အာယုသက်ရောက်မှာ လုပ်ရမယ့် ယတြာ
lotaya.mpt.com.mm
|
2020-11-04

တခါတလေ ကိုယ့်မှာ နာတာရှည် ရောဂါ ဝေဒနာရယ်လို့ မရှိဘဲ ရုတ်တရက် ကောက်ကာငင်ကာ ကျန်းမာရေး ကျဆင်းသွားတာမျိုး ၊ အနာရောဂါတွေ ဝင်လာတာမျိုးနဲ့ မထင်မှတ်ဘဲ နေထိုင်မကောင်း အသည်းအသန်ကြီး ထဖြစ်တာမျိုး ကြုံတတ်ပါတယ်။ မြန်မာ့ဗေဒင်ပညာအရ အဲလို ဖြစ်တတ်တဲ့နှစ်တွေဟာ အသက်ကို တည်ပြီး (၈) နဲ့စားလို့ (၂) ကြွင်းတဲ့နှစ်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဗေဒင်အရ အာယုသက်ရောက်ချိန် ဖြစ်ပါတယ်။

တကယ်လို့ အဲလိုနှစ်မျိုးမှာ ကျန်းမာရေး ဘာမှ မဖြစ်ပါဘူး ဆိုရင်တောင်မှ စီးပွားရေး၊ လူမှုရေးကိစ္စတစ်ခုခုမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံလာတတ်ပါတယ်။ ဒါကြောင့် အာယုသက်ရောက်ကာလမှာ ဘယ်လို ဘေးဥပါဒ်မှ ကျရောက်မလာစေဖို့အတွက် နေ့နံအလိုက် ပြုလုပ်ရမယ့် ယတြာတွေကို လမ်းညွှန်လိုက်ပါတယ်။

နေ့သားသမီးအားလုံးဟာ အသက်ကို တည် (၈) နဲ့ စားလို့ (၂) ကြွင်းတဲ့ကာလကို ရောက်နေပြီဆိုရင်…

ပထမဆုံးအနေနဲ့ ကျန်းမာရေးဆိုင်ရာ ယတြာတွေ မလုပ်ခင်မှာ ဦးစွာ လုပ်ပေးရမယ့် ကုသိုလ်တွေ ရှိပါတယ်။ ဒါတွေကတော့ ညောင်ပင်မှာ ညောင်ကိုင်းထောက်တာ ၊ မကျန်းမမာ ဖြစ်နေသူတွေကို ဆေးဝါး၊ ဓာတ်စာတွေ လှူဒါန်းတာ ၊ အရိပ်ရသီးပင်စားပင်တွေ ပျိုးထောင်တာ ၊ ငါးလွှတ်တာမျိုးဇီဝိတဒါန လုပ်တာတွေပဲ ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ နေ့နံအလိုက် ယတြာတွေကို လုပ်ပေးရပါမယ်။ ဥပမာ အသက်ကို (၈) နဲ့စားလို့ (၂) ကြွင်းတဲ့ နှစ်ထဲ ရောက်နေတဲ့အင်္ဂါသားသမီးဆိုရင် အောက်မှာ ဖော်ပြထားသလို ဆီးယို ၊ ဇလုံ စတာတွေကို ဘုရားမှာ ဖြစ်ဖြစ် ဘုန်းကြီးကျောင်းမှာဖြစ်ဖြစ် လှူပေးရပါမယ်။ နေ့နံအလိုက် လုပ်ရမယ့် ကုသိုလ်ဒါနတွေကတော့..

တနင်္ဂနွေသားသမီး

ဘုရားမှာ အကြော် ၊ အင်ကြင်းပန်း စတာတွေ လှူပါ။ တတ်နိုင်သူဆို စေတီ၊ ကျောင်းကန်မှာ အုတ်ခုံ လုပ်ပြီး လှူဒါန်းပေးပါ။ ကလေးတွေကို အချို၊ အချဉ် စတာတွေ ကျွေးမွေးပေးကမ်းပါ။

တနင်္လာသားသမီး

ဘုရားမှာ ဖြစ်စေ၊ ဘုန်းကြီးကျောင်း တရားစခန်းမှာ ဖြစ်စေ ကြာဆံ ၊ ခေါက်ဆွဲ စသဖြင့် ကိုယ်တတ်နိုင်သလို လှူဒါန်းပေးပါ။ လိုအပ်ရာမှာ ကြေးစည် လှူတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

အင်္ဂါသားသမီး

ဘုရားမှာ ဆီးယို လှူတာ၊ ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေမှာ ဇလုံ လှူတာမျိုး လုပ်နိုင်ပါတယ်။ ပြီးတော့ ဘုရားမှာ ဇီဇဝါ၊ ဇလပ်ပန်းတွေ ကပ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ဗုဒ္ဓဟူးသားသမီး

ဘုရားစေတီ (သို့) ဘုန်းတော်ကြီးကျောင်းမှာ ရွှေထီး လှူပေးပါ။ တတ်နိုင်မယ်ဆိုရင် ရေတွင်း လှူရာမှာ ပါဝင် ကုသိုလ်ယူပေးပါ။ လူနာတွေကို ဓာတ်စာ၊ ဆေးဝါး လှူနိုင်ပါတယ်။

ကြာသပတေးသားသမီး

ဘုရားမှာ ပျားရည် (သို့) မရွေးမုန့် လှူတာမျိုး လုပ်နိုင်ပါတယ်။ တတ်နိုင်သူတွေဆိုရင် ဘုန်းကြီးကျောင်းမှာ ဗီရို လှူပေးနိုင်ပါတယ်။ လိုအပ်သူတွေကို ပုဝါလည်း လှူနိုင်ပါတယ်။

သောကြာသားသမီး

ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်ဖြစ် တခြားလိုအပ်ရာမှာ ဖြစ်ဖြစ် သောက်ရေအိုးတွေ လှူနိုင်ပါတယ်။ ဂီလာနရဟန်း ရှိရင် သေးအိုးတွေ လှူပေးနိုင်ပါတယ်။

စနသေားသမီး

ဘုရားမှာ ထောပတ် (သို့) ဒန်ပေါက်နဲ့ ဆွမ်းကပ်ပါ။ ထီးဖြူအကြီး တစ်လက်ကိုလည်း ဘုရားမှာ လှူထားပေးပါ။ ပြီးတော့ ဓာတ်ဘူး၊ ဓာတ်မီးတွေကို လိုအပ်တဲ့ရောမှာ လှူပါ။

အာယုသက်ရောက်ကို ကျန်းမာဘေးကင်းစွာ ဖြတ်ကျော်နိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#သားသမီး
#ဘုရား
#အာယု
#ဘုန်းကြီးကျောင်း
#ဗေဒင်

Some text some message..