၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၆.၈.၂၀၂၀ မှ ၂၂.၈.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-08-16

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးမှာ သူတပါးကို ယုံလွယ်လို့ မရတဲ့ အချိန် ဖြစ်တယ်။ လူယုံတွေက ဒုက္ခပေးလိမ့်မယ်။ အလုပ်ထဲမှာ ချောက်တွန်းခံရတာ၊ လှည့်ကွက်ဆင်ခံရတာတွေ ဖြစ်တတ်တယ်။ အတိုက်အခိုက်တွေ များလာပြီး ကိုယ်ကလည်း အမှားလုပ်မိတတ်တယ်။ ဒါပေမယ့်သီတင်းပတ်နှောင်းပိုင်းမှာ အခြေအနေ ပြန်ကောင်းလိမ့်မယ်။

ကျန်းမာရေး - လက်လွတ်စပယ် နေထိုင်လို့ ကျန်းမာရေး ညံ့တတ်တယ်။ အစားမှား ဆေးမှား ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေးမှာ အပျော်များပြီး အပျက် ဖြစ်သွားတတ်တယ်။ လူငယ်တွေမှာ နှစ်ဦးပြိုင် ကြုံတဲ့ အချစ်ပြဿနာ ပေါ်တတ်တယ်။ ထင်ရာစိုင်းလို့ ပိုမှားသွားနိုင်တယ်။ အိမ်ထောင်ရေးမှာလည်း မယုံသင်္ကာတွေ ဖြစ်တတ်တယ်။ အနားက မိတ်ဆွေတွေကလည်း အားကိုးမရ ဖြစ်မယ်။ ဘေးကနေ အနှောင့်အယှက် ဝင်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့၊ အပြာနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၀ ၊ ၇ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - တနင်္လာနေ့ မနက်မှာ သီလရှင်တစ်ပါးကို ငွေလှူပါ။ ကြားရက်မှာ ကလေးတွေကို မုန့်ဝယ်ကျွေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားအခြေအနေတွေ အကောင်းဘက်မှာ ရှိတယ်။ ရည်ရွယ်ချက်တွေ ပြည်စုံလာပြီး ကိုယ့်ကိုလည်း အများက ဦးဆောင်နေရာပေးလိမ့်မယ်။ စီးပွားရေးကံကောင်းမယ့် အချိန် ဖြစ်တယ်။ အကျိုးရှိ အထောက်အပံ့ပြုမယ့် အဆက်အသွယ်တွေ ပေါ်လာတတ်တယ်။ အခွင့်အရေးနှစ်ခု တပြိုင်တည်း ပေါ်မယ်။

ကျန်းမာရေး - သိသာထင်ရှားတဲ့ ကျန်းမာရေး အညံ့ မရှိပါ။ ဖြစ်နေတဲ့ ဝေဒနာရှိရင်လည်း သက်သာသွားမယ်။

လူမှုအိမ်ထောင် - စန်းပွင့်ပြီး လူချစ်လူခင် များနေတတ်တယ်။ အများအလယ်မှာ ထင်ရှားပေါ်လွင်မယ်။ ချစ်သူ အိမ်ထောင်ရေး တစ်ပတ်တာလုံး သိပ်ပြဿနာ မရှိဘဲ အေးချမ်းမယ်။ ပညာရေးမှာ ထူးခြားတဲ့ ကံကောင်းမှုမျိုးနဲ့ ကြုံရကိန်း ရှိတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီ ရရှိမယ်။ အလှူအတန်းတွေ ပေးရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေအိုရောင် ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၁ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ

ယတြာ - မွေးနေ့မှာ သံဃာတစ်ပါးကို ထောပတ်ထမင်း ကပ်လှူပါ။ အိမ်ကဘုရားမှာ ထီးဖြူတစ်လက် လှူပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - စိတ်ရောလူပါ ပင်ပန်းရတာတွေ များပေမယ့် ဒီအပတ်မှာ ပင်ပန်းခံသလောက် အကျိုးအမြတ် ကောင်းလိမ့်မယ်။ နေရာကောင်း ရတာ၊ အခွင့်ထူးခံ ဖြစ်တာတွေ ကြုံရမယ်။ ကိုယ်က ဦးဆောင့်မယ့်သူနေရာ ရတတ်တယ်။ အများကိုလည်း ရှေ့ဆောင်ပေးရလိမ့်မယ်။ ဒါပေမယ့် အတိုက်အခိုက်တွေလည်း များနေမယ်။

ကျန်းမာရေး - စိတ်ပန်းလို့ ကိုယ်နွမ်း ဖြစ်တတ်တယ်။ အနားယူဖို့ လိုမယ်။ ဖြည်းဖြည်းသက်သာ လုပ်ရမယ်။

လူမှုအိမ်ထောင် - ကိုယ့်ကို အမြင်မကြည်၊ မနာလို တိုက်ခိုက်ချင်သူတွေ ပေါများမယ်။ အပြင်မှာရော မိသားစု၊ အိမ်တွင်းမှာပါ မကြာခဏ ပဋိပက္ခတွေ များမယ်။ မိတ်ဆွေအပေါင်းအသင်းတွေကလည်း အားကိုးမရ ဖြစ်မယ်။ အချစ်ရေးမှာ စိတ်ညစ်စရာများလို့ တစ်ယောက်တည်း နေတာ ကောင်းမယ်။ အိမ်ထောင်ရေး ရန်များလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ ကြာသပတေး

ယတြာ - မွေးနေ့မနက်စောစော အိမ်ကဘုရားမှာ ထီးအနီတစ်လက် လှူပါ။ နွမ်းပါးသူတွေ့ရင် ဖိနပ် လှူပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကိစ္စ စာရွက်စာတမ်း၊ လက်မှတ်ထိုး၊ အပေးအယူ စတာတွေ အားလုံးမှာ သတိထားရမယ်။ အမှားအယွင်းတွေ ဖြစ်ပြီး ဆုံးရှုံးတတ်တယ်။ လုပ်ငန်းခွင်မှာ ခြေထိုး လုပ်ကြံချင်တဲ့သူတွေ ပေါများမယ်။ ဘယ်သူ့ကိုမှ ယုံလို့ မရဘဲ ဖြစ်နေမယ်။ သီတင်းပတ်နှောင်းပိုင်းမှ အားလုံးအဆင်ပြေလာမယ်။

ကျန်းမာရေး - သွေးထွက်သံယိုဒဏ်ရာ ရတတ်တယ်။ ဦးခေါင်းနဲ့ မျက်စိဝေဒနာတွေလည်း ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ကြားက ဝင်မွှေသူတွေ ပေါ်လာတတ်တယ်။ ကြားစကားတွေကို သတိပြုပါ။ နားယောင်မိရင် ပြဿနာ ဖြစ်လွယ်မယ်။ အိမ်ထောင်သည်တွေ အနှောင့်အယှက် ရှိမယ်။ သွေးထိုးစကားတွေ သတိနဲ့ ရှောင်ပါ။ ပြင်ပဆက်ဆံရေးမှာလည်း ကိုယ့်ကို မကြည်ဖြူတာတွေ ရှိမယ်။ အပေါ်ယံတွေ များနေမယ်။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးစိမ်း ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၂

