အိမ်ထောင်ရေး သာယာခိုင်မြဲစေမည့် ယတြာနည်းလမ်းများ
lotaya.mpt.com.mm
|
2020-08-19

ဇာတာချင်း မကိုက်ညီ၍ ဖြစ်စေ၊ အချင်းချင်းကြား နားလည်မှု တည်ဆောက်ရန် ခက်ခဲ၍ ဖြစ်စေ၊ ဘေးလူများ ကြားဝင် နှောင့်ယှက်၍ ဖြစ်စေ မသာယာနိုင်ကြသော အိမ်ထောင်သည်များစွာ ရှိပါသည်။ ယခု ဖော်ပြပေးမည့် ယတြာနည်းလမ်းများသည် ထိုသို့သောအကြောင်းပေါင်းစုံကြောင့် စိတ်မချမ်းသာ၊ မပျော်ရွှင်ရသော စုံတွဲများ၊ အိမ်ထောင်သည်များအတွက် အထူး ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။

တရုတ်ဖုန်းရွှေနည်းဖြင့် အိမ်ထောင်ဘဝ သာယာစေခြင်း

တရုတ်လူမျိုးတို့၏ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဖုန်းရွှေဂမ္ဘီရပညာတွင် ခင်ပွန်းနှင့် ဇနီးတို့နှစ်ဦးသား ပျော်ရွှင်ရယ်မောနေကြသော ဓာတ်ပုံကို အိပ်ခန်း (သို့) ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားရမည်ဟု အဆိုရှိပါသည်။




ထိုနည်းတူ ဖုန်းရွှေပညာအရ အချစ်ငှက်ဟု တင်စားထားသော မန်ဒရင်းဘဲ အဖိုအမနှစ်ကောင် ရေကန်ထဲတွင် အတူယှဉ် မြူးတူးနေပုံကိုလည်း ချိတ်ဆွဲထားရှိနိုင်ပါသည်။ ချိတ်ဆွဲရမည့်နေရာမှာ အိမ်တစ်အိမ်၏ မေတ္တာရေး ကံကို စိုးမိုးသော အနောက်တောင်ထောင့်တွင် ဖြစ်သည်။




မန်ဒရင်းဘဲမောင်နှံကဲ့သို့ပင် အဖို၊အမဓာတ်များကို ကိုယ်စားပြုသည့် နဂါးနှင့် မီးလျှံငှက်စုံတွဲ အတူယှဉ်နေသည့် ပုံကိုလည်း အဆောင်ပန်းချီအဖြစ် သုံးနိုင်ပါသည်။ ထို့အပြင် ရေချိုးခန်း (သို့) ရေချိုးသည့် နေရာသည် ဖုန်းရွှေ အရ အလွန် အရေးပါသဖြင့် ထိုနေရာကို သန့်ရှင်း စင်ကြယ်အောင်၊ စနစ်ကျအောင် ထားရပါမည်။

မြန်မာ့ရိုးရာဗေဒင်ဖြင့် အိမ်ထောင်ဘဝ သာယာစေခြင်း

မြန်မာ့လောကီပညာရပ်တွင် အိမ်ထောင်သည်နှစ်ဦး၏ နေ့နံအလိုက် ဘုရားဆင်းတုတော် ထုလုပ် အနေကဇာ တင်၍ ကိုးကွယ်ပူဇော်သည့် နည်းလမ်းတစ်ခု ရှိသည်။ ထိုနည်းမှာ အိမ်ထောင်သည် ခင်ပွန်းဖြစ်သူ၏ နေ့နံသင့် အသားကို ဘုရားဆင်းတု ထု၍ ဇနီးဖြစ်သူ၏ နေ့နံသင့်အသားကို ပလ္လင်တော် ပြုလုပ် ကိုးကွယ်သည့် နည်းပင် ဖြစ်သည်။ ဥပမာဆိုရသော် တနင်္လာသားနှင့် ကြာသပတေးသမီးတို့ အကြောင်းဆက် ပေါင်းဖက်ကြပြီ ဆိုပါစို့။




တနင်္လာသား (ခင်ပွန်း) ၏ နေ့နံသင့်ဖြစ်သော ကံကော်သားကို ဘုရားဆင်းတု ထုပါ။ ကြာသပတေးသမီး (ဇနီး) ၏ နေ့နံသင့် ပျဉ်းမသားကို ပလ္လင်တော် ပြုလုပ်ပါ။ ထို့နောက် အနေကဇာတင်၍ ကိုးကွယ်ခြင်းဖြင့် မိသားစုဘဝ သာယာချမ်းမြေ့ပြီး ဗေဒင်ကိန်းခန်းအရ ဖြစ်ပေါ်လာမည့် အညံ့အခိုက်များကိုလည်း ကြိုတင် ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မည်။ (နေ့နံသင့်အသား ဆိုသည်မှာ တနင်္ဂနွေ ဖြစ်ပါက အင်သား၊ အင်္ဂါဆိုပါက ညောင်သား စသည့် နေ့နံအလိုက် နံတူသစ်သားကို ဆိုလိုရင်း ဖြစ်ပါသည်)

မင်္ဂလာမောင်နှံ စုံတွဲများ အချစ်ပွားလို့ လက်တွဲ ခိုင်မြဲကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#နေ့နံ
#အိမ်ထောင်သည်
#ဗေဒင်
#ဆင်းတု
#ပလ္လင်

Some text some message..