
မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ၊ ဆန်းကျမ်း စတဲ့ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာတွေမှာ ယတြာအစီအရင်နည်းနာ အစုံအလင် ရှိသလိုပဲ အရှေ့တိုင်း ၊ အထူးသဖြင့် အိန္ဒိယက နက္ခတ်ဗေဒင်ပညာမှာလည်း ထိရောက်ထူးခြားတဲ့ ယတြာနည်းစနစ်တွေ ရှိပါတယ်။ ဒီယတြာနည်းတွေထဲမှာ မြန်မာ့ဗေဒင်ပရိတ်သတ်တွေရဲ့ အသုံးတည့်နိုင်တဲ့ ငွေကြေးစီးပွားကိစ္စဆိုင်ရာ နည်းလမ်းတစ်ချို့ကို မျှဝေပေးသွားပါမယ်။
၁။ ငွေသားတွေ စုစည်းသိုမှီးထားတဲ့ သေတ္တာ (သို့မဟုတ်) အံဆွဲထဲမှာ ငွေစက္ကူတွေကို ပုံရိပ်ပြန်ထင်စေနိုင်တဲ့ မှန်တစ်ချပ် ထည့်ကပ်ထားရပါမယ်။ မှန်ထဲမှာ ငွေတွေ ပေါ်နေရင် နှစ်ဆတိုးပွားစေတဲ့ အယူအဆ ဖြစ်ပါတယ်။
၂။ ကိုယ် ရှာဖွေရရှိလာသမျှ ဝင်ငွေထဲက တချို့တလေကို ပြန် လှူပစ်ပါ။ ပစ္စည်းဥစ္စာ ဆိုတာ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တဲ့ သူတွေကိုသာ ပြန်လာလေ့ ရှိပါတယ်။ ဥပမာအနေနဲ့ လစဉ် လာဘ်ဦးလာဘ်ဖျား ဝင်လာတဲ့ ငွေ တချို့ကို မြင့်မြတ်တဲ့ ကုသိုလ်ဒါန လုပ်ဖို့ ပြန်လှူပစ်တာမျိုး လုပ်ပါ။
၃။ မိသားစုထဲက အသက်အကြီးဆုံး အမျိုးသမီး မိခင် (သို့မဟုတ်) ဖွားအေကြီး ရှိနေရင် အဲဒီ အမျိုးသမီးကြီးကို အလေးထားပါ။ သူ စားချင်တာ ၊ လုပ်ချင်တာတွေကို ဖန်တီးပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ငွေကြေးစီးပွား အဆင်ပြေ အောင်မြင်ရေးအတွက် သူမကိုယ်တိုင် ဆုတောင်းပေးဖို့ ပြောပါ။ သူ ပို့သတဲ့ မေတ္တာကို ခံယူပေးပါ။
၄။ လစဉ် သောကြာနေ့ တစ်ရက်မှာ မိန်းမပျိုလေး ၃ ဦးကို နို့ဆန်ပြုတ် တိုက်ပါ။ ပြီးရင် ပိတ်စအဝါနဲ့ မုန့်ဖိုး ငွေကြေးတွေ တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းပါ။ ဝင်ငွေလမ်းဖြောင့်ပြီး ဥစ္စာ ခိုင်မြဲစေပါလိမ့်မယ်။
၅။ အိမ်ထောင်သည် ဖြစ်ရင် အိမ်ရှင်မကို မနက်တိုင်း ရေကရာအိုးထဲက ရေတွေကို အိမ်ဝင်ပေါက် (သို့မဟုတ်) ခြံပေါက်ဝမှာ ပက်ဖြန်းခိုင်းပါ။ ကိုယ့်ခင်ပွန်းသည် စီးပွားရှာဖွေရာမှာ လွယ်ကူချောမွေ့စေပါလိမ့်မယ်။
၆။ ကိုယ့်အိမ်ထဲ၊ ခြံထဲမှာ ပျက်စီးနေတဲ့ ၊ သုံးမရတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားတွေ မထားရ။ မသုံးရ။
၇။ တန်ကြေးရှိတဲ့ ဘယ်အရာကိုမှ အလကား မယူပါနဲ့၊ ကိုယ့်ဆီကလည်း ဘာကိုမှ အခမဲ့ မပေးပါနဲ့၊ အလကား အချောင် ယူမိ၊ ပေးမိတဲ့ကိစ္စတွေဟာ ရသင့်ရထိုက်တဲ့ လာဘ်လာဘကို ပိတ်သွားစေတတ်ပါတယ်။
၈။ တကယ်လို့ ငွေကြေးအကျပ်အတည်း ကြုံနေရင် ဗုဒ္ဓဟူးနေ့တိုင်းမှာ နွားကို မြက်ကျွေးပြီး ဆုတောင်းပါ။
အထက်ပါနည်းလမ်းတွေဟာ အိန္ဒိယက နက္ခတ်ဗေဒင်ပညာလာ ယတြာတွေ ဖြစ်ပေမယ့် ဘာသာရေးအရ အနှောင့်အယှက် မဖြစ်စေတဲ့ အချက်တွေကိုပဲ ဦးစားပေးထားတာ ဖြစ်လို့ စိတ်ချလက်ချ လုပ်နိုင်ပါတယ်။ အဓိပ္ပါယ် ရှိသလို ကုသိုလ်နဲ့ ယှဉ်တွဲတဲ့ ယတြာတွေလည်း ဖြစ်လို့ အားလုံးအတွက် တင်ပြပေးလိုက်ရပါတယ်။
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။