၂၀၂၁ တရုတ်ရာသီခွင် ဗေဒင်ဟောကိန်း
lotaya.mpt.com.mm
|
2021-02-22

တရုတ်ရိုးရာ (၁၂) ရာသီခွင်စနစ်အရ ဒီနှစ် ဖေဖော်ဝါရီ ၁၂ ကနေ နောင်နှစ် ၂၀၂၂ ၊ ဇန်နဝါရီလကုန်အထိဟာ သတ္တုဓာတ် ကြီးစိုးတဲ့ နွားထီးနှစ်ကာလ ဖြစ်ပါတယ်။ နွားထီးနှစ်မှာ မွေးဖွားရာနှစ်အလိုက် ၁၂ ရာသီခွင် တရုတ် ဗေဒင်အရ ဘယ်လို ကံဇာတာတွေ ဖြစ်လာမလဲဆိုတာ လိုတရပရိတ်သတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(မှတ်ချက် - ကိုယ့်မွေးနှစ်ဟာ ကိုယ်ရာသီခွင်ရုပ်ကို ကိုယ်စားပြုမှာ ဖြစ်ပြီး ဥပမာ ၂၀၀၁ ခုနှစ်မှာ မွေးဖွားခဲ့တယ် ဆိုရင် မြွေနှစ်ဖွားအဖြစ် မှတ်ယူရပါမယ်)

ကြွက် (1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020) - စီးပွားရေး ကောင်းပြီး ကျန်းမာရေး ချူချာမယ့်နှစ် ဖြစ်တယ်။ အလုပ်သစ် စတာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်တာတွေမှာ အောင်မြင်မယ်။ အာဏာပိုင်တွေက ကိုယ့်ကို ကူညီမျက်နှာသာပေးမယ်။ အခွင့်ကောင်းတွေ လက်ထဲ ရောက်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ ကံကောင်းတတ်တယ်။ ကျန်းမာရေးကတော့ နှစ်စတည်းက တရှောင်ရှောင် ဖြစ်နေမယ်။ ဂရုစိုက်ရလိမ့်မယ်။

နွားထီး (1925, 1937, 1949, 1961, 1973, 1985, 1997, 2009) - လုပ်ငန်းခွင် ဆက်ဆံရေးပိုင်းကိစ္စတွေမှာ အဆင်မပြေမှုတွေ များမယ်။ လူမှုရေးပြဿနာက စီးပွားရေးကို ရိုက်ခတ်မယ်။ အလုပ်လုပ်ရာမှာ အလွဲအချော် များတတ်တယ်။ ဘယ်လို စွန့်စားမှုကိုမှ မလုပ်သင့်တဲ့နှစ် ဖြစ်တယ်။ ရှိတာလေး ကိုင်ပြီး ငြိမ်ငြိမ်လေး နေရမယ်။ နှလုံးသားရေးမှာ မျှော်လင့်ချက်တွေ ပြည့်ဝမယ်။ ကျန်းမာရေးမှာ အသောက်အစား လျှော့ရမယ့်နှစ် ဖြစ်တယ်။

ကျား (1926, 1938, 1950, 1962, 1974, 1986, 1998, 2010) - လုပ်ငန်းသစ်တွေနဲ့ အခွင့်အလမ်းသစ်တွေ ပေါ်လာမယ့်နှစ် ဖြစ်တယ်။ ပထမ ၆ မှာ နည်းနည်း ညံ့တတ်ပြီး နောက် ၆ လမှာ အခြေအနေ ကောင်းလာမယ်။ ဒါပေမယ့် လိမ်ညာလှည့်ပတ်ခံရတာမျိုး ရှိနေလို့ ဘယ်အရာမဆို သတိနဲ့ ကိုင်တွယ်ရမယ်။ အိမ်ခြံမြေတွေလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးပေးမယ်။ အချစ်ရေး ကံကောင်းမယ်။ အစာမကြေ၊ သွားနာတာမျိုး ခံစားရတတ်တယ်။

ယုန် (1927, 1939, 1951, 1963, 1975, 1987, 1999, 2011) - ခရီးအသွားအလာတွေ ပိုများမယ့်နှစ် ဖြစ်ပြီး သဘာဝဘေးတွေနဲ့ ရင်ဆိုင်တိုးတတ်တယ်။ ယာဉ်မောင်းများသူဆို ပိုဂရုစိုက်ရမယ်။ စီးပွားရေး အရင်နှစ်ထက် ပိုကောင်းနိုင်ပေမယ့် အတက်အကျလေးတွေ ရှိနေဦးမယ်။ လုပ်ငန်းခွင်မှာ အရှုပ်အရှင်းတွေနဲ့ ဝေးဝေး ရှောင်ပြီး သည်းခံဖို့ လိုမယ်။ အချစ်ရေးမှာ ပြဿနာတွေ များတတ်တယ်။ မတော်တဆမှုတွေလည်း ဖြစ်ပွားတတ်တယ်။

နဂါး (1928, 1940, 1952, 1964, 1976, 1988, 2000, 2012) - မမျှော်လင့်တဲ့လူ၊ နေရာတွေက ကံကောင်း ၊ အောင်မြင်မှုတွေ ရလာလိမ့်မယ်။ အလုပ်၊ စီးပွားနယ်ပယ်မှာ ကြိုးစားမှုရလဒ်တွေ ပြန်ခံစားရမယ်။ အတိတ်က ပြဿနာဟောင်းတွေတော့ ပြန်ပေါ်လာတတ်တယ်။ ငွေကြေးကိစ္စမှာ အရှုံးအမြတ် ဆတူ ဖြစ်လို့ သတိပြုရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်စရာတွေ များလိမ့်မယ်။ စိတ်ဖိစီးမှု များမယ့်နှစ် ဖြစ်လို့ အနားယူပေးပါ။

မြွေ (1929, 1941, 1953, 1965, 1977, 1989, 2001, 2013) - အလုပ်မှာ စိတ်တိုင်းမကျ၊ မကျေနပ်တာတွေ ရှိပေမယ့် ဒီနှစ်က အလုပ်အကိုင်၊ စီးပွားရေးကောင်းမယ့်နှစ် ဖြစ်တယ်။ နေရာ၊ အခွင့်အရေးတွေလည်း ရရှိမယ်။ သူများကိစ္စတွေထဲ ဝင်မပါဘဲ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ရမယ်။ ဝင်ငွေတိုးပေမယ့် အပေးအယူတွေ သတိပြုပါ။ နှလုံးသားရေးမှာ ဝမ်းနည်းစရာတွေ ဖြစ်ပျက်လာနိုင်တယ်။ အသေးအဖွဲ ကျန်းမာရေးအညံ့လေးတွေ ဖြစ်မယ်။

မြင်း (1930, 1942, 1954, 1966, 1978, 1990, 2002, 2014) - အရင်က အဆင်မပြေခဲ့သမျှတွေကို ဒီနှစ်မှာ ဖြေရှင်းအောင်မြင်လိမ့်မယ်။ ဒါပေမယ့် ဒီနှစ်မှာ ငွေကြေးကိစ္စ မှားယွင်းတတ်လို့ သတိထားလုပ်မှ ဖြစ်လိမ့်မယ်။ ရှိတာလေးတွေ အကုန်ထုတ်ရင်းတာထက် ထိန်းလုပ်တာ ပိုကောင်းမယ်။ အဖွဲ့အစည်းကိစ္စနဲ့ အစုရှယ်ယာကိစ္စ အဆင်ပြေမယ်။ အချစ်ရေးမှာ ကြားလူဝင်တတ်တယ်။ ကျန်းမာရေးက သာမန်ထက် နည်းနည်း ညံ့နိုင်တယ်။

ဆိတ် (1931, 1943, 1955, 1967, 1979, 1991, 2003, 2015) - ဘဝမှာ ထင်ရှားတဲ့ အပြောင်းအလဲတွေကို ကြုံလာနိုင်တယ်။ ဖြစ်သမျှ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ အလုပ်၊ နေရာ၊ ဌာနတွေ ပြောင်းလဲသွားလိမ့်မယ်။ ငွေကြေးကိစ္စမှာ စောင့်နိုင်မှ အကျိုးရှိမယ့်နှစ် ဖြစ်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ဆုံဆည်းရတတ်ပြီး အချစ်ရေးမှာလည်း မတူကွဲပြားတာတွေ ဖြစ်လာမယ်။ ဆွဲဆောင်အား ကောင်းနေမယ်။ ကျန်းမာဘေးကင်းမယ်။