ကံကောင်းစေတဲ့ အရပ် - တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး

ယတြာ - မွေးနေ့မှာ သံဃာတစ်ပါးကို ကိုယ့်နာမည် ထိုးထားတဲ့ ယပ်တောင်တစ်ချောင်း ကိုယ်တိုင် လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - စိတ်ကူးတည့်ရာ လျှောက်လုပ်ရင်း အပေါက်အလမ်းတည့်ပြီး အဆင်ပြေမယ်။ အလုပ်ကိစ္စတွေ ပျက်တော့မလိုနဲ့ ပြန်ကောင်းလိမ့်မယ်။ ကိုယ့်ပညာ၊ ကျွမ်းကျင်မှုတွေကို ကျကျနန ထုတ်သုံးနိုင်မယ်။ ဘယ်ဟာ အမှန်၊ ဘာကအမှားဆိုတာ ကွဲပြားလာလိမ့်မယ်။ အလုပ်အခွင့်အလမ်းတွေ တစ်ခုမကပေါ်ပေါက်လာဖို့ ရှိတယ်။

ကျန်းမာရေး - ပေတေ နေမိလို့ ရောဂါစုသလို ဖြစ်ပြီး ခံစားရမယ်။ ကျန်းမာရေး နည်းနည်း ချူချာတတ်တယ်။

လူမှုအိမ်ထောင် - ပတ်ဝန်းကျင်မှာ အများနဲ့ ကိုယ်နဲ့ သဟဇာတ မဖြစ်ဘဲ နေလိမ့်မယ်။ အပေါင်းအသင်းတွေနဲ့ အမြင်မတူတာ၊ မပေါင်းဖြစ်တာတွေ ရှိလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပျော်အပါးတွေ အာရုံများလို့ ပြဿနာ ဖြစ်တတ်တယ်။ နှစ်ဦးကြား လှည့်ဖျားထားတာတွေ ပေါ်လိမ့်မယ်။ နားလည်မှုတွေ လွဲတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - အဆော့ မက်တဲ့ ကလေးတွေကို မုန့်အချိုတွေ ခဏခဏ ဝယ်ကျွေးပြီး လိုရာဆုတောင်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အရင်ရက်တွေက အညံ့တွေ ရှိခဲ့ရင် ဒီအပတ် အကောင်းထဲ ရောက်လာပြီ မှတ်ပါ။ အလုပ်ကိစ္စ စီးပွားရေးကိစ္စတွေမှာ အပြောင်းအလဲတွေ လုပ်ရလိမ့်မယ်။ ဒီတိုင်း ဆက်သွား၊ ဆက်လုပ်နေရင်တော့ အဆိုးက အကောင်း မဖြစ်ဘဲ ပိုနစ်သွားတတ်တယ်။ အလုပ် ပြောင်း၊ နေရာဌာနပြောင်းတာမျိုး ဖြစ်လာရင် ကောင်းတယ်။

ကျန်းမာရေး - ခဏတာ ရက်ပိုင်းလောက် ကျန်းမာရေး ညံ့နိုင်တယ်။ အိမ်နားမှာ နာရေးပေါ်ရင် ပိုသတိထားပါ။

လူမှုအိမ်ထောင် - ပြင်ပဆက်ဆံရေးမှာ ကိုယ့်ကို ရန်ရှာချင်သူ၊ ပြဿနာ လုပ်ချင်သူတွေ ပေါ်လာတတ်တယ်။ ပတ်ဝန်းကျင်အဟောင်းကို စွန့်ပြီး နေရာသစ်ကို ရောက်ရင် ကောင်းမယ်။ နှလုံးသားရေးမှာ အနှောင့်အယှက် ရှိတဲ့ကြားက ဖြတ်ကျော်နိုင်မယ်။ ပြဿနာတွေ ဖြစ်ခဲ့ရင်တောင် ပိုကောင်းဖို့ ဖြစ်လာတယ်လို့ မှတ်ယူထားပါ။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ ကော်ဖီရောင်၊ ရွှံ့စေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - ဘာသာရေး အဓိဋ္ဌာန်တစ်ခုခု ဝင်ပါ။ ရွတ်နေကျ မရှိရင် မေတ္တသုတ်ကို နေ့စဉ် (၇) ခေါက် ရွတ်ပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - တစ်ယောက်တည်း ကြံစည် လုပ်ကိုင်တာထက် ဆရာသမား၊ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့ ကူညီသင်ပြမှုတွေ လိုလာလိမ့်မယ်။ စီးပွားရေးမှာ ပုံမှန်လေး လုပ်နေတာထက် ကုသိုလ်နဲ့ ယှဉ်တွဲ လုပ်ကိုင်ရင် ပိုအကျိုးပေး ကောင်းမယ်။ ရှေ့မှာ အခက်အခဲတွေ ရှိခဲ့ရင် ဒီအပတ်ထဲ ပြေပြေလည်လည် ပြန်ဖြစ်လာဖို့ရှိတယ်။

