ခွေးသွားရည်မှ ရောဂါပိုး ကူးစက်ခံရသည့် ခွေးချစ်သူတစ်ဦး သေဆုံး
အသက် ၆၃ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ့ဘယ်ခြေထောက်မှာ မီးပူလောင်သလို ခံစားရပြီး ခြေထောက်နှစ်ဖက်စလုံးက ြွကက်သားတွေနာကျင်နေလို့ ဆေးခန်းသွားပြခဲ့ပါတယ်။ သူ့ရဲ့ တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာတွေက ပြင်းထန်ပြီး သုံးရက်လောက် အသက်ကို ခက်ခက်ခဲခဲ ရှူနေရပါတယ်။ သူ့အရေပြားပေါ်မှာ သွေးကြောလေးတွေပေါက်လို့ အင်ပျဉ်လိုမျိုး အနီကွက်တွေ ထနေတာကြောင့် သူ့ခြေထောက် အသားအရောင်ကလည်း ပြောင်းလဲသွားခဲ့ပါတယ်။
လူနာရဲ့ နှလုံးခုန်နှုန်းက ပုံမှန်ပါပဲလို့ ဆရာဝန်ကပြောပေမဲ့ သူကတော့ အဖျား ၁၀၂ အထိ ရှိနေပါတယ်။ အသက်ကို ခက်ခက်ခဲခဲရှူနေရလို့ တစ်ရှူးတွေဆီကို အောက်ဆီဂျင်လည်း လုံလုံလောက်လောက် မရောက်ခဲ့ပါဘူး။ ကျောက်ကပ်တွေကလည်း ယိုယွင်းနေလို့ ဆီးမသွားနိုင်ဘူးလို့ သုတေသီတွေက ရေးသားမှတ်တမ်းတင်ထားပါတယ်။
ဒါပေမဲ့ သူ ဘာဖြစ်နေမှန်းကို ဆရာဝန်တွေက မပြောနိုင်ပါဘူး။ ဆရာဝန်တွေက သူ့မှာ ဘက်တီးရီးယားတစ်မျိုးမျိုး ကူးစက်ခံရတယ်လို့ သံသယရှိပေမဲ့ လူနာမှာအရေပြားပေါက်ပြဲတဲ့ဒဏ်ရာလည်း မရှိဘဲ ဦးနှောက်အမြှေးရောင်ရောဂါလည်း မရှိပါဘူး။
ဆေးရုံမှာ လေးရက်မြောက်တဲ့နေ့မှာတော့ သူ့ရဲ့သွေးစစ်ဆေးချက်မှာ ဘက်တီးရီးယားတစ်မျိုး တွေ့ရှိရပြီးအဲဒီဘက်တီးရီးယားက ကျန်းမာတဲ့ ခွေးနဲ့ ကြောင်တွေရဲ့ သွားရည်မှာ တွေ့ရှိရတဲ့ ဘက်တီးရီးယားပိုးတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားက ပုံမှန်ဆိုရင်တော့ လူကိုခွေးတွေ၊ ကြောင်တွေ အကိုက်ခံရမှ ကူးစက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂျာမန်အမျိုးသားကြီးကတော့ သူ့ခွေးက သူ့ကို လျှာနဲ့ လျက်ခဲ့ရုံနဲ့ သေဆုံးသွားခဲ့ပါတယ်။
European Journal မှာ ဖော်ပြခဲ့တဲ့ စာတမ်းတစ်စောင်က သူမွေးထားတဲ့ ခွေးရဲ့သွားရည်မှာ တွေ့ရှိရတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံရပြီး ရက်သတ္တပတ်အတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့တဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသားကြီးအကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။
ဆေးရုံက ဆရာဝန်တွေကတော့ သူ့မှာ ပြင်းပြင်းထန်ထန် နာမကျန်းမှု ဖြစ်ခဲ့တယ်လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ကျောက်ကပ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း၊ အသည်းအလုပ်ကောင်းကောင်းမလုပ်တဲ့ လက္ခဏာတွေနဲ့ ြွကက်သားတစ်ရှူးတွေ ယိုယွင်းလို့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာတွေ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာလည်း လက်တစ်အက်ဆစ်တွေ စုပုံနေတာကိုလည်း တွေ့ရပါတယ်။
သူ့ကို ပဋိဇီဝဆေးတွေနဲ့ ကုသပေးခဲ့ပေမဲ့လည်း သူ့ကျန်းမာရေး အခြေအနေက နာရီ ၃၀ အတွင်းမှာပဲအဆိုးဘက်ကို ရောက်နေတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဦးနှောက်ရောဂါ၊ အူလမ်းကြောင်းပိတ်ဆို့မှု၊သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ် ပျက်စီးတာတွေကြောင့် သူ့ခန္ဓာကိုယ်ဟာ ချုံးချုံးကျနေပြီလို့ ဆရာဝန်တွေက ရေးသားထားပါတယ်။ လူနာ နှလုံးခုန်ရပ်သွားတာကိုပြန်ပြီခုန်လာအောင် လုပ်နိုင်ပေမဲ့ နောက်ပိုင်းမှာ သူ့ကိုဖန်ပေါင်းချောင်ထဲထည့်ထားပြီး အသက်ရှူစက် တပ်ပေးထားခဲ့ရပါတယ်။
ဆရာဝန်တွေက စစ်ဆေးပြီးတဲ့နောက်မှာတော့ လူနာမှာ စီ. ကန်နီမိုးဆပ်စ် ရောဂါးပိုးကူးစက်ခံရတယ်လို့ ဖော်ပြထားပါတယ်။ ဒါနဲ့ ဆရာဝန်တွေက နောက်ထပ် ပဋိဇီဝဆေးတွေနဲ့ မှိုသတ်တဲ့ဆေးတွေ ပေးခဲ့ပေမဲ့ လူနာရဲ့ရောဂါဖိစီးနှိပ်စက်မှုက ပိုပြီး ဆိုးဝါးလာပါတယ်။ သူ့ရဲ့ခြေဖျားလက်ဖျားတွေဟာ ပုပ်ပွပျက်စီးနေပြီး အောက်ဆီဂျင်နည်းမှုကြောင့် သူ့ရဲ့ ဦးနှောက်ဟာ အပြင်းအထန် ရောင်ကိုင်းနေတယ်လို့ စီတီစကင်န်မှာ ဖော်ပြထားပါတယ်။
လူနာရဲ့ ဆွေမျိုးတွေက အချင်းချင်းတိုင်ပင်ကြပြီး သူ့ရဲ့ ကုသမှု တွေကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ၁၆ ရက်ကြာ ကုသမှုခံယူပြီးနောက် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာခံစားရတဲ့ ခွေးနဲ့ကြောင် ပိုင်ရှင်တွေကို ပုံမှန် ရောဂါပိုးကူးစက်မှုတာထက်ကျော်လွန်ပြီး ရောဂါလက္ခဏာတွေမပြခင်မှာ ဆေးဝါးကုသမှု လျင်လျင်မြန်မြန်ခံယူဖို့ သုတေသီတွေက သတိပေးထားပါတယ်။ စီ.ကန်နီမိုးဆပ်စ်ရောဂါပိုးကူးစက်ခံရတဲ့ လူတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်က သေဆုံးနိုင်တယ်လို့ အဆိုပါ စာတမ်းမှာရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်ပြည်ထောင်စုဝစ္စကွန်ဆင်က အမျိုးသားတစ်ဦးဟာ သူ မွေးထားတဲ့ခွေးရဲ့သားရည်ကနေ အဆိုပါ ဘက်တီးရီးယားပိုး ကူးစက်ခံရလို့ ခြေထောက်တွေ၊ လက်တွေ၊ နှာခေါင်းတွေကို ဖြတ်ပစ်လိုက်ရတဲ့ အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်
နွယ်နွယ်ယဉ်
ဘာသာပြန်သည်။