၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၉.၇.၂၀၂၀ မှ ၂၅.၇.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-07-19

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၁၉.၇.၂၀၂၀ မှ ၂၅.၇.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အထက်လူကြီးတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ အုပ်ချုပ်ရေး၊ အာဏာပိုင်နဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ သတိထားရမယ်။ အငြိုငြင်ခံရတတ်တယ်။ စီးပွားရေးလုပ်ကိုင်သူတွေက လုပ်ငန်းလည်ပတ်မှု နှေးကွေးတာ၊ မလိုအပ်ဘဲ ကြန့်ကြာတာတွေ ဖြစ်မယ်။ စာရင်းအင်း မကိုက်ဘဲ အတွက်အချက် မှားလိမ့်မယ်။

ကျန်းမာရေး - ကျန်းမာရေးအညံ့ ကြီးကြီးမားမား မရှိပါ။ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက် ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - ဒီတစ်ပတ်က အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာပျော်ရွှင်စရာတွေ များမယ်။ လူပျိုနဲ့ အပျိုတွေ ချစ်သူရည်းစား ရတတ်တယ်။ စုံတွဲတွေ သာယာကြည်နူးစရာအချိန်တွေ ဖြတ်သန်းရမယ်။ မိတ်ဆွေ၊ ဆရာသမားနဲ့ ပတ်သက်လို့လည်း ကံကောင်းမယ်။ ကိုယ့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ ကူညီသူ ပေါများမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါနု ၊ ကြည်ပြာရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - အိမ်က ဘုရားမှာ တစ်ပတ်လုံး မကြာခဏ သစ်သီးဆွမ်း ကပ်ပါ။ လိုရာ ဆုတောင်းပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အလုပ်အကိုင်၊ စီးပွားရေးကံ အတော်လေး ကောင်းမွန်မယ့် သီတင်းပတ်ပါပဲ။ အခွင့်အလမ်းက တစ်ခုမက ပေါ်လာနိုင်တယ်။ ဘာလုပ်လုပ် အဆင်ပြေလိမ့်မယ်။ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်တစ်ယောက်ပဲ ကွက်ပြီး ကံကောင်းတတ်တယ်။ ကိုယ့်အပြောအဆို၊ စည်းရုံးမှုမှာ လူအတော်များများကို ဆွဲဆောင်နိုင်လိမ့်မယ်။

ကျန်းမာရေး - သွားနဲ့ ပတ်သက် လို့ ဂရုစိုက်ရမယ်။ အရေပြားမှာ အနာ ဖြစ်လွယ်တယ်။ ဝမ်းပျက်တတ်တယ်။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်း သတိထားရမယ်။ သူတို့ကြောင့်ပဲ ကိုယ့်မှာ မျက်နှာပျက်ရတတ်ပြီး ရောညပ်သွားတတ်တယ်။ နှလုံးသားရေးမှာတော့ ဒီအပတ်က အသေးအဖွဲကိစ္စတွေနဲ့ စကားများရတတ်တယ်။ ပညာရေးသမားတွေ ကံကောင်းနိုင်တယ်။ ကိုယ်လိုချင်တဲ့ အနေအထားကို ရရှိမယ်။ ဆရာကောင်း တွေ့မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရဲရဲ ၊ ကြက်သွေးရောင်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၃ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - မွေးနေ့ ညနေစောင်းမှာ ငါးလွှတ်ပါ။ ငါးစာကျွေးပါ။ ဒါလုပ်ပြီးတော့မှ သီလရှင်တွေကို ငွေလှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးကံက အညံ့ ရှိပေမယ့် အဲဒီ အညံ့တွေထဲကနေပဲ ထိုးဖောက် ကျော်လွှားနိုင်လိမ့်မယ်။ အလုပ်မှာ နေရာ၊ အခွင့်အရေးတွေ ထူးထူးခြားခြား ရတတ်တယ်။ နိုင်ငံခြား၊ လူမျိုးကွဲတွေနဲ့ အကျိုးပေးတတ်ပြီး ရပ်ဝေးမြေခြားနဲ့ ဆက်သွယ်လုပ်ကိုင်ရင် ပိုအောင်မြင်မယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ အဆင်မပြေဘဲ ခက်ခဲမယ်။

ကျန်းမာရေး - စိတ်အလိုလိုက်ပြီး အစားအသောက်အနေအထိုင် မဆင်ခြင်လို့ ကျန်းမာရေး ညံ့သွားတတ်တယ်။

လူမှုအိမ်ထောင် - လူအများနဲ့ စပ်တူစပ်ပေါင်း လုပ်တဲ့အလုပ်တွေ ရှိရင် ကောင်းတယ်။ ကိုယ်က သူတပါးထက် အခွင့်အရေး ပိုရတတ်တယ်။ မိတ်ဆွေတွေကြားမှာတော့ အမြင်မကြည်စရာ၊ မနာလိုစရာလေးတွေ ဖြစ်တတ်ပြီး နှလုံးသားရေးမှာလည်း အဖုအထစ်တွေ များမယ်။ ပညာရေးလိုက်စားသူတွေအတွက် အောင်မြင်မှု ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၉ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ၊ သောကြာ

