
သံပရာသီးကို လောကီပညာအစီအရင်အတော်များများမှာ ရေလဲသုံးအဖြစ် နည်းမျိုးစုံနဲ့ အသုံးပြုလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အိမ်မိသားစုအပေါ် မကောင်းတဲ့ အတတ်ပညာတွေနဲ့ တိုက်ခိုက်တာကို တန်ပြန်တဲ့အခါမှာ အစွမ်းထက်လက်နက်တစ်ခုလို အသုံးပြုလို့ ရပါတယ်။ တစ်အိမ်သားလုံး ဘာအလုပ်မှ အဆင်မပြေတော့ဘဲ နေရင်းထိုင်ရင်း မိသားစုအချင်းချင်း စိတ်ဝမ်းတွေ ကွဲ၊ ပြဿနာတွေတက်၊ ကျန်းမာရေးတွေ ညံ့လာပြီ ဆိုရင် အခုဖော်ပြမယ့် သံပရာအစီအရင်ကို လက်တွေ့ အသုံးချကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…။
ဈေးထဲကနေ စားဖို့အတွက် မရည်ရွယ်ဘဲ သံပရာသီး (၃) လုံးကို ဝယ်လာပါ။ အဲဒီသံပရာသီးတွေကို ကိုယ့်အိမ် ဘုရားကျောင်းဆောင်ရှေ့မှာ ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပါ။ (မှတ်ချက် - အိမ်က ဘုရားကို ကပ်လှူတာ မဟုတ်ပါ) အဲဒီ သံပရာသီးတွေကို ခြောက်သွေ့သွားတဲ့အထိ ထားရပါမယ်။ အဲဒီအခါမှာ သံပရာသီးတွေအကုန် တပြိုင်တည်း ခြောက်မသွားဘဲ တစ်လုံး ၊ နှစ်လုံး ပုပ်ကျန်တာမျိုး ဖြစ်နေပြီဆိုရင် ဒါမှမဟုတ် ပုံမှန်ရက်ထက် စောပြီး မြန်မြန် ပုပ်ကုန်ရင် မိသားစုအပေါ် အတိုက်အခိုက် လုပ်ထားသူတွေ ရှိနေပြီလို့ သတ်မှတ်ပါတယ်။
အဲဒီ ပုပ်ကျန်နေတဲ့ သံပရာသီးတွေကို လက်နဲ့ ပြန်မထိစေဘဲ အိတ်တစ်လုံးထဲ ထည့်ပြီး အိမ်ရှေ့ကို ယူသွားပါ။ အိမ်ဘက်ကို မျက်နှာ ပြန်မူပြီး အဲဒီသံပရာသီး အပုပ်တွေကို “မကောင်းကြံ တိုက်ခိုက်သူတွေ နင့်ဒဏ် နင်ခံ ၊ နင့်ထံ ပြန်စေ” လို့ ပြောပြီး နောက်ပြန်ပစ်ပါ။ ဒါဆိုရင် မိသားစုတစ်ခုလုံးအပေါ် ကျရောက်နေတဲ့ မမြင်အပ်တဲ့ အနှောင့်အယှက်ရန်တွေ ကင်းဝေးပြီးတော့ မကောင်းကြံသူတွေလည်း တန်ပြန်ဒဏ်ထိသွားပါလိမ့်မယ်။
Photo (1)
ဒါ့အပြင် လူတိုင်း လုပ်ကြည့်နိုင်တဲ့ တခြားသော သံပရာအစီအရင်တွေလည်း ရှိပါသေးတယ်။ သံပရာသီးဟာ မကောင်းတဲ့ အဆိပ်အတောက်ဓာတ်တွေကို စုပ်ယူ ဖယ်ရှားပေးတယ်လို့ အယူအဆ ရှိတဲ့အတွက် ကိုယ့်ရဲ့ အလုပ်ခွင် ၊ အိုးအိမ်အဆောက်ဦမှာ အောက်ပါနည်းလမ်းအတိုင်း လုပ်ကြည့်နိုင်ပါတယ်။
(သံပရာသီးတစ်လုံးကို လေးစိတ် ခြမ်းပါ။ သံပရာစိတ်တိုင်းမှာ ဆားတွေ သိပ်ထည့်ပါ။ အဲဒီ ဆားသိပ်ထားတဲ့ သံပရာစိတ် လေးခြမ်းကို အိမ်၊ အလုပ် အဝင်တံခါးမမှာ ချထားလိုက်ပါ။ အဲဒီလိုမျိုး သုံးရက် ဆက်တိုက် လုပ်နိုင်ရင် ကိုယ့်အိမ်၊ အလုပ်ခွင်ထဲမှာ ရှိနေတဲ့ အခိုက်ဓာတ်တွေကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်)
မြန်မာ့လောကီအစီအရင်နည်းတွေမှာလည်း တို့ဆေး၊ ခတ်ဆေးတွေ မမိအောင်လို့ သံပရာသီးကို သွားလေရာ ဆောင်ယူပြီး မကြာခဏ ပွတ်လိုက်၊ ရှူလိုက် လုပ်တာမျိုး ရှိပါတယ်။ သံပရာအစီအရင်တွေဟာ ကုန်ကျစရိတ် သက်သာသလို ထိရောက်မှုလည်း ရှိတာကြောင့် လက်တွေ့ စမ်းသပ် လုပ်ကြည့်စေချင်ပါတယ်။
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။