ဓာတ်ပုံ -မျိုးဝင်းထွန်း
စစ်ကိုင်းတိုင်း ၃၂ မြို့နယ်ရှိ အသက်ကိုးလမှ ငါးနှစ်ခွဲအရွယ် ကလေးငယ်ငါးသိန်းခန့်ကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေး
စစ်ကိုင်းတိုင်းအတွင်းရှိ အသက် ကိုးလမှ ငါးနှစ်ခွဲအရွယ်ကလေးများအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ် ဆေးများကို ဒုတိယအသုတ်အဖြစ် ကျန်နေသော ၃၂ မြို့နယ်တွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ထိုးနှံပေးလျက်ရှိသည်။
"စစ်ကိုင်းတိုင်းထဲမှာ အသက် ကိုးလက ငါးနှစ်ခွဲအရွယ် လျာထား ကလေးငါးသိန်းလောက်ကို ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမှာ ဖြစ်ပါတယ်။ ပထမအသုတ်အနေနဲ့ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေ မှာ အောက်တိုဘာ၂၅ ရက်ကနေ ၂၉ ရက်အထိ ထိုးနှံပေးပြီးဖြစ်ပါတယ်။ ကျန်နေတဲ့ ၃၂ မြို့နယ်ကို နိုဝင်ဘာ၂၆ ရက်ကနေ ၂၈ ရက်အထိ ဒုတိယ အသုတ် ကာကွယ်ဆေးထိုးနှံပေးနေ တာပါ" ဟု စစ်ကိုင်းတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာ ညိမ်းညိမ်းအေးက ပြောသည်။
နိုင်ငံတစ်ဝန်း ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ကာကွယ် ဆေးထိုးအစီအစဉ်ကို စစ်ကိုင်းတိုင်း နည်းတူ ကျန်တိုင်းနှင့် ပြည်နယ်များရှိ ခရိုင်မြို့နယ်အဆင့်ဆင့်တွင် တစ်ပြိုင် တည်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ဝက်သက်ဂျိုက်သိုးရောဂါကာ ကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း အားဖြင့် မြန်မာနိုင်ငံရှိ ဝက်သက် ရောဂါကာကွယ်မှုမရှိသည့် အသက် အုပ်စုကလေးများအား ဝက်သက် ရောဂါ ကာကွယ်မှုပေးနိုင်ခြင်း ဝက် သက်ရောဂါကပ်အသွင် ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်းနှင့် မွေးရာပါ ဂျိုက်သိုးရောဂါဖြစ်ပွားမှုကို ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ ညိမ်း ညိမ်းအေးက ရှင်းပြသည်။
"နိုင်ငံတော်အစိုးရရဲ့ အသက် ငါးနှစ်အောက်ကလေးတွေ သေဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက် ရောက်ရှိဖို့ အထောက်အပံ့ပေးပါ တယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခု ရောက်ရင် ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ကင်းဝေးပြီး မွေးရာပါဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်စေဖို့နဲ့ အသက်ငါးနှစ် အောက် ကလေးသေဆုံးမှုကို ထပ်မံ လျှော့ချနိုင်ဖို့ စတဲ့အကျိုးကျေးဇူးတွေ ကို ရရှိမှာဖြစ်ပါတယ်" ဟု ဒေါက်တာ ညိမ်းညိမ်းအေးက ပြောသည်။
"ကပ်ရောဂါအသွင် ဖြစ်ပွားတတ် တဲ့အတွက် ၂၀၁၅ ခုကစပြီး လေးနှစ် အကြာ အခု၂၀၁၉ ခုမှာ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေးငယ်တွေကို နိုင်ငံတစ်ဝန်း ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) အစီအစဉ်နဲ့ ဝက်သက်နဲ့ ဂျိုက်သိုး ရောဂါကာကွယ်ဆေးတွေကို Campaign အသွင်နဲ့ ထပ်မံဆောင်ရွက် တာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ပြင်းထန်တီဘီရောဂါ၊ ပိုလီယိုအကြော သေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မွေးကင်းစ ကလေး မေးခိုင်ရောဂါ၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါများ ဖြစ်ပွားမှု၊ သေဆုံး မှုမှ လျော့နည်းလျက်ရှိသည်။
"ဝက်သက် ဂျိုက်သိုးကာကွယ် ဆေးကို ကလေးငယ် အသက်ကိုးလ အရွယ်မှာ တစ်ကြိမ်၊ အသက် ၁၈ လမှာ တစ်ကြိမ် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး ဝက်သက်ရောဂါဖြစ်ပွား တာနဲ့ ဝက်သက်ရောဂါရဲ့နောက်ဆက် တွဲ ပြင်းထန်ရောဂါတွေဖြစ်ပွားမှု၊ သေဆုံးမှုတွေမရှိစေဖို့ ဆောင်ရွက်နေ တာပါ။ ဂျိုက်သိုးရောဂါဟာ ကူးစက်ခံ ရရင် ဝေဒနာပြင်းထန်တာမရှိပေမယ့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးသေတာ၊ မွေးလာတဲ့ကလေး မွေးရာပါနားမကြားဆွံ့အတာ၊ နှလုံး ရောဂါ၊ မျက်စိအတွင်းတိမ်ရောဂါနဲ့ မျက်မမြင်တာ၊ နားမကြားရောဂါအစ ရှိတဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာပြီး လူစဉ်မမီတဲ့ကလေးတွေအဖြစ် မွေး လာနိုင်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဆေးရုံ ကြီး ၁၁ ရုံလေ့လာချက်အရ ဓာတ်ခွဲ အတည်ပြုတဲ့ မွေးရာပါ ဂျိုက်သိုး ရောဂါဖြစ်ပွားမှု (Congenital Rubella Syndrome-CRS) ဦးနှုန်း ဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်" ဟု ဒေါက်တာညိမ်းညိမ်းအေးက ဆက်လက် ပြောသည်။
ကျန်းမာရေးပြဿနာအဖြစ် ရှိနေ သေးသော Rota Virus ကြောင့် ဖြစ် သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ကာကွယ်ဆေး နှစ်မျိုး အား ၂၀၂၀ ပြည့်နှစ် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်တွင် ထပ်မံထိုးနှံ နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။