ဆယ်ကျော်သက်တွေအပေါ်မှာ စွမ်းအားဖြည့်အချိုရည် သောက်သုံးမှုရဲ့ ဘေးထွက်ဆိုးကျိုး (၇)ခု
lifestylemyanmar.com
|
2019-12-20



လေ့လာမှုတစ်ခုအရ (၁၂-၁၇နှစ်) ဆယ်ကျော်သက် သုံးပုံတစ်ပုံဟာ အားဖြည့်အချိုရည် (Energy drink) ကိုပုံမှန်သောက်သုံးကြပါတယ်။ အားဖြည့်အချိုရည်တွေမှာ သကြား၊ ကဖိန်းဓါတ်၊ ဖြည့်စွက်ပစ္စည်းများနှင့် L-carnitine, taurine, နှင့် guarana ကဲ့သို့သော လန်းဆန်းတတ်ကြွစေသောဆေးတွေလည်း ပါဝင်ပါတယ်။ ဒီလှုံ့ဆော်ဆေးတွေက အာရုံစိုက်မှု၊ နိုးကြားမှုနှင့် စွမ်းအင်ကို တိုးစေတယ် ဆိုသော်လည်း ဒီပါဝင်ပစ္စည်းတွေအပေါ် လေ့လာမှုများက စည်းကမ်းသတ်မှတ်ထားတာ မရှိပါဘူး။

ဆယ်ကျော်သက်အချို့ဟာ ခံနိုင်ရည်ချက်ချင်းရှိစေဖို့ အားဖြည့်အချိုရည်တွေ သောက်သုံးကြပါတယ။ များသောအားဖြင့် ညလုံးပေါက် စာကျက်တဲ့အခါ၊ အားကစားပြိုင်ပွဲတွေရှိတဲ့အခါ စိတ်အားထက်သန်မှုရှိအောင် အမြဲတမ်းသောက်သုံးကြပါတယ်။ သို့သော် ဒီအချိုရည်တွေက ဘယ်အတိုင်းအတာထိ လုံခြုံမှုရှိမှာလဲ? ဒါ့ကြောင့် ယနေ့ဆောင်းပါးမှတဆင့် ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ်အပေါ် energy drink တွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေနှင့် အန္တရာယ်ကင်းမှုတွေအကြောင်းကို ပြောပြချင်ပါတယ်။




Energy drink မှာ ၂မျိုးရှိပါတယ်။ (၁) ရိုးရိုးအချိုရည်နှင့် ဆင်တူတဲ့ ဘူးတွေလာပါတယ်၊ (၂) အားဖြည့်အချိုရည်ဆိုပြီး ပုလင်းသေးတွေနဲ့ လာပါတယ်။ အမျိုးအစား ၂ခုလုံးမှာ ကဖိန်းဓါတ်အဓိကပါဝင်ပါတယ်။ အမေရိကန် ကလေးအထူးကုအကယ်ဒမီရဲ့ အဆိုအရ အားဖြည့်အချိုရည်မှာ ဆယ်ကျော်သက်တွေ ပုံမှန်မစားသောက်သင့်တဲ့ စိတ်ကြွစေတဲ့ အရာဝတ္တုများနှင့် ကဖိန်းဓါတ်ပမာဏ မြင့်မားစွာ ပါဝင်ပါတယ်။

ဆယ်ကျော်သက်တွေဟာ ဘာကြောင့် အားဖြည့်အချိုရည် သောက်လိုကြတာလဲ?

အားဖြည့်အချိုရည်တွေဟာ ချက်ချင်းအကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ ဟားဗက် T.H. Chan ပြည့်သူ့ကျန်းမာရေးကျောင်းရဲ့ အဆိုအရ ထိန်းချုပ်ထားတဲ့ စမ်းသပ်မှုများမှာ energy drink တွေကြောင့် လူငယ်အားကစားသမားတွေရဲ့ စွမ်းဆောင်ရည် တိုးတတ်မှုကို ပြသခဲ့ပါတယ်။ energy drink များဟာ အချိန်တိုတိုနဲ့ နိုးကြားမှု၊ စွမ်းအင်ကို ရရှိစေပါတယ်။ လေ့လာမှုအများစုဟာ ကျန်းမာရေးဆိုးကျိုးတွေနှင့် ဆက်စပ်မှုရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။




ယူကေမှာပြုလုပ်တဲ့ စွမ်းအားဖြည့်အချိုရည်သောက်သုံးမှုနှင့် ပတ်သတ်သော လေ့လာမှုတစ်ခုအရ အရသာ၊ ပရိုမိုးရှင်း၊ ဈေးနှုန်း၊အလွယ်တကူ ရရှိနိုင်မှုနှင့် သက်တူရွယ်တူတွေရဲ့ လွှမ်းမိုးမှုက ကလေးတွေနဲ့ လူငယ်တွေအကြား စွမ်းအားဖြည့်အချိုရည် သုံးစွဲမှုကို လွှမ်းမိုးစေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။ လွယ်ကူစွာ ရရှိခြင်းက ဆယ်ကျော်သက်တွေ အားဖြည့်အချိုသောက်သုံးခြင်းကို စွဲလမ်းရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ မိဘတွေအနေနဲ့ စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်ထားဖို့ ပိုအရေးကြီးပါတယ်။




