ဧပြီလ ၁၂ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-04-12

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ သင်္ကြန်အကြိုနေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ မိမိအပေါ်အမြင်မကြည်သူတွေကပါ လိုလိုလားလားရှိလာတာကို ကြုံတွေ့ရပါလိမ့်မယ်။ မိသားစု၊ ပတ်ဝန်းကျင်နဲ့ဖြစ်စေ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်များနှင့် ဖြစ်စေ အဆင်ပြေချောမွေ့မှာဖြစ်ပြီး လုပ်ငန်းမှာ ဦးစီးဦးဆောင်ပြုလုပ်နေရသူ ရာထူးကြီးများအနေဖြင့် လက်အောက်ငယ်သားတွေရဲ့ ယုံကြည်မှု အပြည့်အဝ ရရှိနေပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဦးဆောင်ဖြေရှင်းရကိန်းရှိနေပြီး အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အိမ်မိသားစုအတွင်း ဗုဒ္ဓဟူးသားသမီးရှိပါက ကျန်းမာရေး သတိပြုပေးပါ။ ပန်းထိမ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းရှင်များ လုပ်ငန်းအေးနေမှာဖြစ်ပြီး အလှပြင်ဆိုင်၊ အကျီဆိုင်၊ အိတ်၊ ဖိနပ်အရောင်းဆိုင်များ ခါတိုင်းထက် အရောင်းပါးပါလိမ့်မယ်။ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များ၊ အဖျော်ယမကာ ရောင်းဝယ်သူများအနေနဲ့တော့ လုပ်ငန်းကနေ အမြတ်ဝင်ငွေ ရရှိနေပါမယ်။ နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်ဖို့ ကြံရွယ်ထားသူများ ခရီးကြန့်ကြာရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိဘပေးစားတဲ့သူနဲ့ ဖူးစာဆုံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ မိဘဆွေမျိုးတွေကို ကူညီထောက်ပံ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် အုန်းနို့ခေါက်ဆွဲကပ်လှူပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ အရာအားလုံးနီးပါး စိတ်ချမ်းသာရပါလိမ့်မယ်။ နေအိမ်နေရာထိုင်ခင်း လိုအပ်ချက်ရှိနေသူများ မထင်မှတ်ပဲ ကောင်းမွန်ပြည့်စုံတဲ့ နေရာထိုင်ခင်းသစ် ရရှိလာပါလိမ့်မယ်။ အမျိုးထဲမှာ မင်္ဂလာကိစ္စ ပေါ်လာတတ်ပြီး မိမိက ဦးဆောင်ဦးရွက် ပြုလုပ်ပေးရတတ်ပါတယ်။ အိမ်မှာ တနင်္လာသားသမီးရှိရင် သတိပြုပါ။ ရည်းစားနောက်လိုက်ပြေးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးတက်မှုရှိဖို့ မိမိအပေါ်မှာ အပြည့်အဝမူတည်နေမှာဖြစ်ပါတယ်။ ကြီးကြီးမားမားကိစ္စအတွက် ဆုံးဖြတ်စရာရှိတယ်ဆိုရင် အင်္ဂါသားသမီးနဲ့ တိုင်ပင်ပါ။ လက်ထဲမှာ ငွေကြေးထက် ပစ္စည်းတွေပဲ စုဖြစ်နေမှာဖြစ်ပြီး အရေးတကြီးငွေလိုအပ်ရင် အခက်တွေ့နိုင်လို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ ပူးပေါင်းလုပ်ဆောင်ခွင့် ရပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ကြာသပတေးနံပါသူနဲ့ ချစ်သူဖြစ်လာတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ခရီးအတူ သွားရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ တိုးပွားလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ကျောက်ကျောကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ ဘာပဲလုပ်လုပ် အခက်အခဲအနည်းငယ် ကြုံနေရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်အတွင်း မိမိတာဝန်ယူထားရသော ကိစ္စရပ်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ခက်ခဲတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကို ဆက်လက်ရပ်တည်ဖို့ ခက်ခဲမှုကြောင့် ကြွေးတင်တဲ့အထိ ဖြစ်ရတတ်ပါတယ်။ လမ်းသွားရင်း မိမိရှေ့တွင် ရန်အကြီးအကျယ်ဖြစ်သည်ကို မြင်တွေ့ရပါက ၅ အစ ၅ အဆုံး ထီထိုးပေးပါ။ သစ်သီးဆိုင်ပိုင်ရှင်များ၊ သွပ်၊ သံ၊ သစ် ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေနေမှာဖြစ်ပြီး အိမ်ထောင်ပရိဘောဂပစ္စည်း ခန်းဝင်ပစ္စည်းရောင်းဝယ်သူတွေကတော့ အရောင်းပါးတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်လို့ ခရီးတစ်ခု သွားရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အိမ်နီးချင်းတစ်ဦးနဲ့ ချစ်သူဖြစ်လာရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူသစ် ရလာတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး ပိုပြီးချစ်ချစ်ခင်ခင် ရှိနေဖို့ လိုအပ်ပြီး ကြားစကားတွေကို နားမယောင်မိဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ဇီဇဝါပန်း ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် လူမှုရေး၊ စီးပွားရေး အရာရာ စိတ်ချမ်းမြေ့နေရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်မှာ အတော်ဆုံးဝန်ထမ်းအဖြစ် ချီးကျူးခံရတတ်ပြီး အားလုံးက လေးစားအားကျရတဲ့ ဝန်ထမ်းကောင်းအဖြစ် နာမည်ကြီးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသစ်စတင်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ရဲရဲကြီးစတင်လိုက်ပါ။ လုပ်ငန်းကနေ အမြတ်ဝင်ငွေမရတာကြာနေတဲ့လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းပြန်လည် လည်ပတ်မှုရှိလာပြီး ငွေစဝင်လာပါလိမ့်မယ်။ လုပ်ငန်းပြိုင်ဖက်တွေအားလုံးကို ကျော်ဖြတ်နိုင်မယ့်အချိန်ဖြစ်ပြီး တိုင်းရင်းဆေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းရှင်များ အထူးအဆင်ပြေမယ့် အချိန်ပါ။ ဘယ်ကနေဝင်မှန်းမသိ ငွေဝင်လာတတ်ပြီး ငွေဝင်လျှင် အလှူအတန်း ပြုလုပ်ပေးလိုက်ပါ။ ဒီနေ့မှာ ပညာရေးကံကောင်းနေပြီး မိမိတက်ရောက်ချင်နေတဲ့ သင်တန်းတစ်ခု မမျှော်လင့်ပဲ တက်ရောက်ခွင့် ကြုံပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူရော ချစ်သူရှိပြီးသူတွေပါ စန်းပွင့်နေချိန်ပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘရဲ့ ကူညီမှုကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ပုံမှန်ပဲရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ရွက်လှပန်းကို ဘုရားကပ်လှူပြီး လိုရာဆုတောင်းနိုင်ပါတယ်။

ရာဟု - ရာဟုသားသမီးတွေကတော့ နေအိမ်နေရာထိုင်ခင်း ခက်ခဲတတ်ပြီး လက်ရှိနေရာကနေ ဖယ်ပေးရတတ်ပါတယ်။ မိဘနှင့် အတူနေသူဖြစ်ပါက မိဘတွေနဲ့ အဆင်မပြေတာကြောင့် အိမ်ကဆင်းရတတ်ပါတယ်။ လမ်းသွားရင်း အက်စီးဒင့် တစ်ခုခု မြင်တွေ့မိရင် ၇ အစ ၂ အဆုံး ထီထိုးပေးပါ။ ဒီရက်မှာ အလှူ၊ မင်္ဂလာကိစ္စတွေ ပြုလုပ်ဖို့ စီစဉ်ထားရင် ပြဿနာတစ်ခုခု ပေါ်လာတတ်လို့ သတိထားပါ။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာ ဖြစ်သမျှ ပြဿနာတွေကို မိမိခေါင်းပေါ် ပုံချခံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမှာ အမြတ်ဝင်ငွေ နည်းပါးတတ်ပါတယ်။ ဆေးခန်းများ၊ ဆေးဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းကောင်းမလို ဆိုးမလိုဖြစ်နေတတ်ပြီး ရေသန့်လုပ်ငန်း၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ အနည်းငယ်ညံ့နေပါတယ်။ သင်တန်းတစ်ခုခု တက်ဖို့ရည်ရွယ်ထားရင် ဖျက်လိုက်ပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သူငယ်ချင်းထဲကနေ ချစ်သူဖြစ်လာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူကို မိဘတွေက သဘောမကျပဲ ရှိနေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတွေကြောင့် စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အကြောညပ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ရဲယိုသီးကပ်လှူပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အကျိုးဆောင်လုပ်ငန်း၊ ပညာရေး အတိုင်ပင်ခံလုပ်ငန်းများကောင်းမွန်နေပြီး ပညာရေးပိုင်း မှာလည်း အဆင့်မြင့်မြင့်အောင်မြင်ပါလိမ့်မယ်။ ဒါပေမယ့် မိမိရဲ့ အောင်မြင်မှုတွေ၊ ကြိုးစားမှုတွေအပေါ် မနာလိုသူများလည်း ကြုံရတတ်လို့ သတိပြုပါ။ မထင်မှတ်ထားတဲ့ ငွေ၊ ရွှေထည်၊ ကျောက်မျက်ရတနာများ ဝင်ကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ရာထူးတိုး ၊ လစာတိုးကိန်းလည်း ရှိပြီး