ကလေးများနှင့် သံချဆေး
ondoctor.com.mm
|
2019-09-12

ကလေးများနှင့် သံချဆေး


သံကောင်ပြဿနာနှင့် ပတ်သတ်လျှင်အရွယ်ရောက်ပြီးသူတိုင်း ပုံမှန် သံချပေး သင့်ကြောင်း သိရှိနေတတ်ကြသော်လည်း စနစ်တကျ သံချပေးလေ့ရှိသည့် မိသားစုအရေအတွက်မှာအလွန်ပင်နည်းပါးလှသည်။ သံကောင်ပြဿနာ၏ လက္ခဏာများ ဖြစ်သော ဗိုက်အောင့်/ ဗိုက်နာဖြစ်ခြင်း၊ ကလေးများတွင် ကိုယ်အလေးချိန် တက်မလာပဲ ကျသွားခြင်း၊ တဖြည်းဖြည်း ပိန်လာခြင်း၊ စအိုဝမှ သံကောင်များထွက်လာခြင်းနှင့် မစင်တွင် တုပ်ကောင်များ ပါလာသောအချိန်များတွင်မှ သန်ချဆေးသောက်သုံးကြရန် သတိရတတ်ကြသည်။

သာမန်အားဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်းအလွန်မြင့်မားလှသော်လည်း ရောဂါကာကွယ်ရေးအပိုင်းများတွင်အလွန်အားနည်းလျက်ရှိကြသည်ကို သတိထားမိသည်။ သို့ရာတွင်လည်း တနေ့တာ နေမှု၊ စားမှုများတွင် လှုပ်ရှားရုန်းကန်နေရင်း မိမိတို့နှင့် သားငယ်သမီးငယ်လေးများ၏ ကျန်းမာရေးကို သတိမမူ မိတတ်ကြပဲအလွယ်တကူ ကာကွယ်၍ရသည့် ကူးစက်ရောဂါ များပင် ကူးစက်ခံနေကြရသည်။

အဆိုပါ ကူးစက်တတ်သော ရောဂါများအနက်မှ ကလေးများတွင်အလွယ်တကူ ကူးစက်နိုင်သလို နောက်ဆက်တွဲ ပြဿနာလည်းအလွန်များလှသည့် ကျန်းမာရေး ပြဿနာတရပ်မှာ ကပ်ပါးရောဂါများဖြစ်သည့် သံကောင်တုတ်ကောင် ပြဿနာပင် ဖြစ်သည်။

သန်ကောင်တုတ်ကောင် ပြဿနာဖြစ်စေနိုင်သည့်အကြောင်းအရင်းများ


မသန့်ရှင်းသောအစားအစာများ စားသုံးခြင်းကြောင့် ဖြစ်ရသည့် ပါးစပ်မှတဆင့် ဝင်ရောက်သော သန်ကောင်တုတ်ကောင်များ၊အရေပြားမှတဆင့် တိုက်ရိုက်ထိုးဖောက် ကာ ခန္ဓာကိုယ်အနှံ့အပြား သွားရောက်တတ်သော သန်ကောင်တုတ်ကောင်များနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်သော ဆင်ခြေထောက်ရောဂါကဲ့သို့ သံကောင်ပြဿနာများ ဟူ၍အမျိုးမျိုးရှိသည်။

မသန့်ရှင်းသော နေရာဒေသများတွင် နေထိုင်ကြသူများအနေနှင့်အရေပြားမှ တဆင့် ဝင်ရောက်တတ်သော သံကောင်တုတ်ကောင် ဝင်ရောက်ကူးစက် ခံရနိုင်သလို ခြင်ကိုက်ခြင်းကြောင့်ဖြစ်သည့် ဆင်ခြေထောက်ရောဂါကဲ့သို့ သံကောင်ပြဿနာများ ဖြစ်ပွားရန်အလွန်ပင်အခွင့်အလမ်းများသည်။