ဆယ်ကျော်သက်တွေအပေါ် စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

၁။ အစီရင်ခံစာတစ်ခုအရ စွမ်းအားဖြည့်အချိုရည် ပုံမှန်သောက်သုံးတဲ့ ဆယ်ကျော်သက်တွေဟာ သင်ယူမှုအားနည်းခြင်း၊ စွမ်းဆောင်ရည် နိမ့်ခြင်း၊ အိပ်စက်မှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အယ်ကိုဟော၊ စီးကရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုလို အန္တရာယ် ရှိနိုင်ပါတယ်။

၂။ စိန့်လူးဝစ် ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန်တစ်ဦးဖြစ်သူ Shobha Bhaskar က စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းက ကဖိန်း၊ သကြား ပါဝင်မှု မြင့်မားပြီး အာဟာရနည်းပါးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဖျော်ရည်တွေကို ပုံမှန်သောက်သုံးခြင်းက ဆယ်ကျော်သက်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။




၃။ ချပ်မန်းတက္ကသိုလ်ရဲ့ လေ့လာချက်အရ စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းက (၁၃-၁၉ နှစ်)အရွယ် ဆယ်ကျော်သက် ၄၀ရာခိုင်နှုန်းမှာ အိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း ကတုန်ကယင်ဖြစ်ခြင်းနှင့် ဗိုက်နာခြင်းတို့ကို ဖြစ်စေပါတယ်။ တချို့ပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာ လေသင်တုန်းဖြတ်တာတွေပါ ဖြစ်နိုင်ပါတယ်။

၄။ အမျိုးသားကျန်းမာရေးအင်စတီကျု့က စွမ်းအားဖြည့်အချိုရည် သောက်သုံးခြင်းဟာ အိပ်စက်မှုကို အနှောက်အယှက်ဖြစ်နိုင်ပြီး အန္တရာယ်များတဲ့ အပြုအမှုတွေ (မူးယစ်ဆေး သုံးစွဲမှု ၊ ဆေးရွက်ကြီးသုံးစွဲမှု၊ တိုက်ခိုက်ခြင်း) ကိုလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

၅။ စွမ်းအားဖြည့်အချိုရည်တွေမှာ guarana, caffeine, creatine, ginseng, taurine နှင့် ဗီတာမင်၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ သတ္တုဓါတ်တွေ ပမာဏ အသီးသီးပါဝင်ပါတယ်။ ကဖိန်းနှင့်အတူ ဒီဒြပ်ပေါင်းတွေ ရောနှောပါက ကဖိန်းက ဆီးရွှင်စေတာကြောင့် ရေဓါတ်ခန်းခြောက်စေနိုင်ပါတယ်။

၆။ ယူတာတက္ကသိုလ်ရဲ့ အဆိုအရ စွမ်းအားဖြည့်အချိုရည်တွေမှာ ကဖိန်းဓါတ်ပါဝင်တဲ့ soft drink အချိုရည် ၁၄ ဘူးနှင့် ညီမျှသော ကဖိန်း ၅၀၀ မီလီဂရမ်ကျော်ပါဝင်ပါတယ်။ ထိုသို့သော ပမာဏက ကဖိန်းဓါတ် အဆိပ်ဖြစ်စေမှုနှင့် ဆက်စပ်နိုင်ပါတယ်။

၇။ အချို့သော စွမ်းအားဖြည့်အချိုရည်တွေမှာ အယ်ကိုဟော ပါဝင်နိုင်ပါတယ်၊ အမေရိကန် စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံခန့်ခွဲမှု မှ တားမြစ်ထားတာကြောင့် စွမ်းအားဖြည့်အချိုရည် ထုတ်လုပ်မှုများမှာ ကဖိန်းနှင့် အခြားစိတ်ကျဆေးတွေ မပါဝင်တော့ပါဘူး။ သို့သော် ဒီအချိုရည်တွေကို energy drink ဆိုပြီး ဆက်လက်ရောင်းချနေဆဲဖြစ်ပြီး အချိုရည်ကို တတ်ကြွစေသော ဆေးတွေမထည့်ဘဲ ပြန်လည်ပြုပြင်ထားတာကြောင့် ဖြစ်ပါတယ်။

စွမ်းအားဖြည့်အချိုရည် (Energy drink) တွေကို ပုံမှန်သောက်သုံးမှသာလျှင် ဒီဆိုးကျိုးအန္တရာယ်တွေ ဖြစ်လာနိုင်ကြောင်း သတိပြုပါ။ တခါတရံသောက်တာတော့ ဆိုးရွားတဲ့ ဘာပြဿနာမှ ဖြစ်စေမှာ မဟုတ်ပါဘူး။

Lifestyle_Myanmar
LM_Nandar


Source-momjunction


#စွမ်းအား
#ဆယ်ကျော်သက်
#ဓါတ်
#သုံးစွဲမှု
#လေ့လာမှု

Some text some message..