အအေးမိဖျားနာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ပိုးဝင်ရောက်ခြင်းဖြစ်ပါတယ်။ နှာခေါင်းအတွင်းပိုင်းနဲ့ အာခေါင်အပေါ်ယံအမြှေးများ ရောင်ရမ်းလာပါတယ်။ ခန္ဓာကိုယ်ခုခံအားရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ၁ဝ ရက်လောက်ကြာတဲ့အခါ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှ ကင်းစင်သွားပါတယ်။ စိုးရိမ်ရပါသလား အအေးမိဖျားရိုးရိုးကတော့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ခုခံအားနည်းတဲ့အခါမှာတော့ လေပြွန်ရောင်ခြင်းအထိ ခံစားရတတ်ပါတယ်။ ကလေးငယ်လွန်းရင် အအေးမိကာ နှာခေါင်းပိတ်တဲ့ သာမန်လက္ခဏာလေးကြောင့် အစားမစားနိုင်တဲ့ ပြဿနာရှိတတ်ပါတယ်။ ရောဂါလက္ခဏာများ • နှာချေခြင်း၊ • နှာယိုခြင်း (သို့) နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ • ကြွက်သားများကိုက်ခဲနာကျင်ခြင်း၊ • ကလေးစိတ်မကြည်လင်ခြင်း၊ • နှာစေးခြင်း၊ သင်ပထမဆုံးဘာလုပ်သင့်သလဲ ၁။ ကလေးကိုယ်အပူချိန်တိုင်းကြည့်ပါ။ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် (၁ဝ၄ ဒီဂရီဖာရင်ဟိုက်) ထက်များနေပြီး လေးနာရီ ငါးနာရီ ကြာတဲ့အထိ အဖျားမကျဘူးဆိုရင် ကလေးကို အိပ်ရာထဲမှာနေခိုင်းပါ။ အဖျားကျအောင် ပြုစုပေးပါ။ ၂။ နှာခေါင်းမှ ယိုကျလာတဲ့အရည် အရောင်ဝါဖြစ်နေမယ်ဆိုရင် ရောဂါပိုးဝင်ရောက်နေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ နှာရည်ဟာ ကြည်ကြည်ချွဲပျစ်ပျစ်ဖြစ်နေရင် တစ်စုံတစ်ခုနဲ့ မတည့်ခြင်းဖြစ်ကြောင်း ဖော်ပြတဲ့ လက္ခဏာပဲ။ ၃။ ဆရာဝန်အကြံပြုချက်မရှိဘဲ ဆေးဝါးတိုက်ကျွေးခြင်း မလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ ပြသဖို့လိုပါသလား အခြားရောဂါပိုးဝင်ရောက်နေတယ်ထင်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။ နှာခေါင်းပိတ်သော်လည်းကောင်း၊ အကြောင်းတစ်ခုခုကြောင့် သော်လည်းကောင်း ကလေးမအိပ်နိုင်၊ အစားမစားနိုင် ခံစားနေရတယ်ဆိုရင်လည်း ဆရာဝန်နဲ့ဖြစ်စေ၊ ကျန်းမာရေး ကျွမ်းကျင်ဝန်ထမ်း တစ်ဦးဦးနဲ့ဖြစ်စေ တိုင်ပင်ပြသသင့်ပါတယ်။ ဆရာဝန်ကဘာလုပ်ပေးမှာလဲ • ဝင်ရောက်တဲ့ရောဂါပိုးအတွက် ဆေးကုသပေးပါမယ်။ • အစားမစားနိုင်အောင် ဖြစ်နေခြင်းကို သက်သာစေဖို့ နှာခေါင်းအတွင်းသို့ အစက်ချထည့် ဆေးညွှန်းကြားပေးပါလိမ့်မယ်။ ညွှန်ကြားသည်ထက်လွန်အောင် အဲဒီဆေးကိုထည့်မိရင် နှာခေါင်းအတွင်းရှိ အပေါ်ယံအမြှေးလွှာ ပျက်စီးသွားနိုင်တဲ့အတွက် ဂရုပြုလိုက်နာဖို့ လိုပါတယ်။ • ချောင်းအဆက်မပြတ် ဆိုးနေရင်တော့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးမျိုး သောက်စေမှာဖြစ်ပါတယ်။ သင်ဘာလုပ်ပေးနိုင်မလဲ • အသက်ရှူရလွယ်ကူအောင် ခေါင်းအုံးမြင့်မြင့်ကို ကျောအောက်မှာ ခံပေးပြီး ခေါင်းပိုင်းမြင့်ထားပေးပါ။ • ကလေးကို အရည်များများသောက်ခိုင်းပါ။ နှာခေါင်းတစ်ဖက်ချင်းဖွင့်ပြီး လေမှုတ်ထုတ်စေပါ။ • ကလေးရဲ့ အခန်းထဲမှာ လေထုကိုစိုထိုင်းဆများအောင် စီစဉ်ပေးပါ။ • နှာခေါင်းတစ်ဝိုက်၊ အပေါ်နှုတ်ခမ်းတစ်ဝိုက် နာကျင်နေရင် အဆီတစ်မျိုးမျိုးလိမ်းပေးပါ။ • ပရုတ်ပါတဲ့ ရှူဆေးလေးကို အင်္ကျီ အဝတ်အစားမှာဖြစ်စေ၊ အိပ်ရာခင်းမှာဖြစ်စေ ညအိပ်တဲ့အခါ ဆွတ်ပေးပါ။ • လတ်လတ်ဆတ်ဆတ် သံပရာသီးရည်ကို ရေနွေးပူပူနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ကို အိပ်ရာဝင်ခါနီး တိုက်ပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ကို သက်သာစေပါတယ်။ Ref: ဒေါက်တာမာမာဆွေ ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှာကောက်နှုတ်ထားပါတယ်။ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။