
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဧပြီလ ၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေး အမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။ အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အထူးအောင်မြင်မည်။ ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့် အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အရဟံဂုဏ်တော်ကို ပုတီးသက်စေ့စိပ်ပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံး အဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်း အင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်း အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ ဒီရက်မှာ ခရီးသွားလုပ်ငန်း၊ အလှကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်ပြေပြေ တွဲဖက်လုပ်ဆောင်နိုင်မှာဖြစ်သလို မိမိအပေါ် လုပ်ဖော်ကိုင်ဖက်အားလုံးက အားကိုးအားထားပြုနေကြမယ့် အချိန်ပါပဲ။ အိမ်တွင်းရေး အဆင်ပြေနေပြီး အိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ ချစ်သူမရှိသေးသူတွေကတော့ သူငယ်ချင်းနဲ့ ချစ်သူဖြစ်လာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မကြာခဏအော့အန်မူးဝေနေတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြက်သားဟင်း ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ လုပ်ငန်းအပြောင်းအလဲရှိနေပြီး လက်ရှိအလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့ရတတ်တဲ့အချိန်ပါပဲ၊ ငွေကြေးပိုင်း စကားပြောဆို၊ လက်မှတ်ရေးထိုးမှုတွေအတွက် သတိပြုသင့်ပြီး အထက်အရာရှိ ဒါမှမဟုတ် လုပ်ငန်း စပ်တူလုပ်တဲ့သူတွေရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်တဲ့ နေ့ရက်ပါပဲ။ နိုင်ငံခြားပညာတော်သင်လည်း သွားရတတ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးတစ်ခုကနေ လုပ်ငန်း နဲ့ပတ်သက်တဲ့ အကျိုးအမြတ်တွေရရှိလာပါလိမ့်မယ်။ အလုပ်ရှင်ရဲ့ မျက်နှာသာပေးမှု ခံရတတ်ပြီး လစာလည်း တိုးတတ်ပါတယ်။ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်သူများ ကံကောင်းမယ့် နေ့ရက်ပါပဲ။ ဝေးကွာနေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပြီး လုပ်ငန်း တိုးချဲ့မှုအတွက် အဆိုပါ မိတ်ဆွေရဲ့ အကူအညီရရှိတတ်ပါတယ်။ အိမ်ခန်းဝယ်ဖို့ စိတ်ကူးထားသူများ ဒီအချိန်မှာဝယ်ရင် အဆင်မပြေဖြစ်ရပါလိမ့်မယ်။ ကျောက်မျက်ရတနာနဲ့ ရွှေ၊ ငွေဝင်ကိန်းရှိပြီး ဝင်လာလျှင် အိမ်ထောင်ဦးစီး ကျန်းမာရေးညံ့တတ်လို့ ဘုန်းကြီးကျောင်းမှာ ဆန်အိတ်လှူပေးပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် စပျစ်သီး ကပ်လှူဆုတောင်းပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဝန်ထမ်းဖြစ်ပါက အထက်အရာရှိရဲ့ မျက်နှာသာပေးခံရတတ်ပြီး လက်အောက်ငယ်သားတွေနဲ့ လုပ်ငန်းပြိုင်တွေ၊ ရာထူးတူသူတွေရဲ့ မနာလိုမှုကိုတော့ ခံရကိန်းရှိနေပါတယ်။ ဒီရက်မှာ နိုင်ငံရပ်ခြား ခရီးစဉ်လည်း ပေါ်ပေါက်လာမှာဖြစ်ပြီး ကောင်းသောခရီးဖြစ်နိုင်ပါတယ်။ ဒီရက်မှာ စိတ်ပင်ပန်း လူပင်ပန်း မျိုးစုံဖြစ်တတ်တယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီဖြင့် လုပ်ငန်းများ ပြန်လည်ရှင်သန်မည်ဖြစ်ပြီး လုပ်ငန်းစီးပွားများ ပုံမှန်အတိုင်း လည်ပတ်နေတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံစည်နေသူများအနေဖြင့် မိမိအား ငွေအား ၊ လူအား အကူအညီပေးသူအချို့နှင့် တွေ့ရတတ်ပါတယ်။ ကုမ္ပဏီစာရင်းကိုင်ဖြစ်ပါက ငွေကြေး စာရင်းဇယားများကို အထူးသတိထားပါ။ နိုင်ငံခြားတွင် ပညာသင်ရန် လျှောက်ထားပါက သွားရကိန်း ရှိနေပါတယ်။ ချစ်သူမရှိသေးသူများ ကြားလူကြောင့် မိမိရည်မှန်းသူနှင့် နီးစပ်သွားတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး ငွေကြေး၊ ပစ္စည်း (သို့မဟုတ်) အမွေ ရရှိလာနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါအခံရှိပါက ရောဂါပြန်ထတတ်လို့ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် လိုင်ချီးသီး ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းမှာ လုပ်ငန်းတိုးတက်မှုတွေ ခေတ္တနှောင့်နှေးနေပါလိမ့်မယ်။ မှန်းထားသလောက် ငွေကြေးအဝင်မရှိပဲ ကြွေးတင်တတ်ပါတယ်။ အောင်မြင်မယ်ထင်ပြီး တိုးချ့ဲမိတဲ့ လုပ်ငန်းတွေကလည်း စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမယ့် မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာကိန်း ရှိပါတယ်။ အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူနဲ့ အထက်လူကြီးကြားညပ်တတ်ပါတယ်။ စနေ၊ အင်္ဂါသားသမီးတွေရဲ့ အကူအညီနဲ့ လုပ်ငန်းတစ်ချို့ အောင်မြင်နိုင်ပါလိမ့်မယ်။ ပညာရေးအသင့်အတင့်ရှိနေပြီး အချစ်ရေးမှာ စနေ၊ အင်္ဂါနံ နာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူပန်ရတတ်လို့ သတိပြုပါ။ ကျန်းမာရေးအနေနဲ့ အသည်းရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတွာ - ဘုရားရသေပ်ပာယျပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပြီး မိမိရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်သွားတာမျိုး ဖြစ်တတ်လို့ ချစ်သူရော၊ ဂုဏ်သိက္ခာပါ ဆုံးရှုံးရတတ်ချိန်ပါပဲ။ အိမ်ထောင်သည်တွေကတော့ သားသမီးရတနာ တိုးပွားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူအတက်ယောင်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ပလာတာ ကပ်လှူပေးပါ။
သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ငွေဝင်ကိန်းရှိနေလို့ ထီကံစမ်းပေးသင့်တဲ့ နေ့ရက်ပါပဲ။ လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်တာကနေလည်း အောင်မြင်နိုင်ပြီး မိမိကို ငွေကြေးကူညီမယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ လမ်းပြပေးသူတွေလည်း တွေ့ကြုံရပါလိမ့်မယ်။ အထူးသဖြင့် စနေ၊အင်္ဂါသားသမီးတွေရဲ့ အကူအညီရရှိပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက သူများမလုပ်ချင်တဲ့ ကိစ္စမျိုးလုပ်ကိုင်ရတတ်ပြီး မိမိပါ အခက်အခဲဖြစ်တတ်ပါတယ်။ လက်အောက်ငယ်သားတွေနဲ့ ရာထူးတူတွေရဲ့ တာဝန်တွေကိုပါ ပေါင်းယူနေရကိန်းရှိပြီး ခရီးထွက်ဖို့ ကြံရွယ်ထားတဲ့သူတွေအနေနဲ့ ခရီးပျက်တတ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး စက်ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရကိန်းရှိပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အထင်လွဲရကိန်းရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ဘေးစကားကြောင့် အချင်းချင်း သံသယဝင် မကြာခဏစကားများ ရန်ဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူပေးပါ။
စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ နေအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ပြဿနာ အကြီးအကျယ်တက်တတ်ပြီး အိမ်ငှားနေသူများဆိုလျှင် အိမ်ရှင်က ဖယ်ခိုင်းခြင်း နှင်ချခြင်းမျိုး ကြုံရတတ်ပါတယ်။ အိမ်အနီးအနားမှာ အလှူကြီးပေးသည်ကို ကြုံလျှင် ထီထိုးပေးပါ။ (၃)အစ (၂)အဆုံး ပါရှိသောထီဖြတ်ပိုင်းကို မရရအောင် ရှာဖွေဝယ်ယူ၍ ထီထိုးပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတွင်းပြိုင်ဆိုင်မှုတွေကြား နေ့စဉ်စိတ်ညစ်နေရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ခြင်း မပြုလုပ်သင့်တဲ့ အချိန်ဖြစ်ပြီး လက်ရှိလုပ်ငန်းတွေလည်း အနည်းငယ် အေးနေပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားသူတွေအနေနဲ့လည်း ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနေပြီး တနင်္ဂနွေနံလုပ်ငန်းရှင်များ အနည်းငယ် အညံ့ရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘနဲ့ အကြောင်းမရှိအကြောင်းရှာ ပြဿနာ ဖြစ်တတ်ပြီး အချစ်ရေးမှာတော့ ချစ်သူရဲ့ အကြောင်းမဲ့ ပစ်ပယ်ခြင်း ခံရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး နိုင်ငံရပ်ခြား ပညာတော်သင် လျှောက်ထားသူများအနေဖြင့် ပယ်ခံရတတ်လို့ သတိပြုပါ။ သင်တန်းသစ် တက်ရောက်ဖို့ ကြံရွယ်ထားရင် မကောင်းတဲ့ သင်တန်းဖြစ်နေတတ်လို့ သေချာလေ့လာပြီးမှ တက်ဖို့ အကြံပြုချင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နို့ဝေဖာ ကပ်လှူပေးပါ။
LEO
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။