
ဗေဒင်အခြေခံ သိဖို့ မလိုပါ။ မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ ဘာတိုင်မှ ထူတတ်ရန် မလိုပါ။ မြန်မာ့ရိုးရာဗေဒင်ပညာက သတ်မှတ်တဲ့ ဂြိုဟ်သက် ဘယ်လောက် ရှိတယ်ဆိုတာ သိထားရင် ဒီနာမည်ပေးနည်းကို တွက်ကြည့်နိုင်ပါပြီ။
ဒီနည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ထုတ်ဝေခဲ့တဲ့ မြန်မာ့ရိုးရာ ရှေးထုံးစဉ်လာဓလေ့များ စာအုပ်မှာ ပါခဲ့တဲ့ ဗေဒင်ပညာခန်းတစ်ခုပါ။ အခုချိန်မှာ လူသိနည်းသွားပြီး တိမ်မြုပ်ပျောက်ကွယ်သလောက် ဖြစ်နေလို့ ဗေဒင်ဆရာတွေ၊ ဗေဒင်သုတေသီနဲ့ ဝါသနာရှင်တွေ လေ့လာနိုင်အောင် ပြန်ဖော်ထုတ်ပေးလိုက်ပါတယ်။
တွက်နည်းကို ဥပမာ ပြရာမှာ မကြာသေးခင်က ပျံလွန်သွားခဲ့တဲ့ အရှင်ကိတ္တိသာရ (မင်းသားကြီး ဦးကျော်ဟိန်း) နာမည်နဲ့ တွက်ချက်သုံးသပ်ပြပါမယ်။ တွက်နည်းကို ရှင်းလင်းအောင် (၅) ဆင့် ခွဲထားပါမယ်။
(၁) ကိုယ့်မွေးနေ့ကို သိရပါမယ် (ဥပမာ တနင်္ဂနွေ၊ တနင်္လာ သားသမီး စသဖြင့်)
(၂) ကြိုက်တဲ့ နာမည်တစ်ခု မှည့်လိုက်ပါ (နေ့နံနဲ့ ကိုက်စရာမလို ကြိုက်တာ ပေးပါ)
(၃) ပေးလိုက်တဲ့ နာမည်တစ်လုံးချင်းစီရဲ့ ဂြိုဟ်သက်တွေ အားလုံးကို ပေါင်းပါ။
(၄) ပေါင်းလို့ ရလာတာကိုမှ မွေးနံ ဂြိုဟ်သက်နဲ့ ထပ်ပေါင်းပါ။
(၅) စုစုပေါင်း ရလာတဲ့ ပေါင်းခြင်းကို (၇) နဲ့ စားပါ။ အကြွင်းက မွေးနံ ပြန်ဖြစ်နေရင် ဒီနာမည်ဟာ အကျိုးပေး အကောင်းဆုံး နာမည်လို့ သတ်မှတ်ပါတယ်။ (နာမည်တစ်လုံးချင်းအလိုက် ဂြိုဟ်သက်ဇယားကို အောက်မှာ ဖော်ပြထားပါတယ်)
ဦးကျော်ဟိန်း နာမည်နဲ့ ဥပမာ ပြပါမယ်။ ဦးကျော်ကို ၁၄.၇.၁၉၄၇ (တနင်္လာနေ့) မှာ မွေးပါတယ်။ တနင်္လာသား ဖြစ်တာကို မှတ်ထားပါ။ အထက်မှာ ပြထားတဲ့ အဆင့် (၅) ဆင့်နဲ့ တွက်ပြပါမယ်။
(၁) ဦးကျော်ဟိန်း (တနင်္လာနေ့ဖွား တနင်္လာသား ဖြစ်ပါတယ်)
(၂) ရုပ်ရှင်လောကကို ရောက်တော့ ကျော်ဟိန်း ဆိုတဲ့ နာမည်ကို မှည့်ပါတယ်
(၃) ကျော် + ဟိန်း (ဂြိုဟ်သက်အရ တနင်္လာနံ ၁၅ + သောကြာနံ ၂၁ = ၃၆ ရပါတယ်)
(၄) ၃၆ ကို တနင်္လာသားရဲ့ မွေးနံဂြိုဟ်သက်နဲ့ ထပ်ပေါင်းပါမယ် (၃၆ + ၁၅ = ၅၁ ရပါတယ်)
(၅) ပေါင်းခြင်း ၅၁ ကို (၇) နဲ့ စားတဲ့အခါ - ၂ ကြွင်းပါတယ် ။ (၂) ဂဏန်းဟာ တနင်္လာ ဖြစ်လို့ တနင်္လာသား ဦးကျော်အတွက် ကျော်ဟိန်း နာမည်ဟာ အကျိုးပေး ကောင်းတဲ့ နာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းဆိုရင် ကိုယ်တိုင် တွက်ကြည့်လို့ ရလောက်ပါပြီ။ (၇) နဲ့ စားလို့ (၁) ကြွင်းရင် တနင်္ဂနွေ ၊ (၃) ကြွင်းရင် အင်္ဂါ စသဖြင့် သိမယ်လို့လည်း ယူဆပါတယ်။
အားလုံးပဲ နာမည်ဆိုင်ရာ ဗေဒင်သုတ ရရှိကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။