စက်တင်ဘာ ၁၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-09-18

တနင်္ဂနွေ - ဒီနေ့မှာ ကံဇာတာ ညိုးမှိန်လို့ လုပ်ကိုင်ကြံစည်သမျှ အလွဲအချော်တွေ များမယ်။ စီးပွားရေးကိစ္စမှာ မတင်မကျတွေ များသလို ကြိုးစားသလောက် အရာမထင်တာတွေ ကြုံရမယ်။ လုပ်လက်စတွေ မပြီးမပြတ်ဘဲ ဖြစ်မယ်။ ဟိုကျန်ဒီကျန်နဲ့ ပြန်လှည့်ရှင်းနေရလိမ့်မယ်။ ငွေကြေးကိစ္စမှာတော့ မျှော်လင့်သလို အဆင်ပြေမယ်။ နောက်ကျတာ၊ ခွဲယူရတာမျိုး ရှိတတ်တယ်။ နှလုံးသားရေးမှာ ပျော်ရွှင်စရာ များမယ်။ စိတ်ချမ်းသာရလိမ့်မယ်။ ဒီနေ့ မနက် ၈ နာရီနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သပြေပန်း ကပ်လှူပါ။

ညံ့

တနင်္လာ - ဒီနေ့မှာ အငြိမ်မနေရဘဲ အသွားအလာတွေ သိပ်များလာနိုင်တယ်။ လူက ထိုင်နေရရင်တောင်မှ စိတ် လှုပ်ရှားပင်ပန်းစရာတွေ များမယ်။ စိတ်ထဲ ဝေခွဲရခက်တာတွေ၊ ဘာလုပ်ရမှန်းမသိဘဲနဲ့ အချိန်ကုန်သွားတာတွေ ဖြစ်မယ်။ မနိုင်ဝန်တွေ ထမ်းရသလို အလုပ်တွေလည်း များနေတတ်တယ်။ စိတ်ဖိစီးမှု များမယ်။ ငွေကြေးကိစ္စ စိတ်သောက ဖြစ်ရလိမ့်မယ်။ ပြီးမှ အဆင်ပြေမယ်။ မိသားစုအိမ်တွင်းရေး စိတ်ညစ်ရတတ်တယ်။ အချစ်ရေးမှာ ပဋိပက္ခတွေ ဖြစ်လွယ်နေမယ်။ အိမ်ထောင်သည်တွေ နှစ်ဦးသားကြား ပိုသည်းညည်းခံပေးရမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားကို သကြားဖြူးဆွမ်း ကပ်ပါ။

သင့်

အင်္ဂါ - ကိုယ်ရေးကိုယ်တာကိစ္စမှာ ကံကောင်းတတ်ပေမယ့် ဒီနေ့အလုပ်အကိုင်၊ စီးပွားဘက်မှာတော့ အညံ့တွေ ကြုံရတတ်တယ်။ လုပ်ကိုင်ဆောင်ရွက်သမျှ နှောင့်နှေးကြန့်ကြာပြီး လူရောစိတ်ပါ အပင်ပန်းခံနိုင်မှ ပြေလည်ရုံ ရှိလိမ့်မယ်။ အလုပ်ထဲမှာ အများနဲ့ ပူးတွဲ လုပ်နိုင်မှ ကောင်းမယ်။ တစ်ယောက်တည်း ဖိလုပ်နေရင် တော်တော်နဲ့ မပြီးဘဲ ကြာနေမယ်။ ငွေရေးကြေးရေးအတွက် စိတ်ညစ်ရမယ်။ အကုန်အကျတွေလည်း သိပ်များလာနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကံ အားနည်းတဲ့နေ့ ဖြစ်တယ်။ အလကားနေရင်း တကျက်ကျက်နဲ့ စိတ်ညစ်ရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဒိန်ချဉ် ကပ်လှူပေးရမယ်။

ကောင်း

ဗုဒ္ဓဟူး - တစ်နေ့လုံး ဘာလုပ်လုပ် သိပ်အဆင်မပြေဘဲ အလွဲအချော်တွေ များနေမယ်။ အထူးသဖြင့် အလုပ်နဲ့ စီးပွားရေးမှာ ကိုယ်ထင်တာနဲ့ တခြားစီတွေ ကြုံရတတ်တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ အသေးအဖွဲကနေ ကြီးကြီးမားမားထိ ဖြစ်သွားတတ်တယ်။ အကြီးအကဲတွေနဲ့ အဆင်မပြေ ဖြစ်မယ်။ မိသားစုရေး စိတ်ညစ်စရာ များမယ်။ အချင်းချင်း စိတ်ဝမ်းကွဲစရာတွေ ဖြစ်တတ်တယ်။ အများနဲ့ တစ်ယောက် ခံတိုက်ရသလို ဖြစ်နေမယ်။ အချစ်ရေးမှာ အလိုလိုနေရင်း စိတ်ထဲ မကျေနပ်စရာတွေ ဖြစ်နေမယ်။ နားလည်မှု ပိုလိုအပ်လိမ့်မယ်။ ဒီနေ့မှာ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အဝတ်ဟောင်းတွေကို စွန့်ထုတ်ပစ်ပါ။

