
ဇွန်၊ ဇူလိုင်လတွေအတွင်း ဗုဒ္ဓဟူးနဲ့ သောကြာ ဂြိုဟ် (၂) လုံးရဲ့ အသွားမမှန် ဖောက်ပြန်မှုက လူသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်စေမလဲ ဆိုတာကို ဗေဒင်သုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
ဗီးနပ်စ် (ခေါ်) သောကြာဂြိုဟ်
Morning Star (သို့) Evening Star အဖြစ် မြင်ရလေ့ ရှိတဲ့ ဗီးနပ်စ် (ခေါ်) သောကြာဂြိုဟ်ဟာ စည်းစိမ်ဥစ္စာဓန ၊ နှလုံးသားဆန္ဒနဲ့ ပျော်ရွှင်ဝမ်းမြောက်မှုတွေကို ကိုယ်စားပြုပါတယ်။ သောကြာဂြိုဟ်ဟာ မေလ ၁၃ ရက်နေ့ကနေ ဇွန်လ ၂၅ ရက်အထိ နက္ခတ်ဗေဒင်ရှုထောင့်အရ နောက်ပြန်သွားလာနေမှာမို့ ဒီအတောအတွင်းမှာ ဘာတွေကို ဆောင်ရ ၊ ရှောင်ရမလဲဆိုတာ အများ နားလည်လွယ်အောင် ပြောပြပေးပါမယ်။
သောကြာဂြိုဟ် အသွားမမှန် ဖောက်ပြန်နေမယ့် မေ ၁၃ နဲ့ ဇွန် ၂၅ အတွင်းမှာ မဖြေရှင်းခဲ့တဲ့ အတိတ်တုန်းက စိတ်ခံစားမှု ပြဿနာ၊ အထူးသဖြင့် လူငယ်လူရွယ်တွေမှာ ချစ်ရေးချစ်ရာကိစ္စ စိတ်ဒဏ်ရာ၊ အနာဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ လုပ်ငန်းရှင်တွေမှာတော့ ငွေရေးကြေးရေး ပြဿနာဟောင်းတွေ ပြန်ပေါ်လာတာ၊ အရင်းအနှီး အထည့်မှားလို့ ငွေပြန်ဖော်ရ ခက်တာ၊ မလိုအပ်ဘဲ အသုံးနဲ့ အဖြုန်းတွ သိပ်များသွားတာ၊ ဝယ်ပြီးမှ နောင်တရတာ စတဲ့ အဖြစ်အပျက်မျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ မိန်းကလေးတွေဆိုရင် အလှအပရေးရာမှာ ပြင်လွန်းလို့ ပျက်သွားတာမျိုး ဖြစ်တတ်လို့ ဒီကာလအတောအတွင်းမှာ သိပ်အဆန်းမထွင်ကြဖို့ လိုပါတယ်။
မာကျူရီ (ခေါ်) ဗုဒ္ဓဟူးဂြိုဟ်
စကားအပြောအဆို၊ သတင်းအချက်အလက်နဲ့ စာရွက်စာတမ်းတွေကို ကိုယ်စားပြုထားတဲ့ ဆက်သွယ်ရေးဂြိုဟ် မာကျူရီ (ခေါ်) ဗုဒ္ဓဟူးဟာ ဇွန် ၁၈ နဲ့ ဇူလိုင် ၁၂ ကြားမှာ နက္ခတ္တဗေဒရှုထောင့်အရ နောက်ပြန် သွားလာနေမှာ ဖြစ်လို့ ဒီကာလအတောအတွင်းမှာ ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုတာ မှတ်သားဖွယ်ရာ ဗေဒင်သုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
အဓိကအချက်အနေနဲ့ ဗုဒ္ဓဟူးနောက်ပြန်လှည့်ချိန်မှာ စာချုပ် ချုပ်ဆိုတာ၊ ကတိကဝတ် ပြုတာ၊ စကားကတိတွေ ပေးတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စကားပြောဆို၊ မက်ဆေ့ဂ်ျ ပေးပု့ိတာ၊ အပြန်အလှန် ဆက်သွယ်ကြရာမှာ နားလည်မှု လွဲတာ၊ အဆက်အသွယ်တွေ ပြတ်တောက်ကုန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာဘဲ ကြုံသလို စခန်းသွားရတာ၊ ခရီးကိစ္စတွေမှာဆိုရင် ဖြစ်သလို သွားရလာရတာတွေ ရှိလာနိုင်ပါတယ်။ ဒီကာလမှာ တစ်ခုခုကို ရှေ့တိုး လုပ်ဆောင်တာထက် ကိုယ်လုပ်နေဆဲ ဖြစ်နေဆဲ အရာတွေကို ပြန်သုံးသပ်တာ၊ ကောင်းဆိုးနှစ်တန် ချင့်ချိန်စဉ်းစားတာက ပိုပြီး သင့်လျော်ပါလိမ့်မယ်။
ဖော်ပြပါ ဂြိုဟ် (၂) လုံး အသွားမမှန် ဖောက်ပြန်ချိန်မှာ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို မှတ်သားနာယူပြီး သတိထားနိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိရာရှိကြောင်းကို ဆောင်ရွက်နိုင်မယ်ဆိုတာ ဗေဒင်သုတအဖြစ် တင်ပြလိုက်ပါတယ်။ အားလုံးပဲ ဂြိုဟ်၊ နက္ခတ်အသွားအလာမှာ အခွင့်အလမ်းတွေ ရှာဖွေနိုင်ကြပါစေ…။
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။