ယတြာ - ကလေးမီးဖွားထားတဲ့ မိခင်အတွက် လိုအပ်တာတစ်ခုခု ကူညီပါ။ ကလေးစားစရာလည်း ဝယ်ပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် ဘာလုပ်လုပ် တော်တော်နဲ့ မပြီးဘဲ ကြန့်ကြာနေမယ်။ အလုပ်ကိစ္စတွေ နောက်ကျပြီး အသည်းအသန် လုပ်ရတတ်တယ်။ တာဝန်တွေ များပြီး အချိန်က နည်းလို့ မသက်မသာ ရုန်းကန်ရတတ်တယ်။ ငွေကြေး ရှာဖွေရရှိပေမယ့် လက်ထဲ မြဲဖို့ ခက်မယ်။ အပျော်အပါးနဲ့ အသုံးအဆောင်တွေ ဝယ်လို့ ပြန်ကုန်မယ်။

ကျန်းမာရေး - အရိုး၊ အကြောနဲ့ ပတ်သက်တာ သတိပြုရမယ်။ အထိုင်များသူတွေမှာ ပိုပြီး ဂရုစိုက်ရလိမ့်မယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ကိုယ်က အနွံတာ မခံဘဲ အနိုင်ယူလိုစိတ်က များလို့ စိတ်ညစ်စရာလေးတွေ ဖြစ်တတ်တယ်။ ချစ်သူရည်းစားကိစ္စမှာ အချင်းချင်း သံသယလေးတွေ ဝင်မယ်။ ပြီးတော့လည်း ဘာမှမဟုတ်ပါ။ မိတ်ဆွေတွေနဲ့ အပျော်ကိစ္စတွေ ဖန်တီးဖြစ်မယ်။ အပေါင်းအသင်းရဲ့ အကူအညီ အထောက်အပံ့လည်း ရမယ်။

ကံကောင်းစေတဲ့ အရောင် - ဖြူနီကွက် ၊ ခရမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ စနေ

ယတြာ - သံယောဇဉ် အရှိဆုံး အမျိုးသမီးမိတ်ဆွေတစ်ဦးကို မုန့်ကျွေးပါ။ ကိုယ့်ကိစ္စအတွက် ဆုတောင်းခိုင်းပါ။

ရာဟုဖွား

အလုပ်အကိုင် - အရင်ကထက် အသွားအလာတွေ ပိုများလာမယ်။ အလုပ်တွေလည်း ခပ်သွက်သွက်နဲ့ မြန်မြန် လုပ်နေရလိမ့်မယ်။ စီးပွားရေးမှာ ထူးခြားတဲ့ အခွင့်အလမ်းတွေ ပေါ်မယ်။ ဒါပေမယ့် အတိုက်အခံတွေ မကင်းဘဲ ခက်ခဲနေဦးမယ်။ ငွေရေးကြေးရေးကံ ကောင်းမွန်တယ်။ ကိုယ်ရစရာတွေ ပြန်ဝင်မယ်။ အမြတ်အစွန်း များမယ်။

ကျန်းမာရေး - ပြဿနာ ကြီးကြီးမားမား မရှိပါ။ အချိန်မှန် စားဖို့၊ အနားယူတတ်ဖို့ပဲ လိုမယ်။ အဆာ မခံပါနဲ့။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက် ရှိတတ်တယ်။ အချင်းချင်းကြားထဲ အေးတိအေးစက်တွေ ဖြစ်နေလိမ့်မယ်။ ပြဿနာ မရှိပေမယ့် စိတ်ထဲ ကသိကအောက်တွေ ဖြစ်မယ်။ မိတ်ဆွေ အကျိုးကျေးဇူး ခံစားရမယ်။ မိခင် (သို့မဟုတ်) မိခင်လို အမျိုးသမီးကြီးဆီ အကူအညီတွေ ပေးလာလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ဖြူဆွတ်ဆွတ်အရောင် ၊ အပြာနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - ကြာသပတေးနေ့ မနက်ပိုင်းမှာ သီလရှင်ဆရာကြီးတစ်ပါးကို ဆန်နဲ့ ငွေ လှူဒါန်းပြီး ဆုတောင်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းကိစ္စတွေမှာ အပြိုင်အဆိုင်တွေ များမယ်။ မတတ်သာလို့ အင်အားသုံး ဖြေရှင်းရတာမျိုး ရှိတတ်တယ်။ ကိုယ့်ဘက်က အမှားမခံဘဲ သတိထားလုပ်ရမယ်။ အလုပ်အတော်များများလည်းအောင်မြင်မယ်။ စပ်တူရှယ်ယာ အကျိုးပေးတယ်။ ငွေကြေးကိစ္စမှာ ဝေ့လည်နေမယ်။ အကြိတ်အနယ် ပြောဆိုနိုင်မှ ရလိမ့်မယ်။

