မိန်းမကိုယ်ယားယံစေတဲ့ အကြောင်းရင်း(၈) ခု
hellosayarwon.com
|
2019-10-19



ခံရခက်ဆုံးဝေဒနာတွေထဲမှာ မိန်းမကိုယ်ယားယံခြင်းလည်းပါဝင်ပါတယ်။ လက်တို့၊ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့နေရာလည်းမဟုတ်နဲ့တော်တော်ခံစားရခက်မှာပါ။ ဒီလိုဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ယားယံပြီဆိုကတည်းကရောဂါပိုးတခုခုဝင်တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာကောင်းပါတယ်။ ဒီလိုယားယံမှုဖြစ်စေတဲ့အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။

မိန်းမကိုယ်ယားယံစေတဲ့ အကြောင်းရင်း (၈) ခု
(၁) ယားယံစေတဲ့ဓါတ်ပစ္စည်းတွေ
မိန်းမကိုယ်ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။

(၂) ဆီးချို
ပေါင်ခြံတဝိုက်ယားယံတာနဲ့လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ဆီးချိုရှိတဲ့သူတွေမှာသွေးတွင်းသကြားဓါတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓါကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါလျော့နည်းစေပါတယ်။

(၃) မှိုပိုးဝင်ခြင်း
မိန်းကလေးတော်တော်များများမှာခံစားရတတ်တဲ့ပြဿနာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်တာများပါတယ်။နောက်တစ်ချက်က ပဋိဇီဝဆေးတွေသောက်ပြီးနောက်ပိုင်း ခန္ဓါကိုယ်ထဲကကောင်းတဲ့ဘက်တီးရီးယားတွေရော၊ မကောင်းတဲ့ဘက်တီးရီးယားတွေရောရှင်းပစ်လိုက်တာကြောင့်ရောဂါပိုးကာကွယ်ပေးမယ့်အကျိုးပြုဘက်တီးရီးယားလေးတွေမလုံလောက်တော့တာမျိုးဖြစ်စေနိုင်ပါတယ်။ မှိုပိုးဝင်တဲ့လက္ခဏာတွေကတော့ ယားယံတာ၊လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။

(၄) ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း
မိန်းမကိုယ်မှာရှိတဲ့ သဘာဝဘက်တီးရီးယားပမာဏကိုပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းခြင်း(BV)ဖြစ်လာနိုင်ပါတယ်။ သူက အမြဲတော့ လက္ခဏာပြလေ့မရှိပေမယ့် အနံ့နံသောအဖြူဆင်းခြင်း၊ ယားယံခြင်း၊အနံ့ဆိုးထွက်ခြင်းတို့ဖြစ်လေ့ရှိပါတယ်။ အဖြူဆင်းရင် အရောင်ညစ်ညစ် ဒါမှမဟုတ် အကြည်ရောင်လည်းဖြစ်နိုင်ပါတယ်။

(၄) အတွင်းခံကျပ်ကျပ်ဝတ်ခြင်း
အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာသွားလာလှုပ်ရှားတဲ့အခါချွေးတွေနဲ့ပိတ်လှောင် စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေမွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်းချွေးစုပ်ပြီးနေရသက်သာတဲ့အမျိုးအစားဖြစ်သင့်ပါတယ်။

(၅) လိင်မှတဆင့် ကူးစက်တဲ့ရောဂါများ
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ဒီရောဂါတွေကိုရရှိနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။
ကလာမိုင်ဒီးယား (chlamydia)
လိင်အင်္ဂါကြွက်နို့
ဆီးပူညောင်းကျရောဂါ
လိင်အင်္ဂါရေယုန်
trichomoniasis မှိုရောဂါ ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ဖြစ်ပေါ်ကြီးထွားမှုတွေ၊ အဝါရောင်၊အစိမ်းရောင် အရည်၊အချွဲတွေမိန်းမကိုယ်ကနေဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။

(၆) သွေးဆုံးခြင်း
သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ်သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံခြင်းခံစားရနိုင်ခြေပိုများပါတယ်။သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းနံရံက အကျိအချွဲလေးတွေပါးသွားတာကြောင့်ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။

(၇) စိတ်ဖိစီးမှု
ခန္ဓါကိုယ်ပင်ပန်းမှုနဲ့စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကိုဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။

(၈) ကင်ဆာ
ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မိန်းမကိုယ်ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံတာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။

ယားယံခြင်းတွေ မဖြစ်စေဖို့
ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီးသောက်ဆေး၊လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။
ပေါင်ခြံနဲ့မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ခြောက်သွေ့အောင်ထားပါ။
နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့အတွင်းခံကိုဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်တာကောင်းပါတယ်။
မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
အဲဒီအစား ဆပ်ပြာမပါ၊ ဓါတုပစ္စည်းမပါ၊ အရောင်တုမပါ၊ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့သန့်စင်ပေးပါ။
ယားယံခြင်းကိုခံစားနေရရင်ရေနွေးနွေးလေးနဲ့ချိုးပါ။( သိပ်မပူပါစေနဲ့)
မိန်းမကိုယ်နားတဝိုက်မှာရေမွှေးတွေ၊ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။
လစဉ်သုံးပဲဖြစ်ဖြစ်၊နေ့စဉ်သုံးပဲဖြစ်ဖြစ် padတွေကို ပုံမှန်လဲပေးပါ။ အကြာကြီးဝတ်ထားရင်ရောဂါပိုးဝင်နိုင်ပါတယ်။
အပေါ့အလေးသွားတဲ့အခါရေသုံးရင် အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ပါ။
လစဉ်သုံးပစ္စည်း၊ အိမ်သာသုံးစက္ကူစတာတွေကို အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေ မသုံးပါနဲ့။
အတွင်းခံသန့်ရှင်းမှုကို ဂရုစိုက်ပါ။
မိန်းမကိုယ်မှာ ယားယံလာခဲ့ရင်လည်း မကုတ်လိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။


#မိန်းမကိုယ်
#အတွင်းခံ
#လက္ခဏာ
#မှို
#ရောဂါပိုး

Some text some message..