ကျန်းမာရေး - ကိုယ့်ထက် ကြီးကဲသူတွေ၊ မိဘတွေ နာမကျန်း ဖြစ်တတ်တယ်။ ကိုယ်တိုင်က အညံ့ မရှိပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာ အများနဲ့ ရောနှောနေတာထက် တစ်ယောက်တည်း နေရင် ပိုကောင်းလိမ့်မယ်။ အများနဲ့ ပေါင်းစပ်မှု များရင် နားလည်မှု လွဲတာ၊ ဖြေရှင်းရတာတွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာက သီတင်းပတ်အစမှာ ညံ့နိုင်တယ်။ နောက်ပိုင်းမှ တဖြည်းဖြည်း ပြေလည်မှု ရမယ်။ အကြီးအကဲတွေ ကူညီမယ်။

ကံကောင်းစေတဲ့ အရောင် - ကောင်းကင်ပြာ ၊ အဖြူဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ

ယတြာ - ကိုယ့်ရဲ့ ဆရာတစ်ဦးဦးကို သူ လှူချင်တာလေးမှာ ဝင်ကုသိုလ်ယူပါ။ ပြီးတော့ အားဆေးပါ လှူပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်အစောပိုင်းမှာ အလုပ်နဲ့ ပတ်သက်လို့ စိတ်ရှုပ်ရတာ၊ ပတ်ဝန်းကျင် ဘေးလူတွေကနေ ဒုက္ခပေးတာတွေ ကြုံရလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းရက်တွေမှာတော့ အခြေအနေတွေ အကောင်းဘက်ကို ဦးတည်လာမယ်။ ကိုယ်လုပ်သမျှ ပြန်ခံစားရမယ်။ နေရာကောင်း ရပြီး လုပ်ပိုင်ခွင့်တွေ ပိုရလာတာမျိုး ဖြစ်မယ်။

ကျန်းမာရေး - အပူရှပ်တာ အဖျားကြီးတာတွေ ဖြစ်တတ်တယ်။ ဦးနှောက်အာရုံကြောလည်း ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ မရိုးမသား လျှို့ဝှက်ထားတာတွေများ ရှိရင် လူသိရှင်ကြား ပေါ်လိမ့်မယ်။ ပြဿနာတွေ ဖြစ်လွယ်နေလို့ ရိုးသားဖို့ လိုအပ်မယ်။ ဘေးလူတွေကလည်း အဆင်းကို ဘီးတပ်ပေးတတ်မယ်။ ကိုယ် စိတ်ချယုံကြည်ရသူနဲ့သာ တိုင်ပင်ပါ။ ကြုံသလို တွေ့ကရာလူနဲ့ ပေါင်းသင်း တိုင်ပင်မိရင် ပိုဆိုးလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - မီးခိုးရောင် ၊ အရောင်မှိုင်းများ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - မွေးနေ့မနက် အိမ်က ဘုရားမှာ နွားနို့နဲ့ ဆွမ်းချက်ပြီး ကိုယ်တိုင် ကပ်လှူ ဆုတောင်းပါ။

ဧက

(ဗေဒင်သုတေသီ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#အိမ်ထောင်
#အရောင်
#ဂဏန်း
#အလုပ်အကိုင်

Some text some message..