ညံ့

ရာဟု - ဒီနေ့ ရင်ဆိုင်ကြုံတွေ့သမျှ ကိစ္စတိုင်းမှာ ကိုယ့်ဘက်က သိပ်ရိုးသားဖြောင့်မတ်နေလို့မရဘဲ အခြေအနေ အချိန်အခါအရ ကြံဖန် လှုပ်ရှားရတာတွေ ဖြစ်တတ်တယ်။ အလုပ်မှာ ကိုယ့်အတွက် အကျိုးမရှိဘဲ အများကိစ္စ အချိန်ပေး လုပ်ကိုင်ပေးရတတ်တယ်။ ဒါပေမယ့် ကိုယ်က ကောင်းအောင် လုပ်ပေးတဲ့ကြား မကောင်းမြင်တာမျိုး ခံရလိမ့်မယ်။ ငွေကြေးကံတော့ ကောင်းနိုင်တယ်။ နှလုံးသားရေးမှာ ဝေခွဲရခက်တာ၊ မကျေလည်တာမျိုး ရှိမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ရေသတ္တဝါတွေကို အစာကျွေးပေးပါ။

ညံ့

ကြာသပတေး - စိတ်ပင်ပန်းလူပင်ပန်းစရာတွေ ရှိပေမယ့် ဒီနေ့ဟာ ငွေကြေးစီးပွား ကံကောင်းတဲ့နေ့ ဖြစ်တယ်။ မိခင် (သို့) မိခင်လို အမျိုးသမီးအကြီးအကဲတွေဆီက အကူအညီကောင်းတွေ ရမယ်။ မျက်နှာပွင့် စန်းပွင့်သလို ဖြစ်နေမယ်။ ဒါပေမယ့် ကျန်းမာရေးတော့ တစ်ချက် သတိထားရမယ်။ လေနာ၊ ဝမ်းနာ ဖြစ်တတ်ပြီး ရုတ်ချည်း နေထိုင်မကောင်းတာမျိုး ဖြစ်သွားတတ်တယ်။ နေရာထိုင်ခင်းကိစ္စအတွက် စိတ်ညစ်ရမယ်။ အချစ်ရေးကိစ္စမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ကြုံရတတ်တယ်။ အိမ်ထောင်ရေးမှာလည်း အများအားဖြင့် စိတ်ချမ်းသာရမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သစ်သီးတွေနဲ့ ဆွမ်းကပ်ပါ။

ကောင်း

သောကြာ - ဒီနေ့မှာ ကျန်းမာရေးကိစ္စက လွဲလို့ အားလုံး ကောင်းမွန်မယ်။ ကျန်းမာရေးတော့ သတိထားရမယ်။ နဂိုက ရောဂါခံ ရှိသူတွေ၊ နေထိုင်မကောင်း ဖြစ်နေသူတွေ ပို ဂရုစိုက်ရမယ်။ အလုပ်အကိုင်၊ ငွေကြေးကိစ္စတွေ အများအားဖြင့် စိတ်တိုင်းကျ အဆင်ပြေမှု ရရှိမယ်။ စီးပွားတက်၊ ငွေဝင်တာ ၊ လုပ်ပိုင်ခွင့်တွေ ပိုရလာတာမျိုးနဲ့ သတင်းကောင်းတွေ ကြားရတာမျိုး ကြုံရမယ်။ မိသားစုအိမ်တွင်းနဲ့ ပတ်သက်လို့တော့ စိတ်ညစ်စရာ ပေါ်မယ်။ နှလုံးသားရေး ကံဇာတာလည်း ညံ့တယ်။ ချစ်သူနဲ့ အဆင်မပြေ ဖြစ်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြားဟာ ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သံဃာတော်တစ်ပါးကို ထီး (သို့မဟုတ်) ဖိနပ်သစ် လှူလိုက်ပါ။

ကောင်း

စနေ - ဒီတစ်နေ့တာ အလုပ်ကိစ္စတွေမှာ စိတ်ညစ်စရာတွေ သိပ်များမယ်။ အကြီးအကဲတွေ၊ အုပ်ချုပ်မှုပိုင်းက လူတွေနဲ့လည်း အဆင်မပြေ ဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ့်ဘက်က သည်းခံစိတ်ရှည် လုပ်ကိုင်ပေးကြည့်ရင် အခက်အခဲအတော်များများ ပြေလည်သွားလိမ့်မယ်။ အဓိကက စိတ်ရှည်လက်ရှည် ရှိဖို့ပဲ ဖြစ်တယ်။ ငွေကြေး အဝင်အထွက် မြန်ဆန်မယ်။ လက်ထဲ မြဲဖို့က ခက်နေလိမ့်မယ်။ နှလုံးသားရေးမှာ စိတ်ပင်ပန်းစရာ ဖြစ်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နမောတဿကို ခဏခဏ ရွတ်ပါ။

သင့်

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#ယတြာ
#ငွေကြေး
#နှလုံးသား
#အချစ်
#အကြီးအကဲ

Some text some message..