ရူပသျှတ္တရဆိုတဲ့ အင်္ဂါရုပ်ဖတ်ပညာမှာ မှဲ့တွေက အရေးပါသလိုပဲ လက်ဖဝါးပြင်ဖတ်လက္ခဏာပညာရပ်မှာလည်း မှဲ့တွေက တစ်ထောင့်တစ်နေရာကနေ အရေးပါအရာရောက်ပါတယ်။ အထူးသဖြင့် လက်ဖဝါးမှာ မှဲ့ပါလာခဲ့ရင် အကောင်းထက် အဆိုးက ပိုများတယ်လို့ လက္ခဏာပညာရှင်တွေက ယူဆကောက်ချက်ချပါတယ်။ ဒီနေရာမှာ လိုတရပရိတ်သတ်တွေအတွက် လက်ဖဝါးပေါ်မှာ မှဲ့ပါရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ မျှဝေပေးပါမယ်။
လက်ဖဝါးပေါ်က အဓိကကျတဲ့ လက္ခဏာလမ်းကြောင်းကြီးတွေပေါ်မှာ မှဲ့ ပါလာရင် ဘာဖြစ်တတ်လဲ ဆိုတာကို အရင် လေ့လာကြည့်ပါမယ်။
အဓိကလက္ခဏာလမ်းကြောင်းပေါ်က မှဲ့တွေရဲ့ ဆိုးကျိုး
(၁) အသက်လမ်းကြောင်းမှာ ပါခဲ့ရင် အခံရခက် နာကျင်တဲ့ ရောဂါဝေဒနာတွေ ခံစားရတတ်ပါတယ်။
(၂) ဉာဏ်လမ်းကြောင်းမှာ ပါခဲ့ရင် မျက်စိ၊ သွား ၊ နား၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ ဥပဒ် ဖြစ်တတ်ပါတယ်။
(၃) ကျန်းမာရေးလမ်းကြောင်းမှာ ပါခဲ့ရင် သေလုမျောပါး ပြင်းထန်တဲ့ ဝေဒနာဖြစ်ပြီး ခွဲစိတ်ရတတ်ပါတယ်။
(၄) အိမ်ထောင်ရေးလမ်းကြောင်းမှာ ပါခဲ့ရင် အိမ်ထောင်ရေးမှာ သေကွဲ၊ ရှင်ကွဲတွေ ကြုံရတတ်ပါတယ်။
(၅) နှလုံးလမ်းကြောင်းမှာ ပါခဲ့ရင် ချစ်ရသူတွေအတွက် စိတ်သောကကြီးကြီးမားမား ခံစားရတတ်ပါတယ်။
နောက်တစ်ခုကတော့ လက်ဖဝါးပေါ်က ဂြိုဟ်ခုံတွေပေါ် မှဲ့ပါလာရင် ဘာဖြစ်တတ်လဲ ဆိုတာ ကြည့်ပါ။ ဂြိုဟ်ခုံတွေကို နံပါတ်စဉ်နဲ့ထိုးပြီး ဖော်ပြထားပါတယ်။
ဂြိုဟ်ခုံတွေပေါ်က မှဲ့တွေရဲ့ ဆိုးကျိုး
(၁) ကြာသပတေးဂြိုဟ်ခုံမှာ ပါနေရင် စီးပွားပျက်၊ နာမည်ပျက်ပြီး ဂုဏ်သိက္ခာ ကျဆင်းတတ်ပါတယ်။
(၂) စနေဂြိုဟ်ခုံမှာ ပါနေရင် ရန်သူမျိုးငါးပါး (သို့) သူတပါးပယောဂကြောင့် စီးပွားပျက်တတ်ပါတယ်။
(၃) တနင်္ဂနွေဂြိုဟ်ခုံမှာ ပါနေရင် မမျှော်လင့်ဘဲ ရုတ်တရက် စီးပွားဥစ္စာပျက်စီးကိန်း ကြုံတတ်ပါတယ်။
(၄) ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ် ပါနေရင် ကြိုးစားမှုတွေ အရာမထင်ဘဲ ဘာလုပ်လုပ် ပျက်လွယ်တတ်ပါတယ်။
(၅) အင်္ဂါဂြိုဟ်ခုံ (အဖို) ပေါ် ပါနေရင် မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။
(၆) အင်္ဂါဂြိုဟ်ခုံ (အမ) ပေါ် ပါနေရင် ဉာဏ်ရည် အားနည်းချို့ယွင်းတာမျိုး ဖြစ်တတ်ပါတယ်။
(၇) သောကြာဂြိုဟ်ခုံပေါ် ပါနေရင် မေတ္တာရေး ကံခေပြီးတော့ နာမည်ပျက်ရတတ်ပါတယ်။
(၈) တနင်္လာဂြိုဟ်ခုံပေါ် ပါနေရင် အတွေးလွန်ပြီး ဆင်ခြင်ဉာဏ် အားနည်းတတ်ပါတယ်။
(၉) အင်္ဂါလွင်ပြင်ပေါ် ပါနေရင် ကိုယ်လက်အင်္ဂါတစ်ခုခု ချို့ယွင်းတတ်ပါတယ်။
လက္ခဏာပညာလာ မှဲ့အကြောင်းကို ဖတ်ရှုပြီးရင် သတိပေးလိုတဲ့ တစ်ချက်တော့ ရှိပါတယ်။ ဟောကိန်းတွေ ဖတ်လို့ ကိုယ့်လက်ဖဝါးနဲ့ တိုက်ဆိုင်သွားတဲ့အခါ ဥပါဒန်အစွဲအလန်း မထားဘဲ သတိထားရမယ့်အချက်တစ်ခု အဖြစ်သာ မှတ်သားစေလိုပါတယ်။ လက္ခဏာပညာရပ်က သိပ်ကျယ်ပြန့်နက်ရှိုင်းတာကြောင့် ဒီတစ်ခုပါတာနဲ့ ဒီလို ဖြစ်ပြီလို့ ယတိပြတ် ကောက်ချက်ချလို့ မရဘူးဆိုတာ သတိပြုပေးပါခင်ဗျား။
လက္ခဏာပညာ ဗဟုသုတ တိုးပွားရရှိကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်