မတ်လ ၃ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-03-03

                လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက်  ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ ဘယ်သူ့ကိုမဆို အကောင်းမြင်ပေးလို့မရပဲ ရှိနေတတ်ပါတယ်။ ခရီးထွက်ခါနီး အိမ်အနီးအနားမှာ ဆူညံသံ၊ ရန်ဖြစ်သံကြားရင် အဆိုပါ ခရီးကို ရှောင်ရှားလိုက်ပါ။ နယ်ဝေး၊ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်ရကိန်းရှိပြီး အဆိုပါနေရာမှာ မပျော်ပဲ စိတ်ညစ်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားသွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိနေသူ ဆိုပါက အမိမြေကို ပြန်လာလိုစိတ် တဖွားဖွားဖြစ်လာတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက မိမိနဲ့ ရာထူးတူသူတွေရဲ့ တာဝန်တွေအားလုံး မိမိအပေါ် စုပုံရောက်လာတတ်လို့ အလုပ်ထွက်ချင်စိတ်ဖြစ်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမအောင်မြင်မှုအပေါ် ရှယ်ယာရှင်တွေရဲ့ အပြစ်တင်မှုခံရတတ်ပြီး မထင်မှတ်ထားတဲ့ ကိစ္စကနေ လုပ်ငန်းနာမည်ပျက်တဲ့အထိ ဖြစ်တတ်လို့ သတိပြုပါ။ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားသူတွေ၊ လုပ်ငန်းသဘာဝမတူတာမျိုးချဲ့ထွင်ဖို့ စီစဉ်ထားသူတွေအနေနဲ့ ဆက်လုပ်ရင် အရှုံးပဲ ဖြစ်မှာမို့ ရပ်တန်းကရပ်တန့်လိုက်ပါ။ ဒီရက်ပိုင်းမှာ ဘုရား၊ တရား၊ ဘာသာရေးပိုလုပ်ပေးသင့်ပြီး ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ အချစ်ရေးညံ့နေပါတယ်။ အိမ်ထောင်ရေးပုံမှန်ပဲရှိနေပြီး ကျန်းမာရေးကတော့ စိုးရိမ်စရာမရှိပါဘူး။
နေ့ရက်အလိုက်ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီး ကိစ္စလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။
ယတြာ - အရဟံဂုဏ်တော် ရွတ်ဖတ်ပေးပါ။


တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လမ်းသွားရင်း မတော်တဆ ထိခိုက်မိတာမျိုး အက်စီးဒင့်တစ်ခုခု ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ ငွေကြေးပိုင်း လက်လွန်မိတာမျိုးအတွက်လည်း ဆုံးရှုံးသွားရတတ်ပါတယ်။ သူတပါးအတွက် ကြားခံ ငွေချေးပေးတာမျိုး၊ ကြားကနေ အာမခံပေးတာမျိုး၊ စုမဲဒိုင်ကိုင်တာမျိုးတွေကို ဒီရက်မှာ ရှောင်ကြဉ်လိုက်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့အဆင်ပြေနေတာကို သူတပါးမနာလိုလို့ ချောက်တွန်းခြင်း ခံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းမှာ ဆုံးရှုံးမှုတွေများပြီး မနိုင်တော့လို့ ပြန်လည်ရောင်းချရတာမျိုး ရှိတတ်သလို ရှယ်ယာတွေထုတ်ရောင်းရာမှာ အခက်အခဲကြုံတာမျိုးအထိ ရှိတတ်ပါတယ်။ နိုင်ငံရပ်ခြား အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ အခက်အခဲကြုံတတ်ပြီး ငွေကြေးခါတိုင်းလောက် အဆင်မပြေတာမျိုး ရှိလာတတ်ပါတယ်။ ပညာရေးကို စိတ်မဝင်စားပဲ အချစ်ရေးမှာ စိတ်လေနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အမြဲလို စိတ်သဘောထား ကွဲလွဲနေတတ်ပြီး အိမ်ထောင်သည်တွေကတော့ သားသမီး ပညာရေးအတွက် ငွေကုန်ကြေးကျ များတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အလုံးအကြိတ်သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။ 
ယတြာ - ဘုရားတွင် ကိတ်ခြောက်ကပ်လှူပေးပါ။