မသန့်ရှင်းသောအစားအစာ စားမိသူများ၊ မသန့်ရှင်းသော ရေကို သောက်သုံးမိ သူများ၊အသားစိမ်းငါးစိမ်း (အထူးသဖြင့် ငါးချဉ်၊ ဝက်သားချဉ်) စားတတ်သူများနှင့် မသန့်ရှင်းသော လက်ဖြင့်အစားစားမိသူများတွင် ပါးစပ်မှတဆင့် ဝင်ရောက်သော သံကောင်ကူးစက်ခံရနိုင်သည်။

အထူးသဖြင့် ရေသန့်၊ လက်သန့်၊အစာသန့်၊ ပတ်ဝန်းကျင်သန့် ဆိုသောအခြေခံ ဖြစ်သည့်သန့်လေးသန့်အားနည်းခြင်းကြောင့်အလွယ်တကူကူးစက် ခံနေရခြင်းဖြစ်ပြီး ကလေးငယ်များတွင်အရွယ်ရောက်ပြီးသူ လူကြီးများထက် ပိုမိုဖြစ်ပွားကူးစက်ရန် လွယ်ကူသည်။

သံကောင်တုတ်ကောင်များကြောင့် ခံစားရနိုင်သည့် လက္ခဏာများ


သံပြားကောင်၊ သံလုံးကောင်နှင့် ချိတ်သံကောင် စသည့်ဖြင့် သံကောင်အမျိုးအစား များစွာရှိပြီး ကူးစက်ခံရသည့် သံကောင်အမျိုးအစားကိုလိုက်၍ ခံစားရနိုင်သည့် လက္ခဏာများရှိသည်။ ကူးစက်ခံနေရသည့် ကလေးငယ်များတွင် ခံစားနေရတတ်သည့်အထွေထွေ လက္ခဏာများအနေနှင့်


– ခန္ဓာကိုယ်အတွင်းနှင့်အစာချေလမ်းကြောင်းများတွင်အတွင်းသွေးယိုစီးမှု ဖြစ်နိုင်ခြင်းကြောင့် သွေးအားနည်းနေတတ်ခြင်း၊ ဖြူဖက်ဖြူယော်ဖြစ်နေတတ်ခြင်း
– မကြာခဏ ဗိုက်အောင့် ဗိုက်နာဖြစ်နေတတ်ခြင်း
– ဝမ်းပျက်ဝမ်းလျော မကြာခဏဖြစ်ခြင်း
–အစားစားချင်စိတ်လျော့နည်းနေတတ်ခြင်း
–အချိန်ကြာလာသည်နှင့်အမျှ သံကောင်များကြောင့်ဖြစ်သည့်အူပိတ်ခြင်း
– စအိုဝယားယံသဖြင့်အမြဲ ကုတ်နေသည်ကို မြင်ရခြင်း
– စအိုဝမှ သန်ကောင်၊ တုတ်ကောင်များ ထွက်လာတတ်ခြင်း
– စားသမျှအာဟာရမဖြစ်ပဲ တဖြည်းဖြည်း ပိန်လာခြင်း
–အရေပြားအတွင်း သွားတတ်သည့် သံကောင်များကြောင့်အလွန်အမင်း ယားယံ တတ်ခြင်းနှင့်
–အားနည်းနေတတ်ခြင်းကြောင့် သာမန်ကလေးငယ်များကဲ့သို့ ပျော်ပျော်ရွှင်ရွှင်မရှိပဲအမြဲ ထိုင်းမှိုင်းနေခြင်း စသည့် လက္ခဏာများ ခံစားနေရတတ်သည်။

အဆိုပါ ကပ်ပါးပိုးများ ကူးစက်ခံရခြင်းကြောင့် သံဓာတ်အားနည်းခြင်း၊အထွေထွေအာဟာရဓာတ်များ ချို့တဲ့ခြင်းတို့ ဖြစ်ပွားလာနိုင်ပြီး နောက်ဆက်တွဲများအဖြစ် ကလေး များတွင် မှတ်ဉာဏ်ချို့တဲ့အားနည်းခြင်း၊ ပညာသင်ကြားရာတွင်အခက်အခဲဖြစ်နိုင်ခြင်း၊ မကြာခဏ နာမကျန်းဖြစ်ခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းခြင်းများမှ နိုင်ငံအတွက်အဖိုးတန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရကြရသည်။

သန်ချဆေးတိုက်ကျွေးရေး


၎င်းနောက်ဆက်တွဲ ပြဿနာများမှ ကာကွယ်ရန်အတွက်အခြေခံအကျဆုံးနှင့်အလွယ်ကူဆုံးနည်းလမ်းမှာ ကလေးများကို သန်ချဆေးတိုက်ကျွေးပေးခြင်း ဖြစ်သည်။

ကျန်းမာရေးဌာနများအနေနှင့်အလျင်းသင့်သလိုအခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင်အစုလိုက် သန်ချဆေးတိုက်ကျွေးခြင်းများ ပြုလုပ်ပေးလျက်ရှိသလို ဆင်ခြေထောက် ရောဂါကာကွယ်ဆေးနှင့် သန်ချဆေးနှစ်မျိုးတွဲ၍လည်း တနိုင်ငံလုံးအတိုင်းအတာနှင့် တနှစ်လျှင် တကြိမ် တိုက်ကျွေးလျက်ရှိသည်။

အဆိုပါအချိန်များတွင်အကြောင်းအမျိုးမျိုးကြောင့် မတိုက်ကျွေးလိုက်ရသူများနှင့် မြို့ပြများနှင့်အလှမ်းဝေးသည့် ဒေသများတွင် နေထိုင်ကြသူများအနေနှင့် နီးစပ်ရာ ကျေးလက် ကျန်းမာရေး ဌာနများတွင် သံချဆေးများကိုအခမဲ့ သွားရောက် တောင်းယူကာ သံချဆေးတိုက်ကျွေးပေးသင့်သည်။

ကျန်းမာရေးဌာနများသို့ သွားရောက်ရန်အဆင်မပြေသူများအနေနှင့်လည်း နီးစပ်ရာ ဆေးဆိုင်၊ ဆေးခန်းများတွင် သန်ချဆေးများဖြစ်သည့် (Albendazole 400mg, Mebendazole 500mg) စသည်တို့ ပါဝင်သည့် တံဆိပ်အမျိုးမျိုးသော ဆေးဝါးများကိုအလွယ်တကူ ဝယ်ယူ၍ တိုက်ကျွေးပေးနိုင်သည်။ ဆေးတမျိုးကို တကြိမ်သာ သောက်ရန်လိုပြီး ကလေးငယ်များအတွက် ထုတ်လုပ်ပေးထားသောအနံ့မွေးကာအရသာ မပြင်းသည့် ဆေးအရည်များလည်း ရွေးချယ်တိုက်ကျွေးနိုင်သည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေနှင့်အသက် (၂) နှစ်နှင့်အထက် ကလေးငယ်များကို ၆ လလျှင်တကြိမ် သံချဆေးတိုက်ကျွေးသင့်သလိုအထက်တွင် ဖော်ပြပေးခဲ့သော သံကောင်တုတ်ကောင်လက္ခဏာများ ခံစားနေရကြောင်း သတိထား မိလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်အမြန်ဆုံး သွားရောက်ပြသကာ ပျောက်ကင်း သည်အထိ ကုသမှု ခံယူကြသင့်ကြောင်းအကြံပြု ပြောကြားလိုပါသည်။

သံကောင်တုတ်ကောင်ပြဿနာများမှ ကင်းဝေးနိုင်ကြပါစေ။

Dr. Tint Tal


#ကောင်
#သံ
#ပြဿနာ
#လက္ခဏာ
#ခြင်း

Some text some message..