သွေးဆုံးပြီး မှသွေးပြန်ဆင်းရင်
mizzimaburmese.com
|
2020-02-09

ရေးသားသူ Dr. Htet Htet Zaw Win


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win




သွေးဆုံးပြီး တဲ့အမျိုးသမီးတစ်ဦးဟာ သွေးပြန်ဆင်းစရာအကြောင်းကို မရှိပါဘူး။ ဒီနေရာမှာ သွေးဆုံးတယ်ဆိုတာက တစ်နှစ်တိတိရာသီမလာတာကို ဆိုလိုတာပါ။ အသက်ကတော့ တယောက် နဲ့ တယောက်မတူကြပါဘူး။ အသက်၄၀နဲ့ ၅၀ကြားမှာ သွေးဆုံးတာများပါတယ်။ သွေးဆုံးပြီးတဲ့နောက် သွေးပြန်ဆင်းတာက တစ်ခုခုဖြစ်နေတယ်ဆိုတာကို ပြောချင်တာပါ။ ပေါ့လို့မရပါဘူး။


အရေးကြီးလား။

အရေးကြီးပါတယ်။ သဘာဝအတိုင်းဆင်းတာထက်စာရင် ရောဂါတစ်ခုခုကြောင့်ဖြစ်ဖို့များပါတယ်။ ဒါကြောင့်


တစ်ခါပဲသွေးဆင်းတာဖြစ်ဖြစ်
နည်းနည်းလေးပဲဆင်းတာ၊ စွန်းထင်းတာ၊ အညိုအခဲတွေဆင်းတာပဲဖြစ်ဖြစ်
တခြားလက္ခဏာမရှိဘဲ သွေးဆင်းတာသက်သက်ပဲဖြစ်ဖြစ်
သွေးဆင်းတယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ တစ်ခါတစ်လေ သွေးဆင်းတာမပြင်းထန်ပေမယ့် ရောဂါကြီးနေတာမျိုး ဖြစ်နေတတ်ပါတယ်။


ဘာကြောင့်ဖြစ်တာလဲ။


အသားပိုထွက်ခြင်း

သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းမှာ အသားပိုတွယ်တာပါ။ ကင်ဆာမဟုတ်ပါဘူး။ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီးသွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။


သားအိမျနံရံပါးတာ

သားအိမ်နံရံအထူအပါးကို အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက ထိန်းပေးပါတယ်။ သွေးဆုံးပြီးတဲ့နောက်မှာ ဒီဟော်မုန်းတွေ နည်းသွားတဲ့အတွက် သွေးဆင်းတတ်ပါတယ်။


သားအိမ်နံရံထူခြင်း

တချို့သူတွေမှာ သွေးဆုံးပြီးရင် အီစထရိုဂျင်က ပရိုဂျက်စတုန်းထက် များနေတဲ့အခြေအနေမျိူးမှာ သားအိမ်နံရံထူတတ်ပါတယ်။ တစ်ခါတစ်လေ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေအဖြစ်ပြောင်းသွားတတ်ပါတယ်။ ဒါက ကြာလာရင်ကင်ဆာပြောင်းနိုင်တဲ့အတွက် စောစောကုရပါမယ်။ တချို့ကကျတော့ သွေးဆုံးကိုင်လက္ခဏာတွေ သက်သာဖို့ ဟော်မုန်းဆေးသောက်တဲ့အခါ အီစထရိုဂျင်တစ်မျိုးပဲ သောက်တဲ့အတွက် သားအိမ်နံရံထူလာပါတယ်။


မိန်းမကိုယ်တစ်ရှူးပါးလာခြင်း

အီစထရိုဂျင်ကြောင့် မိန်းမကိုယ်တစ်ရှူးတွေ ကျန်းမာတာပါ။ သွေးဆုံးပြီးတဲ့အခါ ဟော်မုန်းနည်းသွားတာကြောင့် မိန်းမကိုယ်တစ်ရှူးပါးလာတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ အတူနေပြီးရင် သွေးဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။


ကင်ဆာ

သွေးဆုံးပြီး သွေးပြန်ဆင်းတာက သားအိမ်ကင်ဆာရဲ့ အဓိကလက္ခဏာပါ။ တစ်ခါတစ်လေ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။


လိင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများ

ကလိုက်မိုင်းဒီးယား (Chlamydia)နဲ့ ဆီးပူညောင်းကျရောဂါတွေက အတူနေပြီးရင် သွေးဆင်းတာကို ဖြစ်စေပါတယ်။ လိင်အင်္ဂါရေယုန်အနာကနေလည်း သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။


ဆေးဝါးများ

ဟော်မုန်းဆေးတွေ၊ သွေးကျဲဆေးတွေ စွဲသောက်နေတဲ့သူတွေမှာလည်း သွေးဆင်းတတ်ပါတယ်။


ဘာလက္ခဏာတွေပြမှာလဲ။

သွေးဆင်းတာအပြင် ဖြစ်တဲ့အကြောင်းရင်းကိုလိုက်ပြီး မိန်းမကိုယ်ခြောက်တာ လိင်စိတ်နည်းတာ အိပ်မပျော်တာ ဆီးမထိန်းနိုင်တာ ဆီးပိုးဝင်တာ ဝလာတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။


နောက်ဆက်တွဲဆိုးကျိုး


ဆိုးကျိုးကြီးကြီးမားမားတော့ မရှိပါဘူး။ သွေးဆင်းတာများရင် သွေးအားနည်းတာ၊ မူးဝေတာ၊ ဖြူဖျော့တာ၊ ရင်တုန်တာမျိုး ဖြစ်တတ်ပါတယ်။
ကုသနည်းများ

ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေမတူကြပါဘူး။


အသားပိုတွယ်ခြင်း

အသားပိုကို ခွဲစိတ်ထုတ်ပစ်ရမှာပါ။


သားအိမ်နံရံပါးခြင်း

အီစထရိုဂျင်ပါတဲ့ မိန်းမကိုယ်လိမ်းဆေးတွေ၊ ကွင်းစွပ်တွေ သုံးရပါမယ်။


သားအိမ်နံရံထူခြင်း

အခြေအနေပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ ဟော်မုန်းဆေးတွေပေးတာ၊ ခွဲစိတ်တာတွေ လုပ်လို့ရပါတယ်။


ကင်ဆာ

ခွဲစိတ်တာတွေ၊ ရောင်ခြည်ပြတာတွေ၊ ဆေးသွင်းတာတွေ လုပ်ရပါမယ်။


ဆေးတွေကြောင့်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအတိုးအလျော့လုပ်တာ၊ ဆေးပြောင်းတာ လုပ်ရပါမယ်။
ကူးစက်ရောဂါတွေရှိရင်လည်း ကုသရပါမယ်။


ကာကွယ်နည်းများ

သွေးဆုံးပြီး သွေးပြန်ဆင်းတာက ရိုးရိုးရောဂါဖြစ်နိုင်သလို ကင်ဆာလို ရောဂါကြီးလည်း ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာကို မကာကွယ်နိုင်ပေမယ့်လည်း စောစောသိရင် စောစောကုသမှုခံယူနိုင်ပါတယ်။ ကင်ဆာလိုရောဂါမျိုးတောင် စောစောသိရင် ကုလို့ရပါတယ်။


#သားအိမ်
#သွေး
#မိန်းမကိုယ်
#နံရံ
#ကင်ဆာ

Some text some message..