အင်္ဂါ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ လမ်းသွားရင်း အလှူ၊ ရှင်ပြု၊ မင်္ဂလာဆောင်ကား အစရှိတဲ့ မင်္ဂလာကိစ္စရပ်တစ်ခုခုမြင်တွေ့ရပါက ၂အစ ၃ အဆုံး ထီပြေးထိုးလိုက်ပါ။ မတွေ့တာကြာပြီဖြစ်တဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရကိန်းရှိပြီး လုပ်ငန်းစီးပွားပူးပေါင်းဖြစ်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက မထင်မှတ်ပဲ နိုင်ငံရပ်ခြား အလုပ်အကိုင်ကို လခကောင်းကောင်းနဲ့ ရရှိလာကိန်းရှိနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကနေ ငွေဝင်နေပြီး လုပ်ငန်းသဘာဝမတူတဲ့လုပ်ငန်းတွေကိုလည်း တိုးချဲ့ခွင့် ကြုံလာပါလိမ့်မယ်။ ပညာရေးပိုင်း ထူးထူးချွန်ချွန်အောင်မြင်ကိန်းရှိလို့ တက်ဖို့ရည်မှန်းထားတဲ့ အဆင့်မြင့်ပညာရေးသင်တန်းတွေရှိရင် တက်ဖြစ်အောင် တက်လိုက်ပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ဒီအတိုင်းတကိုယ်တည်းဆက်ရှိနေတာက ပိုအဆင်ပြေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူကို မဖောက်ပြန်ဖို့ လိုက်ထိန်းရတာက စိတ်ညစ်စရာတစ်ခုဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘတွေရဲ့ ငွေကြေးထောက်ပံ့မှုကြောင့် မတောင့်မတ နေရကိန်းရှိနေပြီး မိသားစုရေး သာယာနေပါလိမ့်မယ်။ လူကျန်းမာရေးကောင်းနေပေမယ့် အိမ်ရှိ ခွေးကြောင် တိရစ္ဆာန်လေးတွေ နာမကျန်းဖြစ်တတ်ပြီး ဆေးရုံ၊ ဆေးခန်း မကြာခဏ ပြသပေးရတတ်ပါတယ်။ 
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။ 
ယတြာ - ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ အိမ်မှာ လူပိုရှိနေရင် အဲဒီလူပိုကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အိမ်အကူ၊ ဆွေမျိုးထဲက အိမ်မှာ ခေါ်ထားတဲ့သူရှိရင် လတ်တလောမှာ တနေရာကို ပို့ထားလိုက်ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီနေ့မှာ လုပ်ငန်းတိုးချဲ့တာမျိုး လက်ရှိလုပ်ငန်းရှယ်ယာခေါ်တာမျိုးတွေ မလုပ်ပါနဲ့။ အိမ်နီးချင်းတွေထဲက မိမိအပေါ် မနာလိုသူရှိနေတတ်ပြီး မိမိအကြောင်း စကားရောင်းစကားဝယ်လုပ်လို့ စိတ်ညစ်ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လက်ငယ်သားရှာတဲ့ ပြဿနာတွေကို လိုက်ရှင်းနေရတတ်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းတစ်ခု အသစ်ဝင်လာတတ်ပြီး အနာပါလာတတ်ပါတယ်။ ငွေကုန်ကြေးကျ များနေတတ်တဲ့ ကာလဖြစ်ပြီး လတ်တလော ငွေစုမရရှိတတ်ပါတယ်။ ပညာရေးပိုင်းမှာ ပုံမှန်ပဲရှိနေပြီး အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ မိဘတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်ဇက်ကြောတက် မကြာခဏဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရယူနိုင်ပါတယ်။ 
ယတြာ - ဘုရားတွင် ဝေဖာကပ်လှူပေးပါ။


ရာဟု - ရာဟုသားသမီးတွေအနေနဲ့ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပါတယ်။ မိသားစု မောင်နှမတွေရဲ့ အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှ အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့် အချိန်လည်း ဖြစ်ပြီး လုပ်ငန်းခွင်မှာ မိမိမှ မိမိ လူတိုင်းက လိုလားနေပါလိမ့်မယ်။ အလုပ်တာဝန်တွေ မနိုင်ဝန်ထမ်းရတတ်တဲ့ ကာလဖြစ်လို့ ကျန်းမာရေးထိခိုက်တတ်လို့ သတိပြုပါ။  ထီပေါက်ကိန်းရှိပြီး အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်လို့ မကြာခဏ ထီထိုးပေးပါ။ ရေသန့်လုပ်ငန်း၊ ရွှေငွေ၊ ကျောက်မျက်လုပ်ငန်းရှင်များ အလုပ်ဖြစ်မယ့် ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်အတွင်း မျက်နှာကောင်း ရတတ်ပြီး လုပ်ငန်းခွင်ရှိလူများရဲ့ ချစ်ခင်ကူညီမှုတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ပညာရေးအတွက် နိုင်ငံခြားသွားရကိန်းလည်း ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူရော ချစ်သူရှိပြီးသူတွေပါ ချစ်သူဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ အိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်တာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင်မွေးနံထောင့်ရေသပ္ပာယ်ပေးပါ။


