တကယ်လို့သင့်ဆရာဝန်က အူမကြီးမှန်ပြောင်းကြည့်ပါလို့ ညွှန်ကြားလိုက်ရင် အရမ်းကြောက်မသွားပါနဲ့နော်။ အူလမ်းကြောင်းထဲမှန်ပြောင်းကြည့်တယ်ဆိုတာ အူမကြီးကင်ဆာကို ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် အသက် ၄၅ နဲ့အထက်လူကြီးတွေဆို ရိုက်ကြည့်ဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ အူမကြီးကင်ဆာတင်မကပဲ အကြောင်းအရင်းမသိပဲဗိုက်အောင့်တာ၊ သွေးဝမ်းသွားတာ၊ အစားအသောက်ပျက်တာလို ပြဿနာတွေပါကြုံရရင်လည်း အူမကြီးမှန်ပြောင်းကြည့်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါဆို အူမကြီးမှန်ပြောင်းကြည့်တာနဲ့ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်သင့်တာလေးတွေနဲ့ သိသင့်တာလေးတွေကို Hello Sayarwon ပရိသတ်တွေသိအောင် ပြောပြပေးသွားမယ်နော်။
အူမကြီးမှန်ပြောင်းမကြည့်ခင် ဘာလုပ်ရမလဲ
သင့်ကို အူမကြီးမှန်ပြောင်းမကြည့်ခင် သင့်မှာထူးခြားတဲ့ကျန်းမာရေးအခြေအနေတစ်မျိုးမျိုးခံစားနေရတာမျိုး ရှိမရှိဆရာဝန်က မေးမြန်းမှာဖြစ်ပါတယ်။ ဒီအချိန်မှာ အမှန်အတိုင်း၊ ကိုယ်ခံစားနေရတဲ့အတိုင်း ဆရာဝန်ကို ပြောပြပါ။ အဓိကအားဖြင့် - ကိုယ်ဝန်ရှိမရှိ - နှလုံးရောဂါရှိမရှိ - အဆုတ်ပြဿနာရှိမရှိ - သောက်ဆေးတစ်မျိုးမျိုးနဲ့ မတည့်တာမျိုးရှိမရှိ စတာတွေကို အဓိက မေးမြန်းမှာဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ဆီးချိုရောဂါရှိလို့ ဆေးသောက်နေရတယ် ဒါမှမဟုတ် သွေးကျဲဆေးသောက်နေရတယ်ဆိုလည်း ဆရာဝန်ကို ပြောပြပါ။ မှန်ပြောင်းမကြည့်ခင် ဒီသောက်ဆေးပမာဏကို ပြန်ညှိဖို့ လိုအပ်နိုင်လို့ဖြစ်ပါတယ်။
ဘာတွေပြင်ဆင်သွားရမလဲ
အူမကြီးကင်ဆာကြည့်မယ်ဆို အရေးကြီးဆုံးက အူသန့်စင်နေဖို့လိုပါတယ်။ ဆိုတော့ မှန်ပြောင်းမကြည့်ခင် အနည်းဆုံး ၂၄ နာရီလောက်တော့ အစားအသောက်ဆင်ခြင်ဖို့လိုပါတယ်။ ၂၄ နာရီကြိုပြီး ဘာမှမစားပါနဲ့။ ကော်ဖီ၊ အဖတ်လုံးဝမပါတဲ့ စွပ်ပြုတ်၊ ရေ၊ ဓာတ်ဆားရည်တွေ သောက်လို့ရပါတယ်။ မှန်ပြောင်းကြည့်မဲ့ရက်မတိုင်မီ ည ၁၀ နာရီနောက်ပိုင်းဆိုရင်တော့ ဘာမှမစားမသောက်ပါနဲ့တော့။ မှန်ပြောင်းကြည့်မယ်ဆို အူလမ်းကြောင်းသန့်စင်နေဖို့လိုအပ်တာကြောင့် မှန်ပြောင်းမကြည့်ခင် ဝမ်းနှုတ်ဆေးသောက်ရနိုင်ပါတယ်။ များသောအားဖြင့် polyethylene glycol ပေးလေ့ရှိပါတယ်။ မှန်ပြောင်းမကြည့်ခင်တစ်ရက် ဒါမှမဟုတ် ကြည့်မဲ့နေ့ မနက်မှာဝမ်းနှုတ်ဆေးသောက်ရတတ်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ဖို့တော့လိုအပ်တယ်နော်။ အူမကြီးမှန်ပြောင်းကြည့်မယ်ဆို