
ဇွန်လ ၂၁ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံး နေကြတ်ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ တစ်စိတ်တစ်ပိုင်း မြင်တွေ့ရပါမယ်။ ဒီတစ်ခေါက် နေကြတ်ဖြစ်စဉ်က လုံးဝ အမှောင်တိကျသွားတဲ့ နေကြတ်ခြင်းမျိုး မဟုတ်ဘဲ နေ အရစ်ကြတ်တဲ့ (လက်စွပ်ကွင်းသဏ္ဍာန်) မြင်တွေ့ရမယ့် ပုံစံ ဖြစ်ပါတယ်။
နေကြတ်တယ်ဆိုတာ ကမ္ဘာနဲ့ နေ ကြားထဲကို လက ဖြတ်သန်းသွားတဲ့အတွက် လရဲ့အရိပ်က ကမ္ဘာမြေပေါ် ကျရောက်တာကို နေကြတ်တယ်လို့ ခေါ်ဝေါ်သတ်မှတ်တာ ဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ နေအရစ်ကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာစံတော်ချိန် မနက် ၁၀ နာရီကျော်မှာ စတွေ့ရမှာ ဖြစ်ပြီး ညနေ ၄ နာရီလောက်မှ ပြီးဆုံးမှာပါ။
နေကြတ်လကြတ်ခြင်းဟာ နှစ်စဉ် ဖြစ်ပွားနေကျ ဆိုပေမယ့် နေလကြတ်တာကို လုံးဝ (သို့) တစ်စိတ်တစ်ပိုင်း မြင်တွေ့ရတဲ့ တိုင်းပြည်၊ ဒေသတွေမှာ နေလကြတ်ပြီးလပိုင်းအတွင်း ကံဇာတာနိမ့်ပါးမှုတွေ ကြုံရတတ်ပါတယ်။
လူတစ်ချင်းစီမှာလည်း မွေးဖွားတဲ့ ဇာတာခွင်အလိုက် ကံအနိမ့်အမြင့်၊ အတက်အကျတွေကို နေလကြတ်အပြီး ရက်ပိုင်း၊ လပိုင်းအတွင်းမှာ ကြုံလာရတတ်ပါတယ်။ ဒါကြောင့် နေကြတ်၊ လကြတ်ခြင်းဟာ နက္ခတ်ဗေဒင်မှာ သတိထား စောင့်ကြည့်ရတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။
ဒီဗေဒင်ဆောင်းပါးမှာတော့ နေကြတ်ရာကနေ ဖြစ်ပွားလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို ကာကွယ်တားဆီးမလဲ ဆိုတဲ့ ဆောင်ရန် ၊ ရှောင်ရန် အချက်တွေကို တင်ပြပေးချင်ပါတယ်။ ဒီအချက်တွေဟာ နေကြတ်ချိန်အတွင်း ဆောင်ရန်ရှောင်ရန်တွေ ဖြစ်ပြီး လိုက်နာဖို့လည်း မခက်တဲ့အတွက် သိထားသင့်ပါတယ်။
၁ ။ နေကြတ်နေချိန်အတွင်းမှာ ဘာမှ မစားဘဲ နေရပါမယ်။ ရေကို တောင် သောက်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအရ စားမှ ဖြစ်မယ့်သူ ဆိုရင်တော့ စပျစ်သီးခြောက်လို သစ်သီးခြောက်တွေနဲ့ ရေနွေးကို သုံးဆောင်နိုင်ပါတယ်။
၂ ။ နေကြတ်ချိန်ကာလအတွင်း အိမ်ထဲမှာပဲ နေသင့်ပါတယ်။ ဘယ်ကိုမှ ခရီး မသွားသင့်ပါ။ သွားနေရင်လည်း ခရီးလမ်းမှာ ခဏရပ် အနားယူပါ။ နေပူထဲ ထွက်ရပ်တာ၊ နေကို အကာအကွယ်မပါဘဲ ကြည့်တာမျိုး ရှောင်ပါ။
၃။ ကိုယ်ဝန်ဆောင်တွေ နေကြတ်ချိန်မှာ အပြင် မထွက်ပါနဲ့၊ ဗိုက်ထဲက ကလေးကို ထိခိုက်စေတတ်ပါတယ်။ နေကြတ်ပြီးချိန်ကျမှ ရေအေးအေးနဲ့ ရေချိုးသန့်စင်လိုက်ရင် ပိုကောင်းပါတယ်။
၄။ သာမန်လူတွေကတော့ နေမကြတ်ခင်နဲ့ နေကြတ်အပြီးမှာ ရေမိုးချိုး အဝတ်အစားသစ်တွေ ဝတ်ထားရင် ကံကောင်းစေတတ်ပါတယ်။
၅။ နေမကြတ်ခင် အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်နေရင် ရပ်ထားလိုက်ပါ။ နေကြတ်ပြီးတော့မှ ချက်ပြုတ် စားသောက်ရင် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် လက်ကျန်အစားအစာတွေကိုတော့ ရှောင်ပါ။
၆။ နေကြတ်နေစဉ်အတွင်းမှာ ဘယ်လို မင်္ဂလာကိစ္စကိုမှ မဆောင်ရွက်သင့်ပါ။ ဖြစ်နိုင်ရင် တရား ရှုမှတ်ပါ။
အထက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်တွေဟာ နက္ခတ်ဗေဒင်ပညာရပ်မှာ သမိုင်းအစဉ်အလာ ကြီးမားလှတဲ့ အိန္ဒိယက ဟိန္ဒူတွေရဲ့ အယူအဆ ဖြစ်ပါတယ်။ နေကြတ်ချိန်အတောအတွင်း ကမ္ဘာ့လေထုထဲမှာ မကောင်းတဲ့ ဓာတ်ရောင်ခြည်တွေနဲ့ ညစ်ထေးသွားတဲ့အတွက် အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုးကျိုးတွေကို ကာကွယ်ဖို့ လမ်းညွှန်ထားတာ ဖြစ်ပါတယ်။ အားလုံးပဲ သိရှိလိုက်နာ ကျင့်သုံးကြည့်နိုင်ပါစေ…။
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။