ကြာသပတေး - ကြာသပတေး သားသမီးတွေအနေနဲ့ သူတပါးကိစ္စ ကိုယ့်ကိစ္စ ဖြစ်လာတတ်လို့ သတိပြုပါ။ ငွေကြေးပြဿနာ အရှုပ်အရှင်းကိစ္စ ရှင်းရတတ်ပြီး ရုံးရောက်ဂါတ်ရောက် အမှုဖြစ်တတ်ပါတယ်။ အိမ်ပတ်ဝန်းကျင်နေသူများနဲ့ ရန်အကြီးအကျယ်ဖြစ်တတ်လို့ သတိပြုပါ။ ဝန်ထမ်းဖြစ်ပါက အောက်လူဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းမမြဲခြင်း ရရှိလာသည့်ဝန်ထမ်းများက စာရင်းဇယားမနိုင်ခြင်း လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း အစရှိသည်တို့ကြောင့် လုပ်ငန်းပျက်တတ်ပါတယ်။ ရွှေဆိုင်၊ ကျောက်မျက်ရတနာဆိုင် ပိုင်ရှင်များ အရောင်းထိုင်းတတ်ပြီး စားသောက်ကုန်လုပ်ငန်းရှင်တွေကတော့ အနည်းငယ်ခံသာပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တဲ့ သင်တန်းတချို့ တက်ရောက်ရကိန်းရှိပြီး စာနဲ့အလုပ် မနိုင်မနင်းဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ လမ်းခွဲရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ ကြွေးမှီတွေကို ကူဆပ်ပေးရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အထက်လှန်အောက်လျှောဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်မုန့်စိမ်းပေါင်း ကပ်လှူပေးပါ။


သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြန်ဆုံရကိန်းရှိပြီး လုပ်ငန်းစပ်တူလုပ်မိတာကနေ ဆုံးရှုံးမှုကြီးတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်မှာ ရာထူးတိုး ရပ်တန့်နေတတ်ပြီး လစာလည်း မတိုးပဲ ရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအတွက် စိတ်ပူပန်ရတတ်ပြီး ဆိုင်မှာ လူဝင်မရှိသလောက်ကြုံရပါလိမ့်မယ်။ လမ်းသွားရင်း မတော်တဆ ထိခိုက်မှုတွေကြုံလာရတတ်ပြီး အနာတရဖြစ်တတ်ပါတယ်။ ဆေးရုံဆေးခန်းရောက်ကိန်းရှိလို့ အသိထဲက ဆေးရုံတက်နေတဲ့သူရှိရင် သတင်းသွားမေးလိုက်ပါ။ စက်ရုံအလုပ်ရုံပိုင်ရှင်များ၊ လက်မှုလုပ်ငန်းပညာရှင်များ အနည်းငယ် ညံ့နေပြီး အလှပြင်ဆိုင်၊ အထည်ဆိုင်၊ စက်ချုပ်ဆိုင်တွေ အကျိုးအမြတ်များမယ့် ကာလဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ဗုဒ္ဓဟူးသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ကြောင့် နာမည်ပျက်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်သစ်တော်သီး ကပ်လှူပေးပါ။


စနေ - အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ အစစအရာရာ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။  ရပ်ဝေးမှ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ လုပ်ငန်းခွဲတွေ နယ်ဆိုင်ခွဲတွေ တိုးချဲ့လာနိုင်မှာဖြစ်ပြီး သောကြာသားသမီး ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။ စားသောက်ဆိုင်လုပ်ငန်း၊ အလှကုန်လုပ်ငန်း ၊ ရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးများမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား လုပ်ကိုင်နေသူတွေ အနေနဲ့တော့ လုပ်ငန်းခွင်မှာ အခက်အခဲကြုံရနိုင်ပါတယ်။ လုပ်ငန်းအောင်မြင်လာမှုနဲ့အတူ မနာလိုသူတွေလည်း ပေါများတတ်လို့ သတိပြုသင့်ပါတယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်ပါတယ်။ ပညာရေးမှာ နိုင်ငံခြားပညာတော်သင်ကိစ္စ၊ နိုင်ငံခြားရှိအမျိုးမှ ပညာရေးပိုင်းထောက်ပံ့သည့် ကိစ္စရပ်မျိုး ကြုံလာဖွယ်ရှိပြီး အချစ်ရေးမှာတော့ ချစ်သူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ရတတ်ပါတယ်။  အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသော အပြောင်းအလဲတွေ ကြုံရကိန်းရှိပြီး အိမ်ထောင်ဖက် ရာထူးတိုးတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဒူးရင်းယို ကပ်လှူပေးပါ။



                                                                                                                           LEO 

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။  



#သားသမီး
#ကိန်း
#ယတြာ
#လုပ်ငန်း
#မာရေး

Some text some message..