ပန်ကရိယ
ဆိုတာ အစာအိမ်နောက်မှာရှိတဲ့ ရှည်မျောမျော အင်္ဂါတစ်ခုပါ။ သူက
အစာခြေ
စနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ၊ သွေးချိုဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်းတွေ ထွက်ပေးပါတယ်။ ပန်ကရိယရောင်တာက ရုတ်တရက်ရောင်တာလည်း ဖြစ်နိုင်သလို၊ နာတာရှည်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပန်ကရိယရောင်တာက သိပ်မဆိုးရင် ဒီတိုင်းသက်သာပေမယ့် ပြင်းထန်လာရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒီဆောင်းပါးမှာ ပန်ကရိယရောင်ရင် ဘယ်လိုခံစားရမှာလဲ။ အသက်အန္တရာယ်ရှိလား။ ဘာလို့ဖြစ်ရတာလဲ စတာတွေကို ပြောပြပေးသွားမှာပါ။
ခံစားရတဲ့ လက္ခဏာများ
ရုတ်တရက်ရောင်တာလား၊ နာတာရှည်လားဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲသွားပါတယ်။ ရုတ်တရက်ရောင်ရမ်းရင် -ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် -နောက်ကျောထိပျံ့မယ် -အစာစားရင် ပိုနာမယ် -ဖျားမယ် -သွေးခုန်နှုန်းမြန်မယ် -ပျို့မယ် -အန်မယ် -ဗိုက်က အထိမခံနိုင်အောင် နာမယ်။ နာတာရှည်ရောင်ရမ်းရင်တော့ -ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် -အလိုလိုနေရင်းပိန်လာမယ် -ဝမ်းနံ့ဆိုးပြီး အဆီများမယ် (steatorrhoea) တကယ်လို့ ဝမ်းဗိုက်က အဆက်မပြတ်နာမယ်။ နာလွန်းလို့ ထိုင်တောင်မထိုင်နိုင်ဘူး။ လူးလိမ့်နေရမယ်ဆိုရင် ဆေးရုံကို အမြန်သွားသင့်ပါပြီ။
ဘာလို့ဖြစ်ရတာလဲ။
-
သည်းခြေကျောက်တည်
တာ -
အရက်
အလွန်အကျွံသောက်တာ -parathyroidဟော်မုန်းများပြီး သွေးထဲမှာ ကယ်လ်ဆီယမ်များတာ -သွေးထဲမှာ triglycerides အဆီများတာ -ပိုးဝင်တာ -
အဝလွန်
တာ -ပန်ကရိယကင်ဆာရှိနေတာ -ဝမ်းဗိုက်ဒဏ်ရာရတာ -ဝမ်းဗိုက်ခွဲစိတ်ကုသမှုလုပ်တာနဲ့ တချို့ဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။ -ERCPလို့ခေါ်တဲ့ မှန်ပြောင်းနဲ့ သည်းခြေကျောက်ဖယ်ရာကလည်း ဖြစ်တတ်ပါသေးတယ်။ တစ်ခါတစ်လေတော့လည်း ပန်ကရိယသာရောင်တာ ဘာကြောင့်ဖြစ်တာလဲဆိုတာ မသိတာတွေလည်း ရှိတတ်ပါသေးတယ်။
ဘယ်သူတွေမှာပိုဖြစ်လဲ။
-အရက်အလွန်အကျွံသောက်တဲ့သူတွေ -
ဆေးလိပ်သောက်