မျောက် (1932, 1944, 1956, 1968, 1980, 1992, 2004, 2016) - အနိမ့်အမြင့် အတက်အကျ များတတ်ပြီး မမျှော်လင့်တာတွေကိုလည်း ကြုံတွေ့မယ့်နှစ် ဖြစ်တယ်။ အရင်နဲ့မတူဘဲ မေ့လွယ်နေလို့ သတိထားရလိမ့်မယ်။ သူတပါးပြဿနာတွေကို ကြားဝင်ရှင်းရမယ်။ အလုပ်၊ စီးပွား ငွေကြေးကံဇာတာ အတော်သင့် ကောင်းမွန်မယ်။ မေတ္တာရေးမှာလည်း အိုကေစိုပြေဖို့ ရှိတယ်။ ကျန်းမာရေးမှာ ဓာတ်မတည့်တာ၊အစားမှားဆေးမှားတာ ဖြစ်မယ်။

ကြက်ဖ (1933, 1945, 1957, 1969, 1981, 1993, 2005, 2017) - အဘက်ဘက်က တိုးတက်မှုတွေ ဖြစ်ပြီး အခွင့်အရေးတွေလည်း ရရှိလာလိမ့်မယ်။ ကိုယ်လုပ်သမျှကိုလည်း အများက အသိအမှတ်ပြုချီးမြှောက်ကြမယ်။ ငွေရေးကြေးရေးလည်း ကံကောင်းဖို့ ရှိတယ်။ အကျိုးတူကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သင့်တယ်။ အချစ်နဲ့ အိမ်ထောင်ရေးမှာတော့ စိတ်ရှုပ်စရာတချို့ ကြုံရမယ်။ ကျန်းမာရေး ကောင်းပေမဲ့ မတော်တဆမှု သတိထားပါ။

ခွေး (1934, 1946, 1958, 1970, 1982, 1994, 2006, 2018) - အငြင်းပွားစရာတွေ၊ ပဋိပက္ခလေးတွေ ရှိပေမဲ့ ဒီနှစ်မှာ အလုပ်ကံဇာတာ ကောင်းမယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ စကားအသုံးအနှုန်း သတိထားရမယ်။ အလုပ်အကိုင် ကောင်းပေမဲ့ ငွေအသုံးအစွဲ များပြီး စုမိဆောင်းမိ မဖြစ်ဘဲ နေမယ်။ ပျော်ရွှင်အမှတ်စရာဖြစ်မယ့် ပွဲတွေ လုပ်ရမယ်။ အချစ်ရေး စိတ်ချမ်းသာရလိမ့်မယ်။ ကျန်းမာရေးမှာ အစားမှား၊ အစာမကြေတာမျိုး ဖြစ်မယ်။

ဝက် (1935, 1947, 1959, 1971, 1983, 1995, 2007, 2019) - အလုပ်စီးပွားနယ်ပယ်သစ် တိုးချဲ့လာရမယ်။ တနေရာတည်း အငြိမ်မနေရဘဲ အသွားအလာတွေ များလာမယ်။ အလုပ်နဲ့ ပတ်သက်လို့ မျက်ကန်းယုံကြည်မှုနဲ့ ပုံအပ်ထားတာမျိုး ရှောင်ရမယ်။ ငွေအဝင်အထွက် မြန်ဆန်မယ့်နှစ် ဖြစ်လို့ ရင်းနှီးမြှုပ်နှံတာတွေ သတိပြုရမယ်။ မိသားစု၊ ချစ်သူတွေနဲ့ ကင်းကွာတတ်လို့ သူတို့နဲ့ အချိန်ပေးရမယ်။ ကျန်းမာရေးညံ့တတ်လို့ အနားယူဖို့ လိုမယ်။

၂၀၂၁ မှာ တရုတ်ရာသီခွင်အားလုံး ကျန်းမာဘေးကင်း ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ - ဧက (ဗေဒင်သုတ)

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ရာသီခွင်
#နွားထီး
#အချစ်
#ကျန်းမာရေး
#အလုပ်

Some text some message..