
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စိတ်ချမ်းမြေ့ရမယ့် နေ့ရက်တစ်ရက်ပါ။ အလုပ်ကိစ္စ၊ ငွေကြေးအပေးအယူ၊ လုပ်ငန်းကြီးတိုးချဲ့ခြင်း အစရှိတဲ့ ကိစ္စရပ်တွေအားလုံး အောင်မြင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ မိမိကြောင့် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့မယ်ဆိုရင် စနေ၊ သောကြာ သားသမီးတစ်ယောက်ယောက်ဆီက အကြံဉာဏ်ရယူသင့်ပါတယ်။ အိမ်အနီးအနားမှာ နာရေးရှိရင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။ လမ်းသွားရင်း ရန်ပွဲတွေ့မြင်မိပါက ၅အစ ၃အဆုံး ထီပြေးထိုးလိုက်ပါ။ ရေသန့်လုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ထီဆိုင်၊ ထီးဖိနပ်၊ ထမင်းဆိုင်ရှင်များ အထူးကောင်းမွန်နေတဲ့အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ စေ့စပ်ကြောင်းလမ်းရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွား စေ့စပ်သေချာမှုကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်ရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် အမွှေးတိုင် ၉တိုင် ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ငွေဝင်ပေါက်ရှိမယ့် လုပ်ငန်းတွေလုပ်ကိုင်နေရပေမယ့် မှန်းထားသလောက် ဝင်ငွေ အကျိုးအမြတ်မရရှိမယ့် အချိန်လည်းဖြစ်ပါတယ်။ ငွေစုလို့မမြဲတဲ့ကာလဖြစ်ပြီး ဝင်လာသမျှငွေတွေလည်း အကြောင်းရှာပြီး ပြန်ထွက်နေပါလိမ့်မယ်။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေကတော့ မကြာခင် အနည်းငယ် အဆင်ပြေလာပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပိုမိုဆိုးရွားစွာ ဖြစ်ရတတ်ပြီး လုပ်ဖော်ကိုင်ဖက် မိသားစုရဲ့ ကောင်းသော ထောက်ပံ့ခြင်းတွေကို ရရှိလာပါလိမ့်မယ်။ လုပ်ငန်းအတွက် ငွေရုတ်တရက် လိုလာတတ်ပြီး အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်မြင်လျှင် ထီထိုးပေးပါ။ ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ပညာရေးတိုးတက်မယ့် အချိန်ဖြစ်ပြီး မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလဖြစ်ပြီး ဒီရက်ပိုင်းမှာ အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊ အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ ချစ်သူမရှိသေးသူများ သောကြာသားသမီးရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ရေးပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြက်မောက်သီး ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာ ရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ အိမ်အနီးအနားမှာ နာရေးမြင်လျှင် အိမ်ရှိအသက်အရွယ်ကြီးမြင့်သူ၏ ကျန်းမာရေး ဂရုပြုပါ။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနမှ တဆင့်မြင့်စေမည့် သင်တန်းမျိုး စေလွှတ် တက်ရောက် ရကိန်း ရှိပါတယ်။ အချစ်ရေးမှာ တတိယလူပေါ်လာတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ထံမှ အဖိုးတန်ပစ္စည်း လက်ဆောင်ရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးနှင့်ကျောက်ကပ် သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဆီးဖျော်ရည် ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီနေ့မှာ ကံအလွန်ကောင်းနေပါတယ်၊ ထီပေါက်ကိန်းရှိပြီး ထီပေါက်သလို ငွေတွေဝင်လာပါလိမ့်မယ်။ လမ်းသွားရင်း ကြုံတဲ့ဆိုင်မှာ ၆ နဲ့စတဲ့ ထီထိုးပေးပါ၊ မိသားစု ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် အကူအညီပေးရကိန်းရှိပြီး ဒီရက်ပိုင်းအိမ်မှာ ညအိပ်ညနေ လာရောက်တည်းခိုသူတွေ ရှိလာတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးရဲ့ မျက်နှာသာပေးခြင်း ခံရဖွယ်ရှိပြီး ရာထူးတိုး၊ လစာတိုး၊ နေရာထိုင်ခင်းပိုကောင်းတဲ့နေရာ ရရှိတတ်ပါတယ်။ အိမ်အနီးအနားမှာ အလှူကြီးပေးရင် ထီထိုးဖြစ်အောင် ထိုးလိုက်ပါ။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတစ်ခုကနေ နှစ်ခု တိုးချဲ့ရသည်အထိ ထွန်းပေါက် အောင်မြင်နိုင်ပါလိမ့်မယ်။ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားသူများ၊ အလှကုန်၊ ရေမွှေး၊ အဝတ်အထည် ရောင်းဝယ်သူများ အကျိုးများမယ့် အချိန်ဖြစ်ပြီး ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များ အရောင်းအဝယ်အေးနေတတ်ပါတယ်။ အိမ်ဝယ်ဖို့ ရှာနေသူများ အိမ်ကောင်းရတတ်ပြီး အိမ်ငှားနေရသူများ အိမ်ပိုင်ရလာတတ်ချိန်လည်းဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေသားသမီးရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ခရီးထွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘကြောင့် စိတ်အနည်းငယ်ညစ်ရတတ်ပြီး ကျန်းမာရေးအနေနဲ့ အစာအိမ်အောင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင် ယိုတစ်မျိုးမျိုး ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး အလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းလုပ်မယ်ဆိုပြီး ယုံကြည်ပုံအပ်မိရင် ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်အတွက် ကြားခံလက်မှတ်ထိုးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိ အလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ဒီအတိုင်းဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ အပျော်ခရီးတစ်ခု ထွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတွေ အိမ်ရောက်လာတတ်ပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြားပညာတော်သင် သွားရခြင်း၊ ကိုယ်တိုင်အတွက် အထောက်အပံ့ဖြစ်မယ့် သင်တန်းမျိုး တက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ ပေါင်အကြောညပ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - မွေးနေ့တွင် ဝိဇ္ဇာစရဏသမန္တော သက်စေ့ ရွတ်ဆိုပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်း အကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြား အလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး သောကြာ၊ အင်္ဂါနေ့နံ သားသမီးတွေရဲ့ အကူအညီကိုလည်း ရရှိပါလိမ့်မယ်။ ပန်းထိမ်လုပ်ငန်း၊ ရွှေ၊ ငွေကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအနည်းငယ် အေးနေတတ်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သယ် ရှိတတ်ပြီး အလှူကြီးပေးတဲ့ မဏ္ဍပ်မြင်လျှင် ၆ အစ ၇ အဆုံး ထီထိုးပေးပါ။ ချစ်သူရှိပြီးသူများ ချစ်သူရဲ့ ဂရုစိုက်မှုကြောင့် စိတ်ချမ်းသာရမှာဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့လည်း အိမ်ထောင်ရေးသာယာမယ့် အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ပန်းသီးဖျော်ရည် ကပ်လှူပေးပါ။
သောကြာ - ဆန်စက်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ကားပစ္စည်းရောင်းဝယ်သူများလည်း အကျိုးအမြတ်များမယ့် အချိန်ဖြစ်ပါတယ်။ အလုပ်နေရာ ပြောင်းရွှေ့ရကိန်း ရှိပြီး ဒီထက်ပိုကောင်းတဲ့ နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်ရနိုင်ပါတယ်။ အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလဖြစ်လို့ သတိထားသုံးစွဲပါ။ သူတစ်ပါးအတွက်ကြားခံ အာမခံပေးတာမျိုး ငွေကြားခံ ချေးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆွေမျိုးထဲမှာ စကားအရောင်းအဝယ်ပြုလုပ်တတ်သူတစ်ဦး ရှိတတ်ပြီး မိသားစုရေးကို ဝင်ပြီး နှောက်ယှက်တတ်ပါတယ်။ အချစ်ရေးအနေနဲ့ ချစ်သူမရှိသူတွေ ချစ်သူရုတ်တရက် ရလာပါလိမ့်မယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူက မိမိသူငယ်ချင်းနဲ့ ဖောက်ပြန်တတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကြောင့် စိတ်ချမ်းသာရပါမယ်။ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းစီးပွားကိစ္စရပ်တွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်ကူညီခွင့်ကြုံပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အညောင်းမိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သင်္ဘောသီး ကပ်လှူပေးပါ။
စနေ - စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကို အခွဲတွေထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။ အိမ်၊ ခြံ နေရာထိုင်ခင်း အသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ ငွေကြေးရရှိမှုကတော့ ဒီရက်ပိုင်းမှာ ပုံမှန်ပဲ ရှိနေပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေ အထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရောင်းမှား ဝယ်မှားရှိတတ်ပြီး ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် အလုပ်မှာ နေရာပေးခြင်း ခံရတတ်ကာ လုပ်ငန်းတူတွေရဲ့ မနာလိုမှု ခံရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အထင်အမြင်လွဲတာ ခံရကိန်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဒူးရင်းသီးကိတ် ကပ်လှူပေးပါ။
LEO
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။