
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၂၂ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စီးပွားတွဲဖက်လုပ်ကိုင်သူတွေထံမှ အကူအညီများလည်း ရရှိလာမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အိမ်အနီးအနားမှာ အလှူမဏ္ဍပ်မြင်တွေ့ရလျှင် ၂အစ ၃အဆုံး ထီထိုးပေးပါ။ အစိုးရဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားတွေနဲ့ပါ အဆင်ပြေပါလိမ့်မယ်။ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်တာဝန်ပိခြင်း ဖြစ်တတ်ပြီး စိတ်ဖိစီးတတ်ချိန် ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက် ဝင်လာတတ်ပြီး ရွှေဝင်လျှင် မိဘ၊ ကြီးကဲသူတစ်ဦးဦးအား အဝတ်အစားလှူဒါန်းပေးပါ။ အိမ်နေရာထိုင်ခင်းအသစ် ဝင်ကိန်း ပြောင်းရကိန်းရှိနေပြီး အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင် ကျန်းမာရေးချို့တဲ့တတ်ပါတယ်။ လမ်းသွားရင်း သူတပါးကိစ္စဝင်စပ်စုရင်း ပြဿနာတက်တတ်လို့ သတိပြုပါ။ ဝင်မပါရင်အကောင်းဆုံးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေ၊ သောကြာနာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ လက်တွဲရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေး သာယာနေမယ့် အချိန်ပါ။ ပညာရေးမှာ နိုင်ငံခြားဘာသာစကားသင်တန်းတစ်ခုခု တက်ရောက်ရကိန်းရှိပြီး စာမေးပွဲဖြေဆိုမှုရှိလျှင် ထူးချွန်စွာအောင်မြင်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် အမွှေးတိုင် သက်စေ့ ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ မဲစုခြင်း ငွေစုခြင်းကနေလည်း ငွေကြေး ဆုံးရှုံးကိန်းရှိပြီး အမှုအခင်းဖြစ် စကားများရကိန်းရှိနေပါတယ်။ အိမ်နေရာထိုင်ခင်း အပြောင်းအလဲအတွက် မကောင်းသေးလို့ ဒီရက်မှာ မူလနေရာမှာ နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်ပြီး အချစ်ရေးကံလည်း ကောင်းနေပါတယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး အလုပ်ရှိပြီးသူတွေအနေနဲ့ အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ အဖျော်ယမကာလုပ်ငန်းရှင်များ၊ စားသောက်ကုန် လုပ်ငန်းရှင်များ အကျိုးအမြတ်များမယ့် ကာလဖြစ်ပြီး အက်ဆီးဒင့်တစ်ခုခုမှာလည်း ပါဝင်ရတတ်ပါတယ်။ အိမ်အနီးအနားမှာ လူမမာသော်လည်းကောင်းရှိတတ်ပြီး ဖြစ်နိုင်လျှင် သတင်းမေး မသွားပါနှင့်။ အချစ်ရေးမှာ ချစ်သူရဲ့ ရိုင်းစိုင်းစွာပြောဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ရေး ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးအောက်ပိုင်း ထိခိ်ုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကြာဇံဟင်းခါး လှူဒါန်းပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ငွေဝင်ခြင်းမျိုး၊ ရွှေကျောက်မျက် ရရှိခြင်းမျိုးတွေ ရှိလာတတ်ပြီး လုပ်ငန်းကိစ္စရပ်တွေလည်း အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်။ အိုးအိမ်သစ်ဝင်ခြင်း၊ ကားသစ်ဝင်ခြင်းမျိုးလည်း ရှိတတ်ပြီး စက်ပစ္စည်းသစ်တွေလည်း ဝင်လာတတ်ပါတယ်။ အိမ်သစ်မှာ စီးပွားတိုးတက်တတ်ပြီး ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်တွေ့ရှိ လုပ်ငန်းကိုင်ငန်း အဆင်ပြေမယ့် အခွင့်အလမ်းတွေရလာတတ်ပါတယ်။ အိမ်အနီးအနားမှာ မင်္ဂလာဆောင်တစ်ခုရှိရင် ၆အစ ၀ အဆုံး ထီထိုးပေးပါ။ ရပ်ဝေးမှ မင်္ဂလာဆောင်တစ်ခု သွားရကိန်းရှိပြီး မိသားစုနဲ့သော်လည်းကောင်း အပျော်ခရီးလည်း ထွက်ရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပျော်ခရီးထွက်ရတတ်ပါတယ်။ စိန်လက်စွပ်၊ တန်ဖိုးကြီးဖုန်း အရှိတဲ့ တန်ဖိုးကြီးကြီးမားမား ပစ္စည်းတစ်ခု လက်ဆောင်ရတတ်ပြီး ဒီဇင်ဘာလဖွား သောကြာသားသမီးဆိုပါက မွေးနေ့ကျော်လျှင် မိမိအရမ်းဖြစ်ချင် ဆန္ဒရှိတာတစ်ခုခု ပြည့်ဝတတ်ပါတယ်။ အချစ်ရေးမှာ မိမိကချစ်နေသူရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်နဲ့ ခရီးထွက်ရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကျန်းမာရေးအနေနဲ့ ရုတ်တရက် အရိုးကျိုးတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ တနင်္ဂနွေနံလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များ အနည်းငယ် အညံ့ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းမှာ စာရင်းအင်းပိုင်း လုပ်ကိုင်ရသူတွေအနေနဲ့ သတိထားလုပ်ကိုင်သင့်ပြီး သူတပါးပြဿနာက ကိုယ့်ပြဿနာဖြစ်လာတတ်ပါတယ်။ အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနေပြီး တနင်္ဂနွေသားသမီး ဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားတယ်ဆိုရင် ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ကိုယ်တိုင်ဖြစ်စေ သူတပါးအိမ်ထောင်ရေးဖြစ်စေ အိမ်ထောင်ရေးအရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီး အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ အလုံးစုံကောင်းမွန်နေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင် ဝေဖာကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်မလွန်ပါစေနှင့်၊ အမှုအခင်းဖြစ်ကိန်းရှိပါတယ်။ နိုင်ငံခြားခရီးသွားရကိန်းရှိပြီး အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စက်ကိရိယာ ရောင်းဝယ်ခြင်းလုပ်ငန်း၊ ကားအပိုပစ္စည်းရောင်းဝယ်ခြင်း၊ ယာဉ်၊ ဆန်စက် လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး စပ်တူလုပ်ငန်း သတိပြုသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီး ငြိုငြင်မယ့် ကိစ္စတွေ လုပ်မိတတ်ပြီး လုပ်ငန်းခွင်အတွင်း ငွေကြေးကွာဟမှုတွေအတွက်လည်း ရှင်းရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့မှုမှားယွင်းပြီး ငွေတွေမြုပ်နေတတ်ကာ အခက်တွေ့ရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ထားပြီး မလုပ်ရသေးသူများ ရပ်တန့်ထားလိုက်ပါ။ လုပ်ငန်းချဲ့မိလို့ ကြွေးတင်တတ်တဲ့ အချိန်ပါပဲ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေ အစစအရာရာ မိမိအပေါ် ဦးစားပေးမယ့် ချစ်သူရလာတတ်ပြီး အိမ်ထောင်ရှင်တွေကတော့ အိမ်တွင်းရေး သာယာနေပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြား သွားရောက်ရကိန်းလည်း ရှိနေပါတယ်။ အိမ်ရှိ ကြီးကဲသူတစ်ဦးရဲ့ ကျန်းမာရေးအနည်းငယ် ညံ့နေတတ်လို့ ဂရုစိုက်သင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀ နာရီခွဲကနေ ၁၂နာရီအတွင်း ပြုလုပ်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ရွှေရင်အေး လှူဒါန်းပေးပါ။
ကြာသပတေး - လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အထင်အမြင်လွဲမှားခြင်းကို ခံရတတ်ချိန်ဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်မှာ အတိုက်အခံကြုံရတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ အချိုရည် လုပ်ငန်းများ ကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့ အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ လုပ်ငန်းတိုးချဲ့လိုသူတွေအနေနဲ့ စနေနံလုပ်ငန်းမျိုး တိုးချ့ဲမယ်ဆိုရင် အကျိုးပေးပါလိမ့်မယ်။ ကျောက်မျက်လုပ်ငန်းရှင်များ အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး ကာရှိုးရွန်းလုပ်ငန်းများ အာမခံလုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ လမ်းသွားရင်း အကြီးအကျယ်ရန်ဖြစ်နေသံကြားရင် အိမ်ရှိဘုရားမှာ သပြေ ၇ညွန့် လှူဒါန်းပြီး လိုရာဆုတောင်းပါ။ ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရကိန်းရှိနေပေမယ့် ကြားကနေ အတိုက်အခံတွေ အများကြီးကြုံရပါလိမ့်မယ်။ ထီထိုးလိုတယ်ဆိုရင်တော့ မွေးနေ့ဖြစ်တဲ့ သောကြာနေ့မှာ ၁အစ ၀ အဆုံး ထီထိုးပေးပါ။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အထင်လွဲရကိန်းရှိနေပါတယ်။ ချစ်သူမရှိသေးသူတွေအနေနဲ့ တနင်္လာ နာမည်ပါသူတွေနဲ့ ချစ်သူဖြစ်လာရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ မိသားစု ပြဿနာတွေကို လိုက်ဖြေရှင်းပေးနေရတတ်ပြီး အဲဒီကိစ္စကြောင့်ပဲ ငွေကုန်အချိန်ကုန်၊ စိတ်ဝမ်းကွဲရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်စိထိခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဖရုံယို ကပ်လှူပေးပါ။
သောကြာ - မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်း အကျိုးပေးပြီး လုပ်ငန်းရှယ်ယာထည့်ဝင်ခြင်းများလည်း အကျိုးပေးပါလိမ့်မယ်။ စနေသားသမီးတစ်ဦးနဲ့ ထီ စပ်တူထိုးပေးသင့်ပြီး ၄၅ အတွဲထီကို ရွေးချယ်ထိုးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်ပဋိပက္ခများ ကြုံရကိန်းရှိပြီး စိတ်ညစ်ရတတ်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး နေရာလုပ်ငန်းပေါင်းစုံကနေ ထီပေါက်သလို ငွေဝင်ကိန်းရှိနေပါတယ်။ အိမ်အနီးအနားမှာ အလှူရှိတယ်ဆိုရင် ၂အစ ၅အဆုံး ထီထိုးပေးပါ။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံစည်ထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သောကြာသားသမီးရဲ့ အကြံဉာဏ်ရယူဆောင်ရွက်ပါ။ ပညာရေးအတွက် ငွေကြေးထောက်ပံ့မယ့်သူ ပေါ်လာတတ်ပြီး အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ဒီအတိုင်းဆက်နေတာ ပိုကောင်းတဲ့အချိန်ပါ။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူကြောင့် ရုံးရောက်ဂါတ်ရောက် ဖြေရှင်းရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အလာဂျီဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သီးသီး ကပ်လှူပေးပါ။
စနေ - အလုပ်အကိုင်သစ် ပြောင်းလဲလုပ်ကိုင်ရတတ်ပြီး အလုပ်သစ်မှာ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းသစ်ဝင်လာတတ်ပြီး မိဘမောင်နှမတွေအတွက်လည်း လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်သူဖြစ်လာပါလိမ့်မယ်။ အိမ်ရှိအတူနေ မိဘတစ်ဦး ကျန်းမာရေးအနည်းငယ်ညံ့နေတတ်ပြီး ဆေးရုံဆေးခန်းရောက်ကိန်း ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ စကားပြောအဆင်ပြေနေမှာဖြစ်ပြီး မိမိလုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်လို့ အသိအမှတ်ပြုခံရမယ့် အချိန်ပါပဲ။ အိမ်မျက်နှာချင်းဆိုင်မှာ လူမမာသည်ရှိနေတတ်ပြီး တတ်နိုင်သလောက် သတင်းမေးကူညီပေးလိုက်ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းအပြင် နောက်ထပ် ဝင်ငွေကောင်းမယ့် လုပ်ငန်းသစ်တွေကိုပါ ပူးတွဲလုပ်ကိုင်လာရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အထင်အမြင်လွဲခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ သားသမီးပညာရေးအတွက် ငွေကုန်ကြေးကျ များရတတ်ပါတယ်။ ပညာရေးမှာ ကြိုးစားသလောက် အရာမထင်ဖြစ်တတ်ပြီး ကျန်းမာရေးအနေနဲ့ ချောင်းအကြီးအကျယ် ဆိုးတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ဒူးရင်းယို ကပ်လှူပေးပါ။
LEO
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။