မေလ ၄ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-05-04

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၄ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရာအားလုံးနီးပါး စိတ်ချမ်းသာရပါလိမ့်မယ်။ နေအိမ်နေရာထိုင်ခင်း လိုအပ်ချက်ရှိနေသူများ မထင်မှတ်ပဲ ကောင်းမွန်ပြည့်စုံတဲ့ နေရာထိုင်ခင်းသစ် ရရှိလာပါလိမ့်မယ်။ အမျိုးထဲမှာ မင်္ဂလာကိစ္စ ပေါ်လာတတ်ပြီး မိမိက ဦးဆောင်ဦးရွက်ပြုလုပ်ပေးရတတ်ပါတယ်။ အိမ်မှာ တနင်္လာသားသမီးရှိရင် သတိပြုပါ။ ရည်းစားနောက်လိုက်ပြေးတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးတက်မှုရှိဖို့ မိမိအပေါ်မှာ အပြည့်အဝမူတည်နေမှာဖြစ်ပါတယ်။ ကြီးကြီးမားမားကိစ္စအတွက် ဆုံးဖြတ်စရာရှိတယ်ဆိုရင် အင်္ဂါသားသမီးနဲ့ တိုင်ပင်ပါ။ လက်ထဲမှာ ငွေကြေးထက် ပစ္စည်းတွေပဲ စုဖြစ်နေမှာဖြစ်ပြီး အရေးတကြီးငွေလိုအပ်ရင် အခက်တွေ့နိုင်လို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ ပူးပေါင်းလုပ်ဆောင်ခွင့် ရပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ကြာသပတေးနံပါသူနဲ့ ချစ်သူဖြစ်လာတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ခရီးအတူ သွားရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ တိုးပွားလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် အမွှေးတိုင် ၉တိုင် ကပ်လှူပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ အလှူ၊ မင်္ဂလာပွဲကြံရွယ်ထားသူတွေ၊ အလှူအတန်းပြုလုပ်ဖို့ ကြံရွယ်ထားသူတွေအနေနဲ့ မူလအစီအစဉ်ပျက်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် လှူဖြစ်အောင် လှူပေးလိုက်ပါ၊ ကုန်စိမ်း၊ မီးဖိုချောင်သုံး၊ အိမ်သုံး ပစ္စည်း အတိုအထွာရောင်းချသူများ အိမ်ဆိုင်များ အလုပ်ဖြစ်မယ့် အချိန်ဖြစ်ပြီး ရွှေဆိုင်၊ ရတနာပစ္စည်းသီးသန့် အရောင်းအဝယ်ပြုလုပ်သူတွေကတော့ အရောင်းအဝယ်ရပ်နေပါလိမ့်မယ်။ မျက်စိရှေ့မှာ လိုအပ်နေသူတွေ့လျှင် မိမိတတ်နိုင်သလောက် ကူညီပေးလိုက်ပါ။ အိမ်ခြံမြေ ရောင်းချရန် စီစဉ်နေသူများ ဒီရက်မှာ ရောင်းထွက်ပါလိမ့်မယ်။ ဒါပေမယ့် မိမိလိုချင်သလောက် ဈေးတော့မရလိုက်တာမျိုး ရှိတတ်ပါတယ်။ အိမ်အနီးအနားမှာရှိတဲ့ မိတ်ဆွေကြောင့် စိတ်ညစ်ရတတ်ပြီး တတ်နိုင်သလောက် ရှောင်လိုက်ပါ။ ငွေကြေး အပေးအယူကိစ္စတွေအတွက် သတိပြုသင့်ပြီး ဘယ်သူလာချေးချေး မပေးပါနှင့်။ စုမဲစုခြင်း အပေါင်ထားခြင်း ကိစ္စရပ်တွေအတွက်လည်း ပြဿနာ တက်တတ်ပါတယ်။ သတိပြုပါ။ အချစ်ရေးအတွက် စိတ်လေပြီး ပညာရေးမှာ ထိခိုက်တတ်ပါတယ်။ ဒီအချိန်မှာ သင်တန်းတက်ခြင်း၊ အွန်လိုင်းစာမေးပွဲဖြေဆိုခြင်းများအတွက် အနှောက်အယှက်ဝင်တတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိမိအပေါ် လိမ်ညာစားမယ့် ချစ်သူရလာတတ်ပြီး စိတ်ဆင်းရဲရတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ဘာမဟုတ်တာလေးနဲ့ ချစ်သူနဲ့ စိတ်ကောက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ အလုပ်ကိစ္စအတွက် ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ကန်စွန်းရွက်ကြော် ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ မိမိအပေါ်အမြင်မကြည်သူတွေကပါ လိုလိုလားလားရှိလာကြပါလိမ့်မယ်။ မိသားစု၊ ပတ်ဝန်းကျင်နဲ့ဖြစ်စေ၊ လုပ်ငန်းခွင်လုပ်ဖော်ကိုင်ဖက်များနှင့် ဖြစ်စေ အဆင်ပြေချောမွေ့မှာဖြစ်ပြီး လုပ်ငန်းမှာ ဦးစီးဦးဆောင်ပြုလုပ်နေရသူ ရာထူးကြီးများအနေဖြင့် လက်အောက်ငယ်သားတွေရဲ့ ယုံကြည်မှု အပြည့်အဝ ရရှိနေပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဦးဆောင်ဖြေရှင်းရကိန်းရှိနေပြီး အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အိမ်မိသားစုအတွင်း ဗုဒ္ဓဟူးသားသမီးရှိပါက ကျန်းမာရေး သတိပြုပေးပါ။ ပန်းထိမ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းရှင်များ လုပ်ငန်းအေးနေမှာဖြစ်ပြီး အလှပြင်ဆိုင်၊ အကျီဆိုင်၊ အိတ်၊ ဖိနပ်အရောင်းဆိုင်များ ခါတိုင်းထက် အရောင်းပါးပါလိမ့်မယ်။ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များ၊ အဖျော်ယမကာ ရောင်းဝယ်သူများအနေနဲ့တော့ လုပ်ငန်းကနေ အမြတ်ဝင်ငွေ ရရှိနေပါမယ်။ နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်ဖို့ ကြံရွယ်ထားသူများ ခရီးကြန့်ကြာရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိဘပေးစားတဲ့သူနဲ့ ဖူးစာဆုံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ မိဘဆွေမျိုးတွေကို ကူညီထောက်ပံ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် မထင်မှတ်ထားတာတွေဖြစ်တတ်ပြီး အစစ အရာရာ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ မိသားစု၊ မောင်နှမတွေရဲ့ အကူအညီအထောက်အပံ့ကို အပြည့်အဝ ရရှိမယ့်အချိန်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး ရှိတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်သူတွေရဲ့ အားကိုးအားထား ပြုစရာကောင်း ဖြစ်လာနိုင်ပြီး ရှယ်ယာရှင်တွေလည်း ထပ်မံတိုးပွားလာတတ်ပါတယ်။ လက်ရှိ မိမိပိုင်လုပ်ငန်းအပြင် သူတပါးလုပ်ငန်းမှာ ရှယ်ယာထည့်ဝင်မှုတွေအတွက်လည်း အကျိုးအမြတ်များစွာ ရရှိတတ်ချိန်ပါပဲ။ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဆိုင်များ အနေဖြင့် လုပ်ငန်းအနည်းငယ်အေးနေမှာဖြစ်ပြီး ဂီတအနုပညာ တူရိယာပစ္စည်းရောင်းဝယ်ရေး ဆိုင်တွေကတော့ ရောင်းအားကောင်းနေပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းကြေး လက်လွန်ထားရင် ဆုံးရှုံးရဖွယ်ရှိပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အင်္ဂါသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ အတူတကွ ခရီးထွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးကျန်းမာရေးအတွက် စိတ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားကိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ဘုရားတွင်လီလီပန်းကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေကတော့ ဒီနေ့မှာ အစစအရာရာ စိတ်ချမ်းသာရပါလိမ့်မယ်။ ငွေကြေးပိုင်း၊ လုပ်ငန်းပိုင်း၊ မိသားစုပိုင်း အားလုံးနီးပါး စိတ်ချမ်းသာရမယ့် အချိန်ပါ။ မိသားစုက မိမိအပေါ် အထင်ကြီးခံရမယ့် အချိန်ဖြစ်ပြီး ဆွေမျိုးတွေကြားထဲမှာလည်း ထင်ပေါ်နေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကနေ အောင်မြင်မှုများစွာ ရရှိနိုင်ပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကနေ အမြတ်ဝင်ငွေ တိုးပွားပါလိမ့်မယ်။ အွန်လိုင်းရှော့ပင်လုပ်ငန်း၊ ဒလစ်ဗာရီလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ခြံမြေအကျိုးဆောင်များ ကန်ထရိုက်တာများ ခက်ခဲနေပါလိမ့်မယ်။ နိုင်ငံရပ်ခြား သွားရောက် အလုပ်လုပ်နေသူများအနေဖြင့် အလုပ်မှာ အဆင်ပြေပြေ ဖြစ်နေပါလိမ့်မယ်။ ဒီရက်မှာ မင်္ဂလာသတင်းတစ်ခု ကြားရကိန်းရှိနေပြီး ထီပေါက်သလို ငွေဝင်တတ်ပါတယ်။ ထီထိုးမယ်ဆိုရင် ၈ အစ ၁ အဆုံးထီထိုးပေးပါ။ အချစ်ရေးကံကောင်းနေပြီး အိမ်ထောင်သည်တွေကတော့ သားသမီးရဲ့ ပညာရေးအတွက် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နှာစေးနှာပိတ်ဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် လမုန့် ကပ်လှူပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေမှာ ကူညီမယ့်သူထက် နှောက်ယှက်မယ့်သူတွေကိုပဲ ကြုံရတတ်ပါတယ်။ နေအိမ် နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ စိတ်ညစ်ရတတ်ပြီး အိမ်အနီးအနားမှာ မိမိအပေါ် ဒုက္ခပေးမယ့်သူ ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအတွက် လည်ပတ်ငွေကို စိတ်ပူနေရတတ်သလို ဝန်ထမ်းထိန်းသိမ်းမှုပိုင်း အတွက်လည်း ဖြေရှင်းရတတ်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ဖောက်ကားသူများ၊ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများလည်း အလုပ်ဖြစ်နေတတ်ပါတယ်။ အဆိုတော် နှင့် စာပေအနုပညာရှင်များ မဲစုသူများ အနည်းငယ်ခက်ခဲနေမယ့် အချိန်ဖြစ်ပြီး စားသောက်ကုန်ရောင်းဝယ်သူတွေကတော့ အဆင်ပြေနေမှာဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တနင်္လာသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတွေနဲ့ စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင်မုန့်လုံးရေပေါ် ကပ်လှူပေးပါ။

သောကြာ - ဒီနေ့မှာ မိမိပတ်ဝန်းကျင်ကလူတွေနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ မိဘ၊ မိသားစု၊ ဆွေမျိုးတွေက မိမိကို အားကိုးအားထားပြုပြီးနေကြရတဲ့ အချိန်ဖြစ်လည်း ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတူတွေနဲ့ ယှဉ်ရင် အလုပ်လည်ပတ်မှုကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်မယ့် အချိန်လို့ ဆိုရမှာပါ။ လုပ်ငန်းကို ပုံမှန်ထိန်းထားနိုင်မှာဖြစ်ပြီး လုပ်ငန်းကျဆင်းသွားတာမျိုး မဖြစ်အောင်ထိန်းနိုင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အောက်လူတွေအားလုံးရဲ့ စုစုစည်းစည်း ညီညွတ်မှုကြောင့် အခက်အခဲမရှိ အဆင်ပြေပါလိမ့်မယ်။ အစိုးရဝန်ထမ်းတွေအနေနဲ့ အိမ်နဲ့ ခွဲနေရတတ်ပြီး လခတိုးခြင်း၊ ရာထူးတိုးခြင်း ရှိတတ်ပါတယ်။ ထီး၊ ဖိနပ် အစရှိတဲ့လုပ်ငန်းတွေနဲ့ စနေနံလုပ်ငန်းလုပ်ကိုင်သူတွေအားလုံး လုပ်ငန်းအနည်းငယ် အေးနိုင်ပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ဝင်ငွေလျော့နည်းနိုင်တဲ့အချိန် ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ နဂိုအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံရကိန်းရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ ဝင်ရောက်ကူညီရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင် သရက်သီး ၃လုံး ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ တစ်ခုခု ဆုံးဖြတ်ချက် ချမယ်ဆိုရင် သတိထားဆုံးဖြတ်သင့်တဲ့ အချိန်ဖြစ်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအတွက် အကြံဉာဏ်လိုအပ်ပါက သောကြာသားသမီးထံမှ ရယူဆုံးဖြတ်သင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖေးမမှုကြောင့် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ ဒီရက်မှာ လက်ထဲကို ငွေတလုံးတခဲတည်း ဝင်လာတာမျိုး ကြုံရတတ်ပေမယ့် ရုတ်တရက်ဆိုသလို ပြန်ကုန်သွားတတ်ပါတယ်။ ဒီရက်မှာ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု လက်ထဲကို ရောက်လာတတ်ပြီး ချစ်ခင်သူတစ်ဦးက လက်ဆောင်ပေးတာမျိုး ဖြစ်ပါလိမ့်မယ်။ စာအုပ်စာပေလုပ်ငန်း၊ ရုပ်ရှင်အနုပညာလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအေးနေပြီး ဉာဏ်ရှိသလို တိုးချဲ့နိုင်မှ အဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းရှင်ဖြစ်ပါက လက်ရှိလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းတစ်ခုခုမှာ ရှယ်ယာထည့်ထားရင် ခံသာပါလိမ့်မယ်။ လတ်တလော အိမ်မှာ မနေချင်လောက်အောင် ရှိနေမှာဖြစ်ပြီး အိမ်သားတွေနဲ့လည်း စကားမပြောချင် ရှိနေတတ်ပါတယ်။ ပညာရေးအတွက် ငွေအရင်းအနှီးလုပ်ထားသူတွေရှိရင် ဆုံးရှုံးရတတ်ပြီး ပညာရေးညံ့နေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူထံမှ ချစ်သက်လက်ဆောင် ရလာတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူအတက်ရောင်တတ်လို့ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် ဒူးရင်းသီး ကပ်လှူပေးပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ချစ်သူ
#လုပ်ငန်း
#ယတြာ
#အိမ်ထောင်သည်

Some text some message..