
အခုလို ခေတ်ကာလ အခြေအနေမှာ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်ရှင်ပဲဖြစ်ဖြစ် ဒီနှစ် ဘာတွေ ဆက်ဖြစ်ဦးမလဲ၊ ကိုယ့်အလုပ်တွေ စီးပွားတွေရော ရေရှည်တည်တံ့ပါ့မလား စတဲ့ အတွေးတွေ ဝင်နေကြမှာပါ။ ဒီနေရာမှာ တစ်ဦးချင်းဇာတာနဲ့ အသေးစိတ်တွက်ဟောတာ မဟုတ်ပေမယ့် အလွယ်တကူနဲ့ ယေဘုယျ သိရအောင်လို့ နေ့နံအလိုက် အလုပ်၊ စီးပွားကံဇာတာကို ဖော်ပြပေးပါမယ်။
ဒီအဟောတွေက လက်ရှိ ဖြတ်သန်းနေတဲ့ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် (၁၇.၄.၂၀၂၀ - ၁၆.၄.၂၀၂၁) အထိ အကျုံးဝင် သက်ရောက်မှု ရှိနေမှာ ဖြစ်ပြီး နေ့နံနဲ့ နာမည် ကိုက်ညီသူတွေမှာ ပိုမို သိသာထင်ရှားနိုင်ပါတယ်။
တနင်္ဂနွေနေ့ဖွားများ - ယေဘုယျအနေနဲ့ တနင်္ဂနွေသားသမီးတွေက ဒီနှစ်မှာ အလုပ်ကံကောင်းတတ်ပါတယ်။ စိတ်ကူးအကြံအစည်တွေ ဖော်ဆောင်နိုင်ပြီး အလုပ်သစ်တွေ၊ စီမံကိန်းအသစ်တွေလည်း စတင်နိုင်ပါလိမ့်မယ်။ မိတ်ဆွေဆရာသမားတွေက ကူညီကြသလို ကိုယ့်ကို နေရာပေး၊ အလုပ်ပေးသူတွေလည်း ပေါလာနိုင်ပါတယ်။
တနင်္လာနေ့ဖွားများ- အခက်အခဲတွေ ပေါ်ပေါက်တတ်တဲ့ နှစ်မျိုး ဖြစ်ပြီး အလုပ်ခွင်မှာ အတိုက်အခံ များတာနဲ့ ရာထူးဌာန၊ အိုးအိမ်နေရာ မမြဲတာတွေ ဖြစ်တတ်ပါတယ်။ စွန့်စားမှု များတဲ့ အလုပ်မျိုးတွေ ရှောင်ကျဉ်ရပါမယ်။ အလုပ်တွေက အစကောင်းသလိုနဲ့ အနှောင်းမသေချာဘဲ ဖြစ်တတ်ပါတယ်။ အကြံအစည် ပျက်တတ်ပါတယ်။
အင်္ဂါနေ့ဖွားများ - နေရာထိုင်ခင်းကံ ကောင်းပြီး တည်မြဲမှု ရှိပါလိမ့်မယ်။ အလုပ်မှာတော့ အကောင်းအဆိုးတွေ သိပ်မထင်ရှားဘဲ ပုံမှန်လေး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဂဏှာမငြိမ်ဘဲ ပြောင်းချင်တတ်ပါတယ်။ အပေါင်းအသင်း မကောင်းလို့ ဒုက္ခရောက်တတ်ပါတယ်။ အပြောင်းအလဲတွေ သိပ်မလုပ်ဘဲ ငြိမ်ငြိမ်လေးနေပါ။
ဗုဒ္ဓဟူးနေ့ဖွားများ - စိတ်များတာ၊ စိတ်လျှော့လွယ်တာကို သတိပြုရပါမယ်။ အလုပ်တွေက ကောင်းချင်ပါရက်နဲ့ ကိုယ်က အာရုံများလို့ ကံကောင်းမှုကို အပြည့်အဝ မခံစားရတတ်ပါဘူး။ ရှာဖွေသမျှ အဖတ်မတင်ဘဲ ပိုင်ဆိုင်မှု ငွေကြေးဥစ္စာတွေလည်း လျော့ပါးတတ်ပါတယ်။ စပ်တူရှယ်ယာနဲ့ စုပေါင်းစပ်ပေါင်းတွေ အလုပ်ဖြစ်နိုင်ပါတယ်။