နောက်ထပ်မှာချင်တာတစ်ခုက ကိုယ်နဲ့အတူဆေးရုံ အဖော်တစ်ယောက်ခေါ်လာစေချင်ပါတယ်။ အိပ်ဆေးပေးပြီး မှန်ပြောင်းကြည့်တာဖြစ်လို့ မှန်ပြောင်းကြည့်ပြီးရင် နည်းနည်းရီဝေဝဖြစ်နေနိုင်ပါတယ်။ဒီလိုအချိန်မှာ တစ်ယောက်တည်းကားစီးပြီး ဒါမှမဟုတ် ကားမောင်းပြီး အိမ်ပြန်တာ စိတ်မချရဘူးမဟုတ်လား။ ဒါ့ကြောင့် အဖော်တစ်ယောက်ခေါ်လာဖို့ လိုအပ်တာဖြစ်ပါတယ်။
အူမကြီးမှန်ပြောင်းဘယ်လိုကြည့်သလဲ
မှန်ပြောင်းကြည့်တော့မယ်ဆို လူနာခုတင်ပေါ်မှာ ဘယ်ဖက်ကိုစောင်းပြီးလှဲနေရပါမယ်။ ပြီးရင်သွေးကြောထဲနေ အိပ်ဆေးသွင်းလိုက်ပါမယ်။ သင်အိပ်ပျော်သွားချိန်မှာ မှန်ပြောင်းစကြည့်မှာဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းက လုံးပတ် လက်မဝက်လောက်ပဲရှိပေမဲ့ အတော်ရှည်လျားပါတယ်။ စအိုကနေ ထည့်ကြည့်တာဖြစ်ပြီး မှန်ပြောင်းထိပ်မှာ ဓာတ်မီးသေးသေးလေးရယ်၊ ကင်မရာလေးရယ်၊ လေထိုးတဲ့ပြွန်သေးသေးလေးရယ်၊ အသားစနမူနာယူဖို့ ကိရိယာသေးသေးလေးရယ်ပါ ပါတယ်။ ကင်မရာကနေ တဆင့်အူလမ်းကြောင်းကို ဆရာဝန်ကကြည့်ရှုပါတယ်။ တကယ်လို့အူလမ်းကြောင်းကကျဉ်းနေလို့ မြင်ကွင်းသိပ်မကောင်းရင် ပြွန်လေးနဲ့လေထိုးပြီး အူလမ်းကြောင်းကိုချဲ့ကြည့်ပါတယ်။ ကြည့်နေရင်း မသင်္ကာစရာနေရာတွေ့ရင် အသားစနမူနာယူမှာဖြစ်ပါတယ်။ ရလာတဲ့အသားစနမူနာကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးပါတယ်။
အူမကြီးမှန်ပြောင်းကြည့်ပြီး ဘာတွေဖြစ်နိုင်သလဲ
များသောအားဖြင့် မှန်ပြောင်းကြည့်ရင် မိနစ် ၃၀ လောက်ပဲကြာတတ်ပါတယ်။ ဒါပေမဲ့ မေ့ဆေးအရှိန်ပြယ်သွားအောင် နောက်ထပ် နာရီဝက်၊ တစ်နာရီလောက်အနားယူဖို့ လိုအပ်နိုင်ပါတယ်။ မှန်ပြောင်းကြည့်ပြီးရင် ဗိုက်ထဲကရစ်နာတတ်ပြီး ဒါပုံမှန်ဖြစ်လေ့ရှိပါတယ်။ ဆေးရုံ၊ဆေးခန်းက ပြန်လာတာနဲ့ ပုံမှန်အတိုင်းပြန်စားသောက်နိုင်ပါပြီ။ ဒါပေမဲ့ မှန်ပြောင်းကြည့်ရင်းအသားစနမူနာပါ ယူရတယ်ဆိုရင် သွေးကျဲဆေးလို ဆေးတွေသောက်တာကို ခဏတော့ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်။ အူမကြီးမှန်ပြောင်းကြည့်တာကြောင့် အူမကြီးနံရံ ထိခိုက်မိပြီးသွေးယိုတာ၊ ပေါက်ပြဲတာတွေဖြစ်နိုင်ပေမဲ့ အတော်လေးဖြစ်တောင့်ဖြစ်ခဲပါ။ တကယ်လို့ မှန်ပြောင်းကြည့်ပြီး စအိုကသွေးယိုတာမရပ်ဘူး၊ ဗိုက်က မခံမရပ်နိုင်အောင်နာကျင်တယ်၊ ချမ်းတုန်ဖျားလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ခြင်းသွားပြဖို့လိုမယ်နော်။ ရေးသားသူ - Dr.Htoo Tint
Hello Health Group
သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။