
ရုတ်တရက် မမျှော်လင့်ဘဲ ငွေအစုလိုက်အပုံလိုက် ဝင်လာသူတွေ (သို့မဟုတ်) ထီဆုကြီး ပေါက်ကြသူတွေဟာ ငွေမဝင်ခင်၊ ထီမပေါက်ခင်မှာ အိပ်မက် ထူးထူးဆန်းဆန်းတွေ မက်တတ်ကြပါတယ်။ ကိုယ်တိုင်က သတိမမူဘဲ မေ့မေ့လျော့လျော့ ထားမိသည် ဖြစ်စေ၊ သတိထားမိလို့ အံ့သြမိသည် ဖြစ်စေ ဒီအိပ်မက်တွေကိုတော့ ကြိုတင် မြင်မက်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း ရှေးတုန်းက အတိတ်နိမိတ်ဆိုင်ရာလောကီကျမ်းတွေမှာ လာဘ်လာဘမဝင်ခင် ကြိုမြင်တတ်တဲ့ အိပ်မက်များ ဆိုပြီးတော့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီအိပ်မက်တွေထဲမှာ ထူးခြားထင်ရှားပြီးတော့ လူအများစု မြင်မက်တတ်တဲ့ အိပ်မက်တွေကို ထီပေါက်၊ ငွေဝင်စေတဲ့ အိပ်မက်များအဖြစ် တင်ပြလိုပါတယ်။
(၁) မစင်တွင်းထဲ ပြုတ်ကျတာ၊ မစင်တွေနဲ့ ပေကျံနေတာ၊ မစင်တွေကို မရွံမရှာ စားမိနေတာ၊ မစင်ထုပ်တွေကို တစ်ယောက်ယောက်က လာပေးတာ၊ လောက်ကောင်ပိုးကောင်တွေနဲ့ မစင်တွေ ကိုယ်မှာ ပွတက်နေတာကို မြင်မက်မိရင် ဒါဟာ ထီပေါက်ငွေဝင်စေမယ့် အိပ်မက်ကောင်းတစ်ခု ဖြစ်ပါတယ်။
(၂) ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်ထူးတစ်ပါးက သစ်သီးဝလံ ဖြစ်စေ၊ အဖိုးထိုက်ရတနာတစ်မျိုးကို ဖြစ်စေ ကိုယ့်ကို သုံးဆောင်ဖို့ လာပေးတယ်ဆိုရင် ထူးခြားတဲ့ အိပ်မက်ကောင်း ဖြစ်ပါတယ်။ ထီပေါက်ငွေဝင်စေတတ်ပါတယ်။
(၃) လောက်တက်နေတဲ့ လူသေကောင်တွေရဲ့ အသားတွေ၊ အူတွေကို စားသောက်ရတာ၊ လူတွေကို ရင်ခွဲပြီး သွေးသောက်ရတာ၊ သွေးကို ရေချိုးရတာ ၊ ဥအမျိုးမျိုး စားသုံးရတာကို မြင်မက်ရင်လည်း ဒါဟာ ကံထူးစေမယ့် အိပ်မက်ကောင်း ဖြစ်ပါတယ်။
(၄) ငှက်တွေ ချီလာတဲ့ အစာတွေ ကိုယ့်လက်ထဲ ကျလာတာ၊ ခေါင်းပေါ်ကို မစင် စွန့်ချတာ ၊ ကျေးငှက်တွေက ဆွတ်ဆွတ်ဖြူနေတာ၊ အဲဒီထဲက ငှက်ဖြူတစ်ကောင်က ကိုယ့်ဆီ လာနားတာမျိုးတွေ မြင်မက်ရင်လည်း ဒါဟာ ထီပေါက်ငွေဝင်စေမယ့် အိပ်မက်ထူးတစ်ခု ဖြစ်ပါတယ်။
(၅) ကောင်းကင်က နေ၊ လ၊ နက္ခတ်တာရာ ကြယ်တွေကို ဆွတ်ခူးရတာ၊ ဒါမှမဟုတ် ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်က ကိုယ့်ကို ယူဆောင်ပေးတာမျိုး မြင်မက်ရင်လည်း ထူးခြားတဲ့ အိပ်မက်ကောင်း ဖြစ်ပါတယ်။ ပြီးတော့ နေ ၊ လနဲ့ ကြယ်တာရာတွေ ကြွေကျသက်ဆင်းတာမျိုး မြင်မက်ရင်လည်း ငွေဝင်ထီပေါက် ဖြစ်စေတတ်ပါတယ်။
(၆) ဒါ့အပြင် အိပ်မက်ထဲမှာ သစ်ပင်တွေဆီက ပန်းတွေ၊ အသီးတွေ ကိုယ့်ရှေ့မှာတင် ဖူးပွင့် ဝေဆာလာတာ၊ သေပြီးသူက ပြန်ရှင်လာပြီး ကိုယ့်ကို တစ်ခုခု ပေးလာတာ၊ ဆင်ဖြူ (သို့မဟုတ်) နွားကို စီးပြီး လှည့်ပတ်ရတာ၊ နဂါးတွေ မက်ပြီး နဂါးခံတွင်းထဲ ဝင်ရတာ၊ ဈာန်ပျံ ရသေ့ ရဟန်းတွေကို ဖူးခွင့်ရတာ ၊ ကောင်းကင်ယံမှာ နတ်သားတွေ၊ တမန်တော်တွေရဲ့ နတ်တူရိယာတွေ တီးခတ်သံမျိုး ကြားရတာတွေကလည်း ထီပေါက်ငွေဝင် ဖြစ်စေမယ့် အိပ်မက်ကောင်းများပဲ ဖြစ်ပါတယ်။
တကယ်လို့ အထက်ပါ အိပ်မက်မျိုးတွေ မြင်မက်ခဲ့မယ်ဆိုရင် အတိတ်ဘဝ ကံဇာတာ ပါလာသူတွေ ဖြစ်ကြပြီး ယခုမျက်မှောက်ဘဝမှာ ထီကံထူး၊ ငွေနံမြူးနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။ တကယ်လု့ိ အဲဒီအိပ်မက်မျိုး မမက်သေးဘူးဆိုရင်လည်း ရည်ညွှန်း ပုဂ္ဂိုလ် အစွဲမထားဘဲ “ထိုက်တဲ့သူ ယူစေ” ဆိုတဲ့ စိတ်ထားမျိုးနဲ့ လှူတဲ့ ပံ့သကူအလှူမျိုးကို မကြာခဏ ကိုယ်တတ်နိုင်သလို စွန့်ကြဲ လှူဒါန်းပေးခြင်းဖြင့် ထီကံ၊ ငွေကံကို တွန်းအားပေး ရှင်သန်စေမှာ ဖြစ်ပါကြောင်း ဗေဒင်သုတ မျှဝေလိုက်ပါတယ်။
ဧက (ဗေဒင်သုတ)
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။