ကွန်ဒုံးအကြောင်း သိကောင်းစရာ
healthcare.com.mm
|
2019-12-09


အကြမ်းဖျင်းအားဖြင့်တော့ ကွန်ဒုံးတွေရဲ့ အားသာချက် ၃ မျိုးရှိပါတယ်။ သားဆက်ခြားတယ်။ ရောဂါကိုတားတယ်။ သဘာဝကိုမပျက်ပြားစေဘူး။ တစ်နှစ်အတွင်း အယောက် ၁ဝဝ မှာ ၂ ယောက်ကနေ ၅ ယောက်လောက်ဟာ ကိုယ်ဝန်ရရှိနိုင်ခြေ (Failure rate) ရှိပေမဲ့ ကွန်ဒုံးဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို မရစေဘူး။ HIV အပါအဝင် လိင်အင်္ဂါက တစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဟော်မုန်းဆေးတွေကို အသုံးမပြုရတဲ့အတွက် အမျိုးသမီးတစ်ဦးရဲ့ ရာသီသွေးလာချိန်ကို အပြောင်းအလဲ မဖြစ်စေပါဘူး။ ဟော်မုန်းဆေးတွေနဲ့ ဆက်စပ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကနေလည်း ကင်းဝေးနိုင်ပါတယ်။ သဘာဝကျကျသားဆက်ခြားစေပါတယ်။ ကွန်ဒုံးအသုံးပြုသူအနေနဲ့ ဘာတွေသတိထားသင့်သလဲ။ ကွန်ဒုံး Expired date ကို ကြည့်ပါ။ အမျိုးသမီးနဲ့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါချင်း မထိတွေ့ခင်က ကွန်ဒုံးကိုစွပ်ပါ။ ပြီးဆုံးချိန်မှာ အမျိုးသားရဲ့အင်္ဂါ မပျော့မီ အမျိုးသမီးထံမှ ဖယ်ပြီး ချွတ်ပါ။ အကယ်၍ ဆက်ဆံနေရင်း ကွန်ဒုံးပေါက်ပြဲခြင်း၊ ကျွတ်ထွက်ခြင်းတွေ ဖြစ်တယ်ဆိုရင် အရေးပေါ်ကိုယ်ဝန်တားတဲ့ နည်းတွေသုံးဖို့ လိုကောင်းလိုပါလိမ့်မယ်။ မိမိဆက်ဆံတဲ့သူက HIV ပိုး၊ အသည်းရောင် B ပိုးရှိသူ ဖြစ်နေပြီး ကွန်ဒုံး ပေါက်သွားတယ်ဆိုရင်တော့ အရေးပေါ်ကာကွယ်ဆေး ထိုးဖို့လို၊ မလို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အမျိုးသမီးကွန်ဒုံးနဲ့ အမျိုးသားကွန်ဒုံး ဘယ်လိုကွာခြားသလဲ။ အမျိုးသမီးကွန်ဒုံးက အမျိုးသားကွန်ဒုံးထက် Failure rate ပိုများပါတယ်။ မလိုလားဘဲ ကိုယ်ဝန်ရရှိနိုင်ခြေ ၃ ဆကနေ ၅ ဆပိုများပါတယ်။ အမျိုးသမီးကွန်ဒုံးသုံးဖို့ သေချာသင်ယူဖို့ လိုအပ်သလို ကျကျနန တပ်ဆင်တတ်ဖို့လည်း လိုပါတယ်။ သားအိမ်ခေါင်းမှာ တပ်ဆင်ထားတဲ့ ကွန်ဒုံးတွေဟာ ဆက်ဆံပြီး အချိန် ၆ နာရီ ကြာပြီးမှသာ ဖယ်ရှားသင့်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးကွန်ဒုံးက မြန်မာပြည်မှာ အသုံးနည်းသေးတဲ့အတွက် ဈေးကွက်မှာ အလွယ်တကူတော့ မရနိုင်သေးပါဘူး။ Credit : ဒေါက်တာငြိမ်းချမ်းအောင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#ကိုယ်ဝန်
#သမီး
#အင်္ဂါ
#တိုင်ပင်
#အရေးပေါ်

Some text some message..