တဲ့သူတွေက မသောက်တဲ့သူတွေထက် နာတာရှည်ပန်ကရိယရောင်ဖို့ သုံးဆပါ။ ကံကောင်းတာက ဆေးလိပ်ဖြတ်လိုက်ရင် ဖြစ်နိုင်ချေ တစ်ဝက်လျော့သွားပါတယ်။ -အဝလွန်သူတွေ -မိသားစုထဲမှာ ပန်ကိရိယရောင်တဲ့ ရာဇဝင်ရှိသူတွေ။ ခုနောက်ပိုင်းမှာ နာတာရှည်ပန်ကရိယရောင်တာက မျိုးရိုးလိုက်တတ်တယ်လို့ ပြောလာကြပါပြီ။ သင့်မှာ မိသားစုရာဇဝင်လည်းရှိတယ်။ တခြားဖြစ်စေနိုင်တဲ့ အချက်တွေလည်းရှိနေရင် ရောဂါဖြစ်ဖို့ အလားအလာများနေပါပြီ။
နောက်ဆက်တွဲ ဆိုးကျိုးများ
(၁)ပန်ကရိယအရည်အိတ်တည်ခြင်း (pseudocyst) ဒီအရည်အိတ်က ဆိုဒ်ကြီးရင် ပေါက်ပြီး ခန္ဓာကိုယ်တွင်းသွေးယိုတာ၊ ပိုးဝင်တာတွေဖြစ်တတ်ပါတယ်။ (၂)ပိုးဝင်ခြင်း ရောင်ရမ်းနေတဲ့ ပန်ကရိယက ပိုးဝင်လွယ်ပါတယ်။ ဒီလိုဖြစ်လာရင် ရောဂါပြင်းထန်တတ်တာကြောင့် ခွဲစိတ်ပြီး ပိုးဝင်တဲ့အပိုင်းကို ဖယ်ရှားရမှာပါ။ (၃)ကျောက်ကပ်ပျက်စီးခြင်း အခြေအနေဆိုးရင်
ကျောက်ကပ်ဆေး
ရတတ်ပါတယ်။ (၄)အသက်ရှူုပြဿနာဖြစ်ခြင်း ပန်ကရိယရောင်ခြင်းကြောင့် ကိုယ်တွင်းမှာ ဓာတ်အပြောင်းအလဲတွေဖြစ်ပြီး အဆုတ်ရဲ့လုပ်ငန်းကို ထိခိုက်လို့ သွေးတွင်းအောက်ဆီဂျင် ဆိုးဆိုးဝါးဝါးနည်းသွားတတ်ပါတယ်။ (၅)
ဆီးချိုရောဂါ
ဖြစ်ခြင်း ပန်ကရိယကနေ သွေးချိုထိန်းဟော်မုန်း
အင်ဆူလင်
ထွက်ပါတယ်။ နာတာရှည်ရောင်ရမ်းရင် အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေ ပျက်စီးတာကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ (၆)အာဟာရချို့တဲ့ခြင်း ရုတ်တရက် ဒါမှမဟုတ် နာတာရှည် ပန်ကရိယရောင်ရမ်းတာကြောင့် အစာခြေအင်ဇိုင်းထွက်တာနည်းသွားပြီး အစာကောင်းကောင်းမခြေနိုင်ဘဲ လိုအပ်တဲ့ အာဟာရတွေမရတော့ပါဘူး။ ဒါကြောင့် ပုံမှန်စားနေလျက်ရဲ့ အာဟာရချို့တဲ့တာ၊ ဝမ်းလျှောတာ၊ ပိန်တာတွေ ဖြစ်လာပါတယ်။ (၇)
ပန်ကရိယကင်ဆာ
နာတာရှည်ပန်ကရိယရောင်တာက နောက်ပိုင်းမှာ ပန်ကရိယကင်ဆာဖြစ်ဖို့ အလားအလာရှိပါတယ်။
ကာကွယ်နည်း
ပန်ကရိယရောင်ရမ်းတာက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခေါက်ထပ်ဖြစ်နိုင်ပါတယ်။ ထပ်ခါထပ်ခါဖြစ်နေရင် နာတာရှည် ပန်ကရိယရောင်ရမ်းတဲ့အဆင့်ရောက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ဒီတစ်ခေါက်ကုသမှုခံယူပြီးတာနဲ့ -အရက်ဖြတ်ပါ။ -ဆေးလိပ်ဖြတ်ပါ။ -အဆီလျှော့စားပြီး အသီးအရွက်၊ အသားငါးပိုစားပါ။ -ရေများများသောက်ပါ။
Hello Health Group
သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။