ကြာသပတေးနေ့ဖွားများ- အလုပ်မှာ ခက်ခဲပင်ပန်းမှုတွေ များတတ်ပေမယ့် ကိုယ့်အတွက် အကျိုးရှိပါလိမ့်မယ်။ အကြီးအကဲတွေ၊ မိတ်ဆွေတွေဆီက အကူအညီ ရပါမယ်။ အလုပ်တွေ တအား တိုးချဲ့တာမျိုးကိုတော့ ရှောင်ပါ။ အစုရှယ်ယာအလုပ်တွေ အကျိုးမပေးပါ။ ဒီနှစ်မှာ စောင့်ဆိုင်းချုပ်တည်းရတာ၊နှောင့်နှေးတာတွေ သိပ်များမယ်။
သောကြာနေ့ဖွားများ- တစ်နှစ်ပတ်လုံး အလုပ်၊ စီးပွားမှာ ရန်များတတ်ပါတယ်။ ကိုယ်လုပ်သမျှ အပြစ်ရှာဝေဖန် တိုက်ခိုက်သူတွေ ရှိနေပါမယ်။ အလုပ်တွေလည်း ခါတိုင်းထက် ပိုများလာပြီး မနားမနေ လုပ်နေရတတ်ပါတယ်။ အတွေးမှားအကြံမှားနဲ့ ကျန်းမာရေးတွေအရ အလုပ်၊ စီးပွားပိုင်းမှာ အားလျော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။
စနေနေ့ဖွားများ - အလုပ်တွေ ကောင်းပြီး စီးပွားလည်း ဖြစ်နိုင်တဲ့နှစ်ပါ။ နေရာ၊ အခွင့်အရေးတွေ ပိုရလာသလို လုပ်ချင်တာတွေလည်းလုပ်ပြနိုင်လိမ့်ပါမယ်။ ဒါပေမယ့်ကိုယ့်နေရာ၊ ဌာနပိုင်းမှာ အနှောင့်အယှက်တွေ ရှိလာပြီး မတည်မငြိမ်လည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ဒီနှစ်မှာ အလုပ်ကံဇာတာ ကောင်းမယ့်ကာလပါပဲ။
ဒီဟောကိန်းတွေက လာမယ့် ဧပြီ ၁၆ ၊ ၂၀၂၁ အထိ (တနည်းအားဖြင့်) မြန်မာသက္ကရာဇ် ၁၃၈၂ အကုန်အထိ သက်ရောက်မှု ရှိနိုင်ပြီး တကယ်လို့များ ကိုယ်ဟာ အထက်ပါဟောကိန်းတွေထဲမှာ အလုပ်ကံဇာတာ သိပ် မကောင်းတဲ့ နေ့နံတွေထဲ ပါနေမယ်၊ ပြီးတော့ ကိုယ့်ရဲ့ ရောက်ဆဲအသက်ကို (၇) နဲ့ စားကြည့်တဲ့အခါ (၂) ကြွင်း ၊ (၆) ကြွင်း နေမယ်ဆိုရင်တော့ ဒီနှစ်မှာ အလုပ်အကိုင် စီးပွားရေးအခြေအနေတွေ မကောင်းနိုင်ဘူးလို့ မှတ်ယူရပါမယ်။ မြွေပူရာကင်းမှောက်သလိုအခြေအနေကို ပိုဆိုးစေတတ်တယ်လို့ သတိပေးလိုက်ရပါတယ်။
အားလုံးပဲ အလုပ်၊ စီးပွားနဲ့ပတ်သက်သမျှ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေခင်ဗျား
ဧက (ဗေဒင်သုတ)
#lotaya_horoscope
အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်