ဝန်ထမ်းကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်မယ်ဆိုရင်တော့ ငွေကြေးစပ်တူလုပ်တာမျိုး သတိထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းသစ်တိုးချဲ့ခြင်းမျိုး အောင်မြင်မှာဖြစ်ပြီး စုမဲစုခြင်း၊ ငွေတိုးပေးခြင်း လုပ်ကိုင်သူများ ကံကောင်းနေတဲ့အချိန်ပါ။ လုပ်ငန်းရှင်ဖြစ်ပါက လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့မတူတဲလုပ်ငန်းသစ်မျိုး တိုးချဲ့ရမှာဖြစ်ပြီး ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ အိမ်တွင်းရေး အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာနေပြီး ချစ်သူရှိပြီးသူများ ချစ်သူနဲ့ စကားများရတတ်ပါတယ်။ ချစ်သူမရှိသေးသူတွေကတော့ တနင်္ဂနွေသားသမီးနဲ့ ဖူးစာဆုံတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် မုန့်လုံးရေပေါ် ကပ်လှူပေးပါ။

သောကြာ - ရွှေပန်းထိမ်လုပ်ငန်း၊ စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ကောင်းမွန်နေပြီး ငွေကြေးရရှိမှုလည်း ပုံမှန်ပဲ ရှိနေပါလိမ့်မယ်။ လူမျိုးခြားအကျိုးပေးမှာဖြစ်ပြီး အထူးသဖြင့် အင်္ဂါသားသမီးရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လက်ရှိအလုပ်ထက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ပြောင်းလဲလုပ်ကိုင်ရကိန်းရှိပြီး စပ်တူရှယ်ယာ လုပ်ငန်းတွေကနေလည်း အကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့စဉ်းစားထားရင် မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးနေတာမို့ စပ်တူလုပ်ဖို့ စဉ်းစားပါ။ ထီလည်း စပ်တူထိုးပေးသင့်ပြီး မျက်စိရှေ့မှာ အက်စီးဒင့် တစ်ခုမြင်ရင်လည်း ထီပြေးထိုးလိုက်ပါ။ ငွေဝင်နေပေမယ့် ရင်းနှီးသူထဲက ကိုယ့်အပေါ် လိမ်လည်မယ့်သူ ပေါ်လာတတ်လို့ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေစာရင်းတွေကို တစိမ်းကို အသိမပေးပါနဲ့။ ပညာရေးအတွက် အနည်းငယ် စိတ်ညစ်ရကိန်းရှိပြီး အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့် အချိန်ဖြစ်ပြီး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင် သကြားပလာတာ ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ ဘယ်သူ့ကိုမဆို အကောင်းမြင်ပေးလို့မရပဲ ရှိနေတတ်ပါတယ်။ ခရီးထွက်ခါနီး အိမ်အနီးအနားမှာ ဆူညံသံ၊ ရန်ဖြစ်သံကြားရင် အဆိုပါ ခရီးကို ရှောင်ရှားလိုက်ပါ။ နယ်ဝေး၊ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်ရကိန်းရှိပြီး အဆိုပါနေရာမှာ မပျော်ပဲ စိတ်ညစ်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားသွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိနေသူ ဆိုပါက အမိမြေကို ပြန်လာလိုစိတ် တဖွားဖွားဖြစ်လာတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက မိမိနဲ့ ရာထူးတူသူတွေရဲ့ တာဝန်တွေအားလုံး မိမိအပေါ် စုပုံရောက်လာတတ်လို့ အလုပ်ထွက်ချင်စိတ်ဖြစ်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမအောင်မြင်မှုအပေါ် ရှယ်ယာရှင်တွေရဲ့ အပြစ်တင်မှုခံရတတ်ပြီး မထင်မှတ်ထားတဲ့ ကိစ္စကနေ လုပ်ငန်းနာမည်ပျက်တဲ့အထိ ဖြစ်တတ်လို့ သတိပြုပါ။ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားသူတွေ၊ လုပ်ငန်းသဘာဝမတူတာမျိုးချဲ့ထွင်ဖို့ စီစဉ်ထားသူတွေအနေနဲ့ ဆက်လုပ်ရင် အရှုံးပဲ ဖြစ်မှာမို့ ရပ်တန်းကရပ်တန့်လိုက်ပါ။ ဒီရက်ပိုင်းမှာ ဘုရား၊ တရား၊ ဘာသာရေးပိုလုပ်ပေးသင့်ပြီး ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ အချစ်ရေးညံ့နေပါတယ်။ အိမ်ထောင်ရေးပုံမှန်ပဲရှိနေပြီး ကျန်းမာရေးကတော့ စိုးရိမ်စရာမရှိပါဘူး။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - အိမ်ရှိ ဒန်အိုး၊ ဒယ်အိုး အဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ချစ်သူ
#ယတြာ
#လုပ်ငန်း
#လုပ်ငန်းရှင်

Some text some message..