
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၂ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ အိမ်နေရာထိုင်ခင်းအတွက် စိတ်ညစ်ရတတ်တဲ့အချိန်ပါ။ အိမ်အနီးအနားမှာ အပူသည်ရှိတတ်ပြီး မိမိကို အပူကူးတတ်လို့ အတတ်နိုင်ဆုံးရှောင်နေလိုက်ပါ။ မိမိထံမှ လက်ဆောင်ပစ္စည်းတောင်းသူများ ကြုံရတတ်ပြီး ဒီလူတွေကပဲ ကိုယ့်အပေါ်ကို မကောင်းကြံသွားတတ်၊ နာမည်ပျက်အောင်ပြောသွားတတ်လို့ သတိပြုပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အောက်လူတွေကြားမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ အလုပ်နေရာသစ်ရှာနေတတ်ပြီး အသစ်ရလာရင်လည်း ထပ်စိတ်ညစ်နေရမှာဖြစ်လို့ သတိထားသင့်ပါတယ်။ ရွှေဆိုင်၊ ကျောက်မျက်ရတနာဆိုင်၊ အထည်အလိပ်၊ ဆေးဝါး လုပ်ငန်းရှင်များ ရောင်းမှားဝယ်မှား ရှိတတ်ပြီး မရောင်းရတဲ့ ပစ္စည်းတွေအတွက် ငွေအောင်းကြွေးတင်တဲ့အထိ ကြုံလာရကိန်းရှိပါတယ်။ အိမ်ရှိမိသားစုဝင်တွေနဲ့ စကားပြောအဆင်မပြေ မကြာခဏရှိနေတတ်လို့ ဒီရက်မှာ စကားပြောဆင်ခြင်လိုက်ပါ၊ တတ်နိုင်ရင် ဘယ်သူနဲ့မှ စကားမပြောဖြစ်အောင်နေတာ အကောင်းဆုံးပါပဲ။ အချစ်ရေးမှာ ချစ်သူနဲ့ ကတောက်ကဆဖြစ်ရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက် နယ်ပြောင်းရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးပေါင်ကျတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်ပါတယ်။
ယတြာ - ဘုရားတွင်အာလူးကြော် ကပ်လှူပေးပါ။
တနင်္လာ - လူမှုရေး၊ စီးပွားရေး အရာရာ စိတ်ချမ်းမြေ့နေရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်မှာ အတော်ဆုံးဝန်ထမ်းအဖြစ် ချီးကျူးခံရတတ်ပြီး အားလုံးက လေးစားအားကျရတဲ့ ဝန်ထမ်းကောင်းအဖြစ် နာမည်ကြီးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသစ်စတင်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ရဲရဲကြီးစတင်လိုက်ပါ။ လုပ်ငန်းကနေ အမြတ်ဝင်ငွေမရတာကြာနေတဲ့လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းပြန်လည် လည်ပတ်မှုရှိလာပြီး ငွေစဝင်လာပါလိမ့်မယ်။ လုပ်ငန်းပြိုင်ဖက်တွေအားလုံးကို ကျော်ဖြတ်နိုင်မယ့်အချိန်ဖြစ်ပြီး တိုင်းရင်းဆေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းရှင်များ အထူးအဆင်ပြေမယ့် အချိန်ပါ။ ဘယ်ကနေဝင်မှန်းမသိ ငွေဝင်လာတတ်ပြီး ငွေဝင်လျှင် အလှူအတန်း ပြုလုပ်ပေးလိုက်ပါ။ ဒီနေ့မှာ ပညာရေးကံကောင်းနေပြီး မိမိတက်ရောက်ချင်နေတဲ့ သင်တန်းတစ်ခု မမျှော်လင့်ပဲ တက်ရောက်ခွင့် ကြုံပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူရော ချစ်သူရှိပြီးသူတွေပါ စန်းပွင့်နေချိန်ပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘရဲ့ ကူညီမှုကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ပုံမှန်ပဲရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။
ယတြာ - ဘုရားတွင်ကောက်ညှင်းကွက်ကြော် ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အာရုံနောက်စရာကိစ္စတွေချည်းပဲ ကြုံတွေ့ရကိန်းရှိပါတယ်။ ငွေကြေးအရှုပ်အရှင်းကိစ္စ၊ သမီးရည်းစားအရေးကိစ္စတွေမှာလည်း နစ်နာကိန်း ၊ နာမည်ပျက်ကိန်းရှိလို့ သတိပြုပါ။ သူတပါးကြားခံအာမခံပေးခြင်း၊ သူများသမီးရည်းစားကြား ဝင်ညှိနှိုင်းပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတွင်းရှိ လုပ်ဖော်ကိုင်ဖက်ချင်း မလွတ်မကင်းဖြစ်တတ်ပြီး အလုပ်ကိစ္စတွေမှာ အနှောက်အယှက်ပေါ်လာတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းရပ်မျိုး ပါဝင်မိရာကနေ သူတပါးလိမ်ညာခြင်း ခံရတတ်ပါတယ်။ ငွေလိမ်ခံရကိန်းရှိပြီး ခါးပိုက်နှိုက်ခံရခြင်း၊ ပိုက်ဆံအိတ်၊ ဖုန်းပျောက်ရှခြင်းမျိုး ရှိတတ်လို့ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သူတပါးရဲ့ ရည်းစား၊ အိမ်ထောင်ဖက်နဲ့ မလွတ်မကင်း ပတ်သက်မိတတ်ချိန်ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လိမ်ညာမှုတွေကို မျက်မြင်တွေ့လာရမယ့် အချိန်ပါ။ အိမ်ထောင်ကွဲကိန်းရှိလို့ စကားဆင်ခြင်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောင်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - အသိမိတ်ဆွေတစ်ဦးအား စနိုးတာဝါ လက်ဆောင်ပေးလိုက်ပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ စိတ်ချမ်းသာရမယ့် နေ့ရက်တစ်ရက်ပါပဲ၊ အိမ်အနီးအနားမှာ ဆူညံရန်ဖြစ်သံကြားရင် ၄အစ ၄အဆုံး ထီပြေးထိုးပေးပါ၊ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံရကိန်းရှိပြီး မိတ်ဆွေတွေဆီကနေ အကူအညီရပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှု ရရှိမယ့် အချိန်ဖြစ်ပြီး လုပ်ငန်းသစ်စတင်မယ်ဆိုရင်လည်း သင့်တော်တဲ့အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး ကြုံတတ်ပါတယ်။ အဝတ်အထည်၊ အိမ်တွင်းအလှဆင်ပစ္စည်းရောင်းဝယ်သူများ အထူးကောင်းမွန်နေပြီး ပွဲစား၊ ကိုယ်စားလှယ် အပေါင်ဆိုင်လုပ်ငန်းရှင်တွေကတော့ အလုပ်အကိုင်အနည်းငယ် အေးနေပါမယ်။ ထီပေါက်ကံလည်းရှိနေလို့ ထီထိုးပေးသင့်ပါတယ်။ ရွှေဝင်ကိန်းရှိပြီး လျှပ်စစ်ပစ္စည်းဟောင်း ထွက်တတ် ပျက်တတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အပျော်ခရီးထွက်ရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိကျန်းမာရေးအနေနဲ့ ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။
ယတြာ - ဘုရားတွင် လမုန့်ကပ်လှူပေးပါ။
ရာဟု - ဒီနေ့မှာ အကျိုးဆောင်လုပ်ငန်း၊ ပညာရေး အတိုင်ပင်ခံလုပ်ငန်းများကောင်းမွန်နေပြီး ပညာရေးပိုင်း မှာလည်း အဆင့်မြင့်မြင့်အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် မိမိရဲ့ အောင်မြင်မှုတွေ၊ ကြိုးစားမှုတွေအပေါ် မနာလိုသူများလည်း ကြုံရတတ်လို့ သတိပြုပါ။ မထင်မှတ်ထားတဲ့ ငွေ၊ ရွှေထည်၊ ကျောက်မျက်ရတနာများ ဝင်ကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ရာထူးတိုး ၊ လစာတိုးကိန်းလည်း ရှိပြီး ဝန်ထမ်းကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်မယ်ဆိုရင်တော့ ငွေကြေးစပ်တူလုပ်တာမျိုး သတိထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသစ်တိုးချဲ့ခြင်းမျိုး အောင်မြင်မှာဖြစ်ပြီး စုမဲစုခြင်း၊ ငွေတိုးပေးခြင်း လုပ်ကိုင်သူများ ကံကောင်းနေတဲ့အချိန်ပါ။ လုပ်ငန်းရှင်ဖြစ်ပါက လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့မတူတဲလုပ်ငန်းသစ်မျိုး တိုးချဲ့ရမှာဖြစ်ပြီး ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ အိမ်တွင်းရေး အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာနေပြီး ချစ်သူရှိပြီးသူများ ချစ်သူနဲ့ စကားများရတတ်ပါတယ်။ ချစ်သူမရှိသေးသူတွေကတော့ တနင်္ဂနွေသားသမီးနဲ့ ဖူးစာဆုံတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် လိုင်ချီးသီးကပ်လှူပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ နေရာထိုင်ခင်းအတွက် စိတ်ညစ်ရတတ်ပါတယ်။ အိမ်မကြာခဏ အပြောင်းအရွှေ့လုပ်နေရတတ်ပြီး အိမ်မမြဲဖြစ်နေတတ်ပါတယ်။ နေခွင့်ရလာတဲ့အိမ်မှာ ပတ်ဝန်းကျင်ကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အိမ်အနီးအနားမှာ အပူသည်ရှိတတ်ပြီး မကြာခဏ လာရောက်လည်ပတ် အပူကူးခြင်း၊ ငွေချေးငှားခြင်းမျိုး ကြုံရပါလိမ့်မယ်။ မပတ်သက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းများကို အားနာပြီးငွေချေးမိပါက ပြန်မရပဲ ဆုံးတတ်ပါတယ်။ ဒီနေ့မှာ အကျိုးမရှိတဲ့ လုပ်ငန်းတွေ၊ ကိစ္စရပ်တွေအတွက် ငွေကုန်ကြေးကျ များနေတတ်ပြီး လူလိမ်တွေနဲ့ပဲ တွေ့ဆုံနေရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်ပြေပေမယ့် ရာထူးတူသူတွေရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက်လုပ်ငန်းရှင်များ လုပ်ငန်းအေးနေပြီး အလှကုန်လုပ်ငန်းရှင်တွေကတော့ အဆင်ပြေနေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တနင်္လာသားသမီးနဲ့ ဖူးစာဆုံလာရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူထံမှ တန်ဖိုးကြီးလက်ဆောင်တစ်ခု ရရှိလာတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးကြောင့် အရှက်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေးဖက်နာရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ပဲပလာတာ ကပ်လှူပေးပါ။
သောကြာ - အိမ်ခြံမြေလုပ်ငန်း၊ စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ကောင်းမွန်နေပြီး ငွေကြေးရရှိမှုလည်း ပုံမှန်ပဲ ရှိနေပါလိမ့်မယ်။ လူမျိုးခြားအကျိုးပေးမှာဖြစ်ပြီး အထူးသဖြင့် အင်္ဂါသားသမီးရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လက်ရှိအလုပ်ထက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီး စပ်တူရှယ်ယာ လုပ်ငန်းတွေကနေလည်း အကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့စဉ်းစားထားရင် မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးနေတာမို့ စပ်တူလုပ်ဖို့ စဉ်းစားပါ။ လုပ်ငန်းစပ်တူ ရှယ်ယာထည့်ဝင်ထားသူတွေ အနေနဲ့တော့ အကျိုးအမြတ်ရနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ထီလည်း စပ်တူထိုးပေးသင့်ပြီး မျက်စိရှေ့မှာ အက်စီးဒင့် တစ်ခုမြင်ရင်လည်း ထီပြေးထိုးလိုက်ပါ။ ငွေဝင်နေပေမယ့် ရင်းနှီးသူထဲက ကိုယ့်အပေါ် လိမ်လည်မယ့်သူ ပေါ်လာတတ်လို့ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေစာရင်းတွေကို တစိမ်းကို အသိမပေးပါနဲ့။ ပညာရေးအတွက် အနည်းငယ် စိတ်ညစ်ရကိန်းရှိပြီး အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့် အချိန်ဖြစ်ပြီး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်သီးသီး ကပ်လှူဆုတောင်းပါ။
စနေ - ဒီနေ့မှာ အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေ အဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူ လုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးရဲ့ ပညာပြခြင်း ခံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမှာ မိမိခန့်ထားတဲ့ လူယုံက မိမိကိုလိမ်ညာ ထွက်ပြေးတာမျိုး ကြုံရတတ်လို့ သတိပြုပါ။ ဘယ်သူ့ကိုမှ မယုံပါနဲ့။ နိုင်ငံရပ်ခြားသွားရောက်လုပ်ကိုင်နေသူတွေအနေနဲ့ ပြည်တွင်းကိုပြန်လာရကိန်းရှိပါတယ်။ နိုင်ငံခြားသား၊ လူမျိုးခြား အထူးသတိပြုဆက်ဆံပေးပါ။ ပညာရေးပိုင်းမှာ ကြိုးစားပေမယ့် အောင်မြင်မှု မရပဲ ရှိနေတတ်ပါတယ်။ အချစ်ရေးအောင်မြင်မှာဖြစ်ပြီး အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသော အပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆုတ်အအေးပတ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ထမနဲ ကပ်လှူပေးပါ။
LEO
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။