ကျန်းမာရေး - ဒီအပတ်ထဲ ချူချာတတ်တယ်။ ရေချိုးမှားတတ်သလို ဝမ်းနဲ့ ရင်မှာ ဥပါဒ် ပေးတတ်လို့ ဂရုစိုက်ပါ။

လူမှုအိမ်ထောင် - တစ်ပတ်တာ နှလုံးသားရေးကံက ပုံမှန် ရှိနေမယ်။ စုံတွဲတွေမှာ ဘယ်လိုအခက်အခဲ ရှိလာစေ အမျိုးသမီးက ဦးဆောင်ဖြေရှင်းနိုင်မယ်။ သူ့စကား နားထောင်ရမယ်။ အချစ်ရှာနေသူတွေ ကိုယ့်ထက် အင်အား ပညာ သာလွန်သူနဲ့ ဆုံတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့ကတော့ စိတ်ညစ်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပုလဲ ၊ အဝါနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ သောကြာ

ယတြာ - မွေးနေ့ ညနေစောင်းမှာ လမ်းဘေး ခွေးလေးတွေကို အစာ ကျွေးပါ။ စိတ်ထဲက လိုရာဆုတောင်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားကိစ္စတွေမှာ အပြောင်းအလဲတွေ ပေါ်လာမယ်။ ပေါ်လာရင် ကောင်းတယ်လို့ပဲ ဆိုရမှာပါ။ နေရာ၊ ဌာန ပြောင်းတာ၊ လုပ်နေကျ ပုံစံ ပြောင်းသွားတာတွေ ဖြစ်မယ်။ ခရီးကိစ္စ ပေါ်လာရင်လည်း ကောင်းတယ်။ အောင်မြင်လိမ့်မယ်။ ငွေကြေးကိစ္စမှာ အရလွယ်သလို အကုန်လည်း မြန်မယ်။ စုမိဖို့ ခက်မယ်။

ကျန်းမာရေး - နာကျင်ကိုက်ခဲမှုတွေ ရှိရင် ပျောက်မယ်။ ခံစားနေရတဲ့ ဝေဒနာတွေ ရှိရင် သက်သာသွားမယ်။

လူမှုအိမ်ထောင် - ဆက်ဆံရတဲ့ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်မယ်။ ဒါမှမဟုတ် လူတွေက ကိုယ့်အပေါ်မှာ ဆက်ဆံပုံ ပြောင်းသွားမယ်။ မိတ်ဆွေရင်းချာတွေနဲ့တော့ စိတ်အခန့်မသင့်စရာ ဖြစ်မယ်။ ပြီးမှ ပြေလည်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကောင်းတစ်ခါ၊ ညံ့တစ်လှည့် ဖြစ်မယ်။ ပြဿနာဟောင်းတွေ ရှင်းနိုင်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာဖျော့ ၊ အနီတောက်တောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ ကြာသပတေး

ယတြာ - မွေးနေ့ မနက် ၉ နာရီ ၊ အိမ်က ဘုရားမှာ နန်းကြီးသုပ် (၁) ပွဲနဲ့ နွားနို့ (၁) ခွက် လှူဒါန်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ် အလုပ်ကိစ္စမှာ ခက်ခဲပင်ပန်းစရာတွေ များမယ်။ ကိုယ်လုပ်သမျှ အတိုက်အခံတွေ လုပ်မယ့် သူတွေ ရှိနေမယ်။ နေရာ၊ ဌာန အပြောင်းအရွှေ့ ဖြစ်တတ်တယ်။ မတတ်သာလို့ ပြောင်းပစ်ရတာမျိုး ဖြစ်မယ်။ ဘာလုပ်လုပ် ကိုယ့်အတွေး၊ အကြံနဲ့သာ လုပ်ပါ။ ငွေကြေးကိစ္စမှာ အထင်နဲ့အမြင်တွေ ကွာဟမယ်။

ကျန်းမာရေး - စိတ်ထဲ မအီမသာတွေ ဖြစ်နေတတ်တယ်။ ရောဂါအနာ ကြီးကြီးမားမားတော့ မရှိပါ။

လူမှုအိမ်ထောင် - ဒီအပတ် လူမှုရေးကဏ္ဍမှာ မိတ်ရင်းလူရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ သူတို့ကြောင့် ကိုယ့်မှာ ဒုက္ခ ရောက်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အငြင်းပွားစရာတွေ ဖြစ်မယ်။ စကားနည်းပါမှ ရန်စဲလိမ့်မယ်။ လူအများနဲ့ ရောနှောနေထိုင်မိရင် သူများမကောင်းတာ ကိုယ့်ခေါင်းပေါ် ကျလာတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ဖျော့ ၊ ဖြူဖျော့ဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - ဒီအပတ်မှာ လုပ်အားဒါန ပေးရတဲ့ အလှူတစ်ခုခုကို ကူညီပေးပါ။ အခက်အခဲတွေ ပြေလည်ပါမယ်။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#အိမ်ထောင်
#အရောင်
#ဂဏန်း
#ဗေဒင်

Some text some message..