ခံရသိပ်ခက်တဲ့ မိတ်တွေ မြန်မြန်သက်သာ ပျောက်ကင်းစေဖို့
ondoctor.com.mm
|
2019-10-22



ခံရသိပ်ခက်တဲ့ မိတ်တွေ မြန်မြန်သက်သာ ပျောက်ကင်းစေဖို့

အပူပိုင်းဒေသမှာနေတဲ့ လူအတော်များများအနေနဲ့ မိတ်ထွက်ခြင်းကိုခံစားဖူးကြမှာပါ။

အခုလို ပူအိုက်တဲ့နွေရာသီမှာဆိုရင် မိတ်ထွက်ခြင်းဟာ ပိုပြီးအဖြစ်များတတ်ပါတယ်။

ကလေး၊လူကြီး ကျားမမရွေးမိတ်ထွက်ခြင်းကိုခံစားရနိုင်ပါတယ်။

မိတ်ထွက်တာကို ဆေးပညာအရ Miliaria သို့မဟုတ် Heat rash သို့မဟုတ် Prickly heat လို့ခေါ်ပါတယ်။

မိတ်ထွက်တယ်ဆိုတာဟာ အရေပြားပေါ်မှာ အဖြူရောင်အရည်ကြည်ဖုလေးများ သို့မဟုတ် အနီရောင်အဖုလေးများ အနီရောင်ဗြင်ကွက်များ ပေါ်လာတာဖြစ်ပါတယ်။

ချိုင်းကြား၊ပေါင်ကြား၊ကျောကုန်း၊ရင်ဘတ်၊လည်ပင်း နေရာတွေမှာ အဖြစ်များလေ့ရှိပါတယ်။

အရပ်ခေါ်အနေနဲ့ အဖြူရောင်အရည်ကြည်ဖုလေးတွေကို မိတ်သေးလို့ ခေါ်လေ့ရှိပြီး အနီရောင်အဖု အနီရောင်ဗြင်ကွက်တွေကိုတော့ မိတ်ကြီးလို့ခေါ်လေ့ရှိပါတယ်။

မိတ်သေးထွက်တဲ့အခါ ယားတာ၊နာတာမရှိတတ်ပေမယ့် မိတ်ကြီးထွက်တဲ့အခါ ယားတာ၊ဆစ်ခနဲ ဆစ်ခနဲ နာသလိုဖြစ်တာ (မိတ်ကိုက်တာ)၊စပ်တာ တွေပါ ခံစားရတတ်ပါတယ်။

မိတ်ထွက်ရတာဟာ အရေပြားမှာရှိတဲ့ ချွေးဂလင်းအပေါက်လေးတွေ ပိတ်ဆို့လို့ပါ။

ဘာဖြစ်လို့ ပိတ်ဆို့ရလဲဆိုတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ဒါပေမယ့် မိတ်ထွက်ခြင်းဟာ

ကလေးတွေ

ပူတဲ့အချိန်မှာ ထူပိန်းတဲ့အဝတ်အစားဝတ်သူတွေ၊ပြင်းပြင်းထန်ထန်ဖျားတဲ့သူတွေ

လိမ်းဆေးအဆီတမျိုးမျိုး ပျစ်တဲ့အဆီတမျိုးမျိုး သို့မဟုတ် နေရောင်ကာခရင်မ်ကို ထူထဲစွာလိမ်းတဲ့သူတွေ

ချွေးထွက်များတဲ့သူတွေ

ကိုယ်လက်လှုပ်ရှားမှုတအားများတဲ့သူတွေ

အိပ်ရာထဲအမြဲလှဲနေတဲ့သူတွေ

ဝတဲ့သူတွေ

ရေခဲရေတအားသောက်တဲ့သူတွေ မှာ အဖြစ်များတတ်ကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

မိတ်ထွက်တာဟာ အများအားဖြင့်တော့ ဆေးခန်းပြဖို့ လိုလေ့ မရှိတတ်ဘဲ သူ့ဘာသာသူပျောက်နိုင်ပါတယ်။

မိတ်ထွက်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေ သက်သာအောင် အရိပ်ရအေးမြတဲ့နေရာမှာ နားနားနေနေ နေပါ။

တတ်နိုင်ရင် အဲယားကွန်းအခန်းထဲမှာ နေတာပိုကောင်းပါတယ်။

အဲယားကွန်းအပူချိန်ကို ၂၅ ဒီဂရီစင်တီဂရိတ်မှာပဲထားပါ။အဲ့ထက်တအားအေးရင်ကျ မကောင်းပါ။

အဲယားကွန်းမရှိလည်း သစ်ပင်အောက် သို့မဟုတ် လေဝင်လေထွက်ကောင်းတဲ့နေရာ လေတိုက်တဲ့နေရာတွေမှာနေလို့ရပါတယ်။

ချွေးထွက်တဲ့အခါ သဘာဝရေအေးအေးလေးနဲ့ မကြာခဏ ရေဖတ်တိုက်ပေးပါ။(ရေခဲရေမသုံးပါနဲ့)

