
လေ့လာချက်သစ်တစ်ခုအရ ကော်ဖီသောက်သုံးသူတွေဟာ အဖြစ်များတဲ့ အသည်းကင်ဆာကို ထက်ဝက်ခန့်လျော့ချနိုင်ကြောင်း dailymail အရ သိရပါတယ်။ ကော်ဖီစေ့တွေထဲမှာ ကင်ဆာဆဲလ်တွေပြန့်နှံ့မှုကို ရပ်တန့်စေတဲ့ ပိုလိုဖီနောလ်ဓာတုကွန်ပေါင်း ပါဝင်တယ်လို့ ၎င်းလေ့လာချက်က ဆိုပါတယ်။
Queen’s University Belfast ဟာ လူ(၅) သောင်းကျော်ကို သုတေသနပြုခဲ့ပြီး ထိုထဲက လေးပုံသုံးပုံဟာ ကော်ဖီသောက်သူတွေ ဖြစ်ပါတယ်။ သုတေသနအရ ထိုကော်ဖီသောက်သုံးသူတွေမှာ အသည်းကင်ဆာကို ဖြစ်ပွားစေတတ်တဲ့ hepatocellular carcinoma အမည်ရ အသည်းရောဂါတစ်မျိုးကို (၅၀) ရာခိုင်နှုန်းအောက် လျော့နည်းကာ တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ သုတေသနမှာပါဝင်ခဲ့တဲ့ ဆရာဝန်ကြီး ယူနာမက်မီနာမင်ကလည်း ကော်ဖီတွေမှာ ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ အချက်တွေကိုတွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

unsplash/Nathan Dumlao
ဆရာဝန်ကြီးကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်နဲ့ အင်ဒီအောက်ဆီးဒန့်ကြောင့် ကင်ဆာကို ကာကွယ်နိုင်တာဖြစ်မယ်ဆိုပြီး သုံးသပ်ထားပါတယ်။ ဒါပေမယ့်လည်း တစ်ခုရှိတာက ကော်ဖီသောက်သုံးခြင်းဟာ အသည်းကင်ဆာကို လုံးဝမဖြစ်ပွားနိုင်အောင် ကာကွယ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ အသည်းကင်ဆာမဖြစ်ပွားချင်ရင် ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာ၊ အဝမလွန်အောင် ဝိတ်လျော့တာတွေကိုတော့ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။
သုတေသနပညာရှင်တွေဟာ ကော်ဖီသောက်သုံးသူ (၃၆၅,၁၅၇) နဲ့ ကော်ဖီမသောက်သုံးသူ (၁၀၀,၀၀၀) ကိုလေ့လာကြည့်တဲ့အခါ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် စာရင် အသည်းရောဂါဖြစ်ပွားနိုင်ခြေ (၅၀) ရာခိုင်နှုန်း လျော့နည်းနေတာကို တွေ့ခဲ့ရပါတယ်။

unsplash/Karl Fredrickson
အင်္ဂလန်နိုင်ငံမှာတော့ ကော်ဖီသောက်သူအများစုဟာ အသင့်ဖျော်ကော်ဖီတွေကိုသာ သောက်သုံးကြပါတယ်။ ကော်ဖီသောက်သုံးခြင်းဟာ ကောင်းမွန်ပေမယ့် အသင့်ဖျော်ကော်ဖီတွေမှာတော့ ကင်ဆာဖြစ်နိုင်တဲ့ အလားအလာတွေရှိနေတာကြောင့် ကော်ဖီမှုန့်စစ်စစ်ကို ကိုယ်တိုင် နှပ်ဖျော်ပြီး သောက်သုံးဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ ဒါ့အပြင် ကော်ဖီထဲမှာ ခန္ဓာကိုယ်ထဲတွင်း ရောင်ရမ်းတာတွေကို တားဆီးပေးတဲ့ ကလိုရိုဂျန်းနစ်လို ကွန်ပေါင်းမျိုး ပါဝင်တဲ့အတွက် ကင်ဆာပြဿနာကို လျော့ကျစေတာဖြစ်နိုင်ကြောင်းလည်း ပညာရှင်တွေက သုံးသပ်ထားပါတယ်။
လင်းလင်း (ShweMom)