ခရီးစဉ် အဆိုးအကောင်းကို နိမိတ်ဖတ်ခြင်း
lotaya.mpt.com.mm
|
2020-04-01

ဝန်ထမ်းတွေအတွက် ရုံးပိတ်ရက်များတဲ့ နှစ်တစ်နှစ် ဖြစ်လို့ အားလပ်ရက်မှာ ခရီးအသွားအလာတွေ များလာကြမှာ ဧကန်မုချပါပဲ။ အပန်းဖြေ အပျော်ခရီးပဲ သွားသွား၊ အလုပ်ကိစ္စနဲ့ပဲ ခရီး ထွက်ရထွက်ရ သွားလာသမျှ ခရီးစဉ်တိုင်းမှာ ဘေးရန်ကင်းဖို့နဲ့ စိတ်ချမ်းသာဖို့က အဓိကပဲ မဟုတ်ပါလား..။

ဒါကြောင့် ခရီးတို၊ ခရီးရှည် ဘယ်လို ခရီးမျိုးမဆို သွားလာမယ့်သူတွေအနေနဲ့ ကိုယ်သွားမယ့်ခရီးမှာ ဘေးဥပါဒ် ကင်းရဲ့လား၊ အပျော်ကနေ အပျက် ဖြစ်သွားမလား၊ ရည်မှန်းထားတဲ့ အလုပ်ကိစ္စတွေက အောင်မြင် ပြီးမြောက်ပါ့မလား ဆိုတာကို အနီးစပ်ဆုံး ခန့်မှန်းနိုင်တဲ့ မြန်မာ့ရိုးရာအယူတော်မင်္ဂလာ၊ နိမိတ်ဖတ်နည်းချို့ကို ဖော်ပြပေးလိုက်ပါတယ်။




သတိထား သွားလာရမယ့် ခရီး

အိမ်က စထွက်ထွက်ချင်းမှာ အဝတ်အစား၊ ဦးထုပ်တွေနဲ့ တံခါး၊ ခြံစည်းရိုး ငြိနေပြီး ရှေ့ဆက်မရ ဖြစ်သွားရင် ခရီးလမ်းမှာ အထူး သတိထားဖို့ မှာချင်ပါတယ်။ ဦးထုပ်၊ ခေါင်းပေါင်းတွေ ပြုတ်ကျ ပျက်စီးရင် ပိုဂရုစိုက်ရပါမယ်။ Luggage နဲ့ ကျောပိုးအိတ်တွေကို ကိုင်ထားရာကနေ ပြုတ်ကျ၊ ပြဲကျတာမျိုး ဖြစ်ရင်လည်း ခရီးမှာ အနှောင့်အယှက် ရှိတတ်ပါတယ်။ သွားမယ့် လမ်းတည့်တည့်မှာ တစ်ယောက်ယောက်က မမျှော်လင့်ဘဲ ပိတ်ရပ်ကာထားသလို ဖြစ်နေရင်၊ ခရီးထွက်ခါနီးလေးမှာ သွေးထွက်သံယိုတစ်ခုခု ဖြစ်သွားရင် ဒီခရီးဟာ ဘေးမကင်းတတ်ပါဘူး။ သတိပြု သွားလာရပါမယ်။




ခရီးသွားရာမှာ အရေးကြီးတဲ့ အရာတွေ မေ့ကျန်ခဲ့တာ၊ ကိုယ့်ရှေ့မှာ ပစ္စည်းတစ်ခုခု ပြုတ်ကျကွဲကျ ပျက်စီးသွားတာ မြင်ရတာမျိုးဆိုရင် ခရီး ရည်မှန်းချက် ပျက်ပြားတတ်ပါတယ်။ သွားရာခရီးလမ်းမှာ ခိုက်ရန် ဖြစ်တာ မြင်ရရင် ၊ ကိုယ်နဲ့ မဆိုင်ဘဲ ရယ်မောခံရရင် သတိထား သွားလာရပါလိမ့်မယ်။

ဒီနိမိတ်တွေက ဟုတ်မှ ဟုတ်ပါလေစလို့ သံသယ ဖြစ်ရင် ဥပမာတစ်ခု ပြောပြပါမယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ သခင်မြဟာ လုပ်ကြံခံရမယ့်နေ့မှာ အိမ်က အထွက် ကားထဲ အဝင် ခေါင်းပေါင်း ပြုတ်ကျသွားလို့ မိခင်နဲ့ ဇနီးက အစည်းအဝေး မသွားဖို့ တားခဲ့ပေမယ့် ဗိုလ်ချုပ်တို့ စောင့်နေမှာ စိုးလို့ ဆိုပြီး ထွက်သွားရာမှာ လုပ်ကြံခံခဲ့ရပါတယ်။




အောင်မြင်ချောမွေ့မယ့် ခရီးစဉ်

ခရီးသွားဖို့ အိမ်ကနေ စထွက်ချိန်မှာ မထင်မှတ်ဘဲ ရဟန်းသံဃာတော်တွေနဲ့ ကြုံရတာ၊ ဘုရား လှည့် ဘုရားပင့်လာတာကို မြင်ရတာ၊ အိုးစည်ဗုံမောင်းသံတွေ ကြားရတာ၊ အတိတ်နိမိတ်ကောင်းတဲ့ သီချင်း အသံတွေ ကြားလိုက်ရတာဟာ သွားမယ့် ခရီး အောင်မြင်စေမယ့် နိမိတ်တွေ ဖြစ်ပါတယ်။




သွားရာလမ်းမှာ အလှူမင်္ဂလာနဲ့ တည့်တည့် တိုးတာ၊ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ မိသားစုနဲ့ ပျော်ရွှင်နေတဲ့ လူအုပ်ကြီးတွေကို မြင်ရတာ၊ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေကြတာ မြင်ရင် သွားမယ့်ခရီး ဘေးကင်း အောင်မြင်စေတတ်ပါတယ်။ ခရီးအသွားမှာ ပန်းတွေ တစ်ပွေ့တစ်ပိုက်ကြီး သယ်လာတာ၊ ထီး တံခွန် ကုက္ကားတွေ ကိုင်လာတာ မြင်ရရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်ရမယ့် ခရီး ဖြစ်ပါလိမ့်မယ်။

ပျော်ရွှင် အောင်မြင်သော ခရီးစဉ်များ ဖြစ်ပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ခရီး
#ခေါင်းပေါင်း
#နိမိတ်
#အလုပ်ကိစ္စ
#ဦးထုပ်

Some text some message..