ယားယံတာ၊မိတ်ကိုက်တာ သက်သာအောင် Caladyl lotion သို့မဟုတ် Calamine lotion လိမ်းနိုင်ပါတယ်။အဲ့ဒါတွေဝယ်ရခက်ပါက ခရေပန်းခြောက်နဲ့သနပ်ခါးရောပြီးသွေးကာ လိမ်းနိုင်ပါတယ်။

တအားယားပါက Cetrine သို့မဟုတ် Burmeton ညတပြားသောက်နိုင်ပါတယ။်

ပွတဲ့ချည်သား အဝတ်အစားတွေကိုဝတ်ဆင်ပါ။

ကျပ်ထုတ်နေတဲ့အဝတ်အစားတွေ လေဝင်လေထွက်မကောင်းတဲ့အဝတ်အစားတွေမဝတ်ပါနဲ့။

ပူတဲ့ရာသီဥတုမှာ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ပါနဲ့။

တကယ်လို့ ဒီလိုတွေလုပ်လို့မှမသက်သာဘူးဆိုရင်၊အနီဖု အနီကွက်တွေပိုဆိုးလာပြီး အရေပြားရောင်ရမ်းတာ ပိုဆိုးလာရင်၊မိတ်ဖုတွေမှာပြည်တည်လာရင်၊ဖျားတာတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်း၊ဆေးရုံပြသဖို့လိုပါတယ်။

Dr 528





နို့သီးခေါင်းမှ နို့ရည်ထွက်ခြင်းအကြောင်း

ဒီခေါင်းစဉ်မြင်တော့ တချို့စာဖတ်သူတွေအနေနဲ့ နို့သီးခေါင်းဆိုမှတော့ နို့ရည်ထွက်မှာပေါ့ ဘာများဆန်းလို့လဲလို့ ပြောစရာရှိပါတယ်။

ဟုတ်ပါတယ်။

နို့သီးခေါင်းက နို့ရည်ထွက်တာဟာ မဆန်းပါဘူး။ ကိုယ်ဝန်လရင့်လာတဲ့ အချိန်တွေနဲ့ ကလေးမွေးပြီး ကလေးနို့တိုက်နေတဲ့အချိန်တွေမှာဆိုရင်ပေါ့။

အဲ့လိုအချိန်တွေမဟုတ်ဘဲ တခြားအချိန်တွေမှာ နို့သီးခေါင်းက နို့ရည်တွေထွက်ကျလာတာမျိုးဆိုရင်တော့ ဆန်းသွားပါပြီ။

ဒါ့အပြင် အမျိုးသားတွေ၊ ကလေးတွေရဲ့ နို့သီးခေါင်းကနေ နို့ရည်ထွက်ကျတာမျိုးဆိုရင်တော့ ပိုဆန်းသွားပြီး စိတ်ဝင်စားစရာကောင်းသွားပါပြီ။

ဒီလိုမျိုး ထွက်ရမယ့်အချိန်အခါမဟုတ်ဘဲ ပုံမှန်မဟုတ်ဘဲ နို့သီးခေါင်းက နို့ရည်တွေထွက်တာကို ဆေးပညာအရ Galactorrhea လို့ခေါ်ပါတယ်။

အများအားဖြင့်တော့ အမျိုးသမီးတွေမှာပဲ ဖြစ်လေ့ရှိပါတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားမှာအဖြစ်များပါတယ်။

သို့ပေမယ့် အမျိုးသားတွေနဲ့ ကလေးငယ်လေးတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

Galactorrhea ဟာ ရောဂါတခုမဟုတ်ပါဘူး။

ရောဂါတခုခု သို့မဟုတ် အောက်ခံအကြောင်းရင်းတခုခုရဲ့ လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။

Galactorrhea ဖြစ်ပွားရတဲ့အကြောင်းတွေအနေနဲ့ပြောရရင် အများအားဖြင့်ကတော့ သွေးထဲမှာ Prolactin ဟော်မုန်းတွေတအားများလာခြင်းကြောင့် ဖြစ်ပါတယ်။

Prolactin ဟော်မုန်းဆိုတာက ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီး ကလေးနို့တိုက်ချိန်တွေမှာပဲ နို့ထွက်အောင်လုပ်ဆောင်ပေးဖို့အတွက် Pituitary gland ကနေ အများကြီးထွက်ရတာပါ။

Prolactin ဟော်မုန်းကို အချိန်အခါမဟုတ် ပုံမှန်မဟုတ်အထွက်များစေတဲ့ အကြောင်းတွေကတော့

– Pituitary gland မှာ အလုံးအကျိတ်ဖြစ်တာ

– Hypothalamus ခေါ် ဦးနှောက်အောက်ခြေနေရာမှာ အလုံးအကျိတ်ဖြစ်တာ

– သိုင်းရွိုက်ဟော်မုန်းနည်းတာ

– အသည်းနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တာ (အသည်းခြောက်တာ)

