတယ်။အမြဲတမ်းမှောက်အိပ်နေမယ်ဆိုရင် ဒီလိုဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
*လည်ပင်းတစ်ဝိုက်နာကျင်လာမယ်
မှောက်လျက်အိပ်တာဟာ ကျောရိုးနာကျင်မှုဖြစ်စေရုံသာမက လည်ပင်းနာကျင်တာ၊မကြာခဏဆိုသလိုဇတ်ကြောတက်တာတွေပါဖြစ်လာစေပါတယ်။ပက်လက်အိပ်တာမျိုး၊ဘေးတစ်စောင်းအိပ်တာမျိုးကသာ လည်ပင်းကြွက်သားတွေကိုအနားပေးသလိုသက်တောင့်သက်သာဖြစ်စေတာပါ။ဒီမှောက်လျက်အိပ်တာကိုမပြင်ဘူးဆိုရင် မကြာခဏလည်ပင်းကြွက်သားတစ်ဝိုက်နာကျင်မှုကိုခံစားနေရဦးမှာအမှန်ပါပဲ။
*ဒါက သင်ညဘက်တွေကောင်းကောင်းအိပ်မပျော်ရတဲ့အကြောင်းရင်းတစ်ခုပါပဲ
ညဘက်တွေအိပ်မပျော်ဘူး။ဒါက သင့်ရဲ့အိပ်စက်ပုံအနေအထားမှားယွင်းနေတာကြောင့်လည်းပါပါတယ်။ဘာလို့လဲဆိုတော့ မှောက်လျက်အိပ်တဲ့အခါ ကျောရိုးတွေနာကျင်လာမယ်။လည်ပင်းကြွက်သားတွေနာကျင်လာမယ်။အဲ့ဒီအခါ ဟိုလှည့်ဒီလှည့်နဲ့အိပ်လိုက်၊မှောက်လျက်ပြန်အိပ်လိုက်နဲ့ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ပါဘူး။
*ကျောရိုးနာကျင်တာ၊ကျောနာကျောအောင့်တာတွေဖြစ်လာမယ်
နေ့တိုင်းမှောက်လျက်အိပ်နေမယ်ဆိုရင် ကြာလာတဲ့အခါ ကျောရိုးနာကျင်မှုဖြစ်လာပါလိမ့်မယ်။မှောက်လျက်အိပ်တာဟာ ကျောရိုးကိုဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အပြင် ညဘက်လည်းကောင်းကောင်းအိပ်မပျော်စေပါဘူး။ဗိုက်ကိုဖိပြီးအိပ်ထားတာဟာအရေးကြီးတဲ့အစိတ်အပိုင်းတွေကို ဖိအားပေးသလိုဖြစ်တာကြောင့် ဒီအိပ်စက်ပုံအနေအထားဟာ ကျန်းမာရေးဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။
ဒီလိုမှောက်လျက်အိပ်တဲ့ပုံစံဟာအိပ်စက်ပုံအနေအထားထဲမှာအမှားဆုံးပုံစံပါပဲ။အထူးသဖြင့် ကျောနာကျောအောင့်ဖြစ်တတ်တဲ့ဝေဒနာရှိရင်ဒါကမပျောက်အောင်အားပေးနေသလိုပါ။ပြီးတော့ မှောက်လျက်အိပ်တာဟာအရေးအကြောင်းမြန်မြန်ဖြစ်စေသလို ရင်သားပျော့တွဲခြင်းကိုလည်းဖြစ်စေပါတယ်။
ဒီတော့ ဘယ်လိုအိပ်စက်ပုံအနေအထားက ကျန်းမာရေးနဲ့အညီညွတ်ဆုံးလဲမေးရင် ရွေးချယ်ရတော့ခက်ပါတယ်။အကောင်းဆုံးအနေအထားတော့မရှိပေမဲ့အကောင်းဆုံးပုံစံကိုရွေးချယ်ရမယ်ဆိုရင် ဒူးအောက်မှာ ခေါင်းအုံးအပျော့လေးတစ်လုံးခံပြီးပက်လက်အိပ်တာ ဒါမှမဟုတ် ဘေးကိုစောင်းပြီးဒူးကွေးအိပ်တာစတဲ့ပုံစံက ကျန်းမာရေးဆိုးကျိုးအနည်းဆုံးအိပ်စက်တဲ့ပုံစံပါပဲ။ဒီလိုအိပ်တဲ့အခါ ကျောရိုးနာကျင်မှုနဲ့ လည်ပင်းနာကျင်မှုမဖြစ်စေပဲ သက်တောင့်သက်သာဖြစ်စေပါတယ်။
ဒါ့အပြင် ပက်လက်အိပ်တာ၊ဘေးတစ်စောင်းအိပ်တာ၊မှောက်လျက်အိပ်တာစတဲ့အိပ်စက်ပုံတွေကို ကောင်းကျိုးဆိုးကျိုးယှဉ်ကြည့်တဲ့အခါမှာလည်းမှောက်လျက်အိပ်တာဟာ ဆိုးကျိုးအများဆုံးဖြစ်တာတွေ့ရပါတယ်။အဲ့ဒါကြောင့် ကျန်းမာရေးဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ ပက်လက်အိပ်တာကိုအလေ့အကျင့်လုပ်ထားသင့်တယ်လို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။