
အနောက်တိုင်းနက္ခတ်ဗေဒင်အရ ကံကောင်းပျော်ရွှင်ခြင်းတွေကို ဆောင်ယူပေးနေကျ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးဟာ ၂၀၂၁ မှာ ကုမ်ရာသီခွင်ထဲ ရပ်တည်နေမှာ ဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်ရဲ့ အမြင်အယှဉ်နဲ့အတူ အောက်ဖော်ပြပါ ရာသီခွင်ဖွားတွေဟာလည်း ၂၀၂၁ နှစ်သစ်မှာ ယေဘုယျ ကံဇာတာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ ရှိနေပါတယ်။
မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀ မွေးဖွားသူများ)
စိတ်ကူးဆန္ဒတွေ၊ မျှော်လင့်ချက်တွေ ပြည့်ဝ အကောင်အထည် ပေါ်လာမယ့်နှစ် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အရင်က ကြိုးစားအားထုတ်သမျှတွေ ရုပ်လုံးပေါ်လာပြီး ကံတရားကလည်း မျက်နှာသာပေးလာဦးမှာ ဖြစ်လို့ လက်ခမောင်းခတ်နိုင်မယ့်နှစ်သစ်လို့ ဆိုချင်ပါတယ်။ ပညာရေးခရီးလမ်းက လူငယ်မောင်မယ်တွေလည်း ဒီနှစ် ၂၀၂၁ မှာ အဆင့်ပညာရေးတွေ၊ နိုင်ငံရပ်ခြားပညာတော်သင် အခွင့်အရေးတွေ ရရှိနိုင်ပါတယ်။ တစ်ချီကောင်း ပွပေါက်တိုးဖို့ စွန့်စားကြည့်ချင်တဲ့ စီးပွားရေးနယ်ပယ်က လူတွေလည်း ကံကောင်းအောင်မြင်တတ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉ မွေးဖွားသူများ)
၂၀၂၁ မှာ အလုပ်အကိုင်နဲ့ စီးပွားဥစ္စာ ကံဇာတာ သိသိသာသာ မြင့်မားလာနိုင်တဲ့ ရာသီခွင်တစ်ခု ဖြစ်ပါတယ်။ ငွေကြေးဓနနဲ့ ပတ်သက်လို့ စိတ်တောင် မကူးဖူးတဲ့ အခြေအနေကောင်းတွေ ကြုံတွေ့ရတတ်သလို လုပ်ငန်း စီးပွားကံကြမ္မာကလည်း အကောင်းဘက်ကိုပဲ ဦးတည်နေပါလိမ့်မယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သေချာ အာရုံစိုက် ကြိုးစားတတ်တဲ့ စရိုက်သဘာဝနဲ့အတူ အောင်မြင်မှုတွေကိုလည်း ရယူနိုင်ပါမယ်။ ၂၀၂၁ ခုနှစ်မှာ ရေရှည်ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း စတင်လို့ ကောင်းပါတယ်။ အခွင့်အလမ်းတွေလည်း ရရှိပါလိမ့်မယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂ မွေးဖွားသူများ)
နှစ်သစ်ရဲ့ ကံထူးရှင်စာရင်းမှာ တူရာသီဖွားတွေလည်း အပါအဝင်ပါပဲ။ လူငယ်တွေအဖို့ နှလုံးသားရေးပိုင်းမှာ စန်းတွေ ထ၊ မျက်နှာတွေ ပွင့်လာနိုင်ပြီး လူရွယ်၊ လူကြီးတွေမှာလည်း လုပ်ငန်းစီးပွားနဲ့ ပတ်သက်လို့ ကံတွေ ကောင်းလာပါလိမ့်မယ်။ အထူးသဖြင့် စွန့်စားမှု များတဲ့၊ လောင်းကစားဆန်တဲ့ အလုပ်တွေမှာ လာဘ်တွေ ပွင့်ပြီး ကံတွေ စွတ်ကောင်းနေတတ်ပါတယ်။ ဒါပေမယ့် ကံကို ယုံပြီး ဆူးပုံနင်းတဲ့ အလုပ်မျိုးကိုတော့ ရှောင်ရပါမယ်။ ဒီနှစ်ထဲမှာ နိုင်ငံရပ်ခြားကိစ္စတွေ၊ ပညာရေးကိစ္စတွေလည်း ကိုယ့်စိတ်တိုင်းကျ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁ မွေးဖွားသူများ)
မိတ်ဆွေကောင်း၊ လက်တွဲဖော်ကောင်းတွေရဲ့ ကူညီစောင်မမှုတွေ ရရှိမယ့်နှစ် ဖြစ်ပါတယ်။ ကံဇာတာတွေ တက်နေပြီး ကြံစည်လုပ်ကိုင်သမျှကလည်း ဖြစ်မြောင်အောင်မြင်ဖို့ လွယ်ကူလာပါလိမ့်မယ်။ လူငယ်တွေအဖို့ ဒီနှစ်သစ်မှာ အိမ်ထောင်ပြုဖို့ ဖြစ်စေ၊ ဖူးစာဖက် ရှာဖွေရာမှာ ဖြစ်စေ ဆန္ဒနဲ့ ထပ်တူကျတဲ့ လက်တွဲဖော်မျိုးကို ရရှိတတ်ပါတယ်။ လုပ်ငန်းရှင်များအဖို့ကတော့ စပ်တူရှယ်ယာအလုပ်တွေ အောင်မြင်တတ်ပြီး အတွဲညီတဲ့ မိတ်ဖက်၊ ပါတနာကောင်းတွေ ရရှိလာနိုင်ပါတယ်။ အရင်းအနှီးနည်းနည်းနဲ့ အမြတ်အစွန်း များတတ်ပါတယ်။
ဒီရာသီခွင် (၄) ခုလိုပဲ (ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈ မွေးဖွားသူများ) ဖြစ်တဲ့ ကုမ်ရာသီဖွားတွေနဲ့ (မတ် ၂၁ - ဧပြီ ၁၉ မွေးဖွားသူများ) ဖြစ်တဲ့ မိဿရာသီဖွားတွေကလည်း ကံဇာတာ အတော်အတန် ကောင်းမွန်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကံကောင်းတယ်ဆိုတာ အကြံအစည် ရည်ရွယ်ချက်တွေ ဖြစ်မြောက်လာဖို့ လွယ်ကူတာ ဖြစ်ပြီး လုံ့လ၊ ဝီရိယချင်းတူရင် သူများထက် နှာတစ်ဖျားမက သာလွန်စေတာကို ဆိုလိုပါတယ်။
နှစ်သစ်မှာ ရာသီခွင်အားလုံး ကံကောင်းပျော်ရွှင်နိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။