– Methyldopa လို သွေးပေါင်ကျဆေးအမျိုးအစားတွေ ရေရှည်သောက်နေရတာ

– ကိုကင်း၊ ဆေးခြောက်လို မူးယစ်ဆေးတွေသုံးတာ

– ကျောက်ကပ်နဲ့ ဆိုင်တဲ့ရောဂါဖြစ်တာ

– အချို့သော အိပ်ဆေးတွေ၊ စိတ်ရောဂါဆေးတွေ သောက်တာ

– နာနတ်ပွင့်၊ စမုံစပါးတွေပါတဲ့ တိုင်းရင်းအားဖြည့်ဆေးတွေ သောက်တာ

– တားဆေး ဟော်မုန်းဆေးတွေ သောက်တာ

– ကျောရိုးအာရုံကြောမကြီးမှာ အလုံးအကျိတ်ဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာ စသဖြင့်အများကြီးရှိပါတယ်။

ဒါ့အပြင်

– စိတ်ဖိစီးစရာများတာရှိရင်

– ရင်သားနဲ့ နို့သီးခေါင်းကို တရားလွန် ထိတွေ့လှုံ့ဆော်ခံရမှုများတာ (ဘရာစီယာအကြပ်၊ အကျီအကြပ်တွေ အဝတ်များတာမျိုး သို့မဟုတ် လိင်ဆက်ဆံမှုပြုတဲ့အခါ၊ အာသာဖြေတဲ့အခါ ရင်သားနဲ့ နို့သီးခေါင်းကို တရားလွန်ထိတွေ့ကိုင်တွယ်ခံရတာမျိုး) ရှိရင်လည်း ပုံမှန်မဟုတ် အချိန်အခါမဟုတ် နို့သီခေါင်းကနေ အရည်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။

တခါတလေ ဘာအကြောင်းမှကို မရှိဘဲ သူ့ဘာသူလည်း နို့သီးခေါင်းက အရည်ကြည် သို့မဟုတ် နို့ရည်ထွက်ကျတာမျို းရှိနိုင်ပါတယ်။

နို့ရည်ထွက်တာဟာ တဖက်တည်းလည်းဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်း အောက်ခံရောဂါပေါ်မူတည်ပြီး နို့ရည်ထွက်တာအပြင် ရာသီထိန်တာ၊ ရာသီမမှန်တာ၊ ခေါင်းကိုက်တာ၊ လိင်စိတ်လျော့နည်းတာ၊ အမျိုးသားတွေမှာဆိုရင် ပန်းသေတာ၊ ရင်သားကြီးလာတာ စသဖြင့် အောက်ခံရောဂါရဲ့ လက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။

နို့ရည်ထွက်တာက အနည်းငယ်ပဲဖြစ်ပြီး အရည်ကြည်ဖြစ်တယ် တခြားရောဂါလက္ခဏာတွေမရှိဘူးဆိုပါက ရက်အနည်းငယ်လောက်အကြာမှာ သူ့ဘာသူ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

တကယ်လို့နို့ရည်ထွက်တာက များရင်၊ အဆက်မပြတ်ဖြစ်နေရင်၊ ထွက်တဲ့နို့ရည်က ဝါကျင့်ကျင့်အရောင်၊ သွေးရောင်ဖြစ်နေရင်၊ တခြားရောဂါလက္ခဏာတွေလည်း ရှိမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်ကာ ကုသမှုခံယူဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ ကိုယ်ဝန်ရှိမရှိစစ်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ စသဖြင့် လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ နို့ရည်ထွက်တာသက်သာအောင် နို့ခမ်းဆေးထိုးတာ၊ သောက်တာအပြင် ဖြစ်ရတဲ့အကြောင်းရင်း အောက်ခံရောဂါပေါ်မူတည်ပြီးလည်း ကုရပါတယ်။

ဥပမာ …………

သောက်နေရတဲ့ ဆေးတွေကြောင့်ဖြစ်တာဆိုရင် ဆေးတွေကိုရပ်တာ တခြားအမျိုးအစားနဲ့ အစားထိုးတာတွေ လုပ်ရနိုင်ပါတယ်။

အလုံးအကျိတ်တွေကြောင့်ဖြစ်တာဆိုရင် ခွဲစိတ်မှုခံယူဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနဲတာကြောင့်ဆိုရင် သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်ပြန်ဖြစ်အောင်ကုဖို့လိုပါတယ်။

အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ ပုံမှန်မဟုတ် အချိန်အခါမဟုတ် နို့ရည်ထွက်တာ ဖြစ်နိုင်ခြေနဲအောင် သားမြတ်နဲ့နို့သီးခေါင်းကို တရားလွန်ထိတွေ့ကိုင်တွယ်ခြင်းမဖြစ်အောင် ရှောင်ပါ။ စိတ်ဖိစီးစရာနဲအောင်နေပါ။ အတွင်းအကျီတအားကြပ်တာမျိုးတွေ မဝတ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။

Dr 528


#နို့ရည်
#နို့သီးခေါင်း
#အကျိတ်
#အောက်ခံ
#အချိန်